Pages

Friday, October 4, 2013

ဖိုးဖိုးဖွားဖွား သတိထားစရာ ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါဆိုတာ အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတယ်။ ဖြစ်ပွားမှုက Alzheimer's ရောဂါပြီးရင် ဒုတိယလိုက်ပါတယ်။လူ့သက်တမ်းဟာ တိုတောင်းလှပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အို၊နာ၊သေဘေးကို ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး။ အိုမင်းယိုယွင်းမှုရဲ့နောက်မှာ ပျက်စီးခြင်းဆိုတာပါလာတယ်။ အသက်ကြီးလာတဲ့အခါ ဦးနှောက်နာ့ဖ်ကြောတွေ ယိုယွင်းပျက်ဆီးလာပါတယ်။  "ပျက်အစဉ် ပြင်မရတာထဲမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါ"တွေလည်းပါတယ်။  လူငယ်သဘောက နှေးကွေးတာကို မကြိုက်ဘူး။ သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှားရှိမှ လူရာဝင်တယ်။ အသက်ကြီးတဲ့အခါ လေးတိလေးကန်သွားနေတဲ့အခါ စိတ်မရှည်ချင်ဘူး။ အမှန်က လှုပ်ရှားမှုနှေးကွေးတာ ဇရာသဘောပါ။ ဆေးပညာအရ အာရုံခံကြောတွေ ပျက်ဆီးလာတဲ့အခါ ဒီလိုပဲ တုန်တုန်ရီရီနဲ့ လေးလံလာတယ်။ နှေးကွေး၊လေးလံမှုနဲ့ ဇရာသဘောကို ဆောင်တဲ့ရောဂါတွေထဲမှာ ပါကင်ဆန်ရောဂါလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဆိုတာက slow progressive degenerative diseaseတဖြည်းဖြည်း ပိုဆိုးလာတဲ့ရောဂါမျိုး ဖြစ်ပါတတယ်။ အသက်၆၀ကျော်ရင် ဖြစ်ဖို့ရာခိုင်နှုန်းက ၁ရာခိုင်နှုန်း၊ ၈၀ကျော်အရွယ်မှာ ၂-၄ရာခိုင်နှုန်းရှိတယ်။ အသက်၅၀မတိုင်မှီ ရောဂါဖြစ်သူ ၁၀ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ဆခွဲလောက် ပိုအဖြစ်များတယ်။ 

ပါကင်ဆင်ရောဂါ ဘာ့ကြောင့် ဖြစ်ရလဲ။
ဘာ့ကြောင့်မှန်းတိတိကျကျမသိရသေးဘူး။ သိရတဲ့သီအိုရီတခုက ဦးနှောက်ထဲမှာ dopamineပမာဏ လျှော့နည်းလာလို့ ဖြစ်ရတယ်။ အလယ်ဦးနှောက်(mid brain)မှာ ရှိတဲ့ subatantia nigraမှာ dopamine ထုတ်တဲ့ နာဖ့်ဆဲလ်တွေ တဖြည်းဖြည်းယိုယွင်းပျက်ဆီးလာလို့ လက္ခဏာတွေပေါ်ပေါက်လာတယ်။ dopamineပမာဏ နည်းလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ ပိုဆိုးလာတယ်။ နောက်တွေ့ရှိတာတခုက ပုံမှန်မဟုတ်တဲ့ lewy bodyလိုမျိုးကို ပါကင်ဆန်ရောဂါမှာ တွေ့ရှိရတယ်။ lewy bodyဆိုတာ alpha-synuclein လို ပရိုတင်းတွေ နာ့ဖ်ကြောထဲမှာ ပုံမှန်မဟုတ်ပဲ စုနေတာမျိုး ဖြစ်ပါတယ်။ အဏုကြည့်မှန်ဘီလူးအောက်မှာသာ တွေ့ရှိရတယ်။ နောက်ပိုင်းလေ့လာမှုတွေအရ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တာ တွေ့ရတယ်။ မိဘမျိုးရိုးရှိရင် ဖြစ်နှုန်းက ၂ဆ တက်သွားတယ်။ မျိုးရိုးကြောင့်ဖြစ်ရင် အသက်၅၀အောက်တွေမှာ တွေ့နိုင်တယ်။စိတ်ဖိစီးမှုများသူ၊ခေါင်းထိခိုက်ဖူးသူ၊carbon monoxide၊manganese အဆိပ်သင့်သူတွေမှာ အဖြစ်များတယ်။ အပင်ပိုးသတ်ဆေးအကိုင်များတဲ့ ကျေးလက်နေပြည်သူတွေလည်း အဖြစ်များကြတယ်။

ပါကင်ဆန်ရောဂါရဲ့ သမိုင်းကြောင်း
၁၈၁၇မှာ ဂျိမ်းပါကင်ဆန်(James parkinson)က ရောဂါလက္ခဏာတွေကို စတင်ဖော်ပြခဲ့လို့ parkinson diseaseပါကင်ဆန်ရောဂါ၊parkinsonismပါကင်ဆန် လက္ခဏာဆိုပြီး ဖြစ်လာတယ်။၁၉၁၁ကတည်းက levodopa စတင်ပေါ်ပေါက်ခဲ့တယ်။ ဆေးပေါ်စမှာဘယ်သူမှ စိတ်မဝင်စားကြဘူး။ ၁၉၁၂မှာ Frederic Lewyက ဦးနှောက်တွင်းမှာ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေ့လာလို့ Lewy bodyဆိုတာ ဖြစ်လာတယ်။၁၉၅၀မှာ ပါကင်ဆန်ရောဂါနဲ့ dopamineဆက်စပ်တာ သိရှိခဲ့တယ်။၁၉၉၇မှ alpha-synuclein ဆိုတာ lewy bodyရဲ့ အစိတ်အပိုင်းတခုဆိုတာ တွေ့ရှိခဲ့တယ်။ 

ရောဂါလက္ခဏာများ
Parkinsonရောဂါမှာ အဓိကလက္ခဏာရပ်(၄)ခု ရှိပါတယ်။အထူးသဖြင့် လှုပ်ရှားမှုကို သက်ရောက်စေတယ်။ 
၁။ခြေတွေ၊လက်တွေ တုန်တုန်ရီရီဖြစ်လာတယ်။နားနေတဲ့အချိန်မျိုးမှာ ပိုသိသာလို့ resting tremorလို့ ခေါ်ပါတယ်။ စိတ်လှုပ်ရှားမှုလွန်ကဲလာတဲ့အခါမျိုးမှာလည်း လက်ချောင်းလေးတွေ တုန်လာတတ်တယ်။ ဒါပေမယ့် ၃၀ရာခိုင်နှုန်းဟာ ဖြစ်စမှာ မတုန်ဘဲ ရောဂါပိုဆိုးလာတဲ့အခါမျိုးမှာ စပြီးတုန်လာတယ်။  ဖြစ်စမှာ တစ်ဖက်၊နောက်ပိုင်းမှာ အခြားဖက်ပါဖြစ်တာတွေ့ရတယ်။ အိပ်နေတဲ့အချိန်၊လှုပ်ရှားတဲ့အခါမျိုးမှာ ခြေလက်တုန်တာက ပျောက်သွားတယ်။
၂။ကြွက်သားတွေ ကွေးဆန့်လို့ မရအောင် တင်းနေတတ်တယ်။ကြွက်သားတွေ တင်းနေတာကြောင့် အဆစ်နေရာပါ နာလာတတ်တယ်။ခြေလက်တွေ တင်းမလာခင် လည်ပင်း၊ဂုတ်ကျော စတဲ့နေရာမှာ အရင်တောင့်တင်းလာတတ်တယ်။ရောဂါဆိုးလာတာနဲ့အမျှ တကိုယ်လုံးကြွက်သားတွေမှာ ဖြစ်လာပြီး လှုပ်ရှားနိုင်စွမ်း ကျဆင်းလာတယ်။ ခြေထောက်တင်မက လက်လွှဲလျှောက်ရတာ ခက်ခဲလာတယ်။ စမ်းကြည့်တဲ့အခါ ပိုက်လိုင်းလို တောင့်တင်းတာ တွေ့ရတယ်။
 ၃။လှုပ်ရှားမှုပိုင်း နှေးကွေးလေးလံလာတယ်။အကျီင်္ီဝတ်တာ၊တံမြက်စည်းလှည်းတာကအစ နေ့စဉ်အလုပ်တွေမှာ ထိခိုက်လာတယ်။
၎။လှုပ်ရှားပုံ၊လမ်းလျှောက်ပုံ မမှန်တော့ဘူး။ လမ်းလျှောက်ဖို့တင်မက နောက်ဆုံးမှာ မတ်တပ်ရပ်ဖို့ အနိုင်နိုင်ဆိုတာမျိုးထိ ဖြစ်လာတယ်။ ကိုယ်ပိုင်ရပ်တည်ဖို့ပါ ခက်ခဲလာတယ်။ ယိုင်တိ၊ယိုင်တိုင်ဖြစ်လာပြီး အခန့်မသင့်တဲ့အခါ လဲကျတာမျိုး ဖြစ်လာတယ်။ နောက်ဆက်တွဲအနေနဲ့ အရိုးကျိုးတာ၊အက်ရုံမျှမက  အိပ်ရာထဲမှာ လှဲနေရတတ်တယ်။

ပါကင်ဆန်ရဲ့ တခြားလက္ခဏာများ
မှတ်ဥာဏ်တဖြည်းဖြည်း ကျဆင်းလာတယ်။စိတ်အာရုံစူးစိုက်ရတဲ့ သာမန်အလုပ်တွေမှာ ခက်ခဲလာတယ်။စာရေးတဲ့အခါ လက်ရေးမညီတတ်ဘူး။ နေ့၊ည မမှန်တော့ဘူး။ ညအိပ်မပျော်ပေမယ့် နေ့ခင်းပိုင်းမှာ အိပ်ချင်လာတယ်။ ဆီးမထိန်းနိုင်တာရှိနိုင်သလို ဝမ်းချုပ်တာအဖြစ်များတယ်။မျက်စိဝေဝါးရုံမက အာရုံခံစားမှုအပိုင်းမှာ လျှော့ကျလာတယ်။ ထင်ရောင်ထင်မှားဖြစ်ပြီး စကားပြောတဲ့အခါ ဗလုံးဗထွေး ဖြစ်လာတယ်။ ပြုံးတာ၊ရယ်တာ ကင်းမဲ့လို့ expressionless faceလို့ခေါ်ပါတယ်။မျက်တောင်ခတ်တဲ့အကြိမ်ရေ လျှော့လာတယ်။ အရေပြားမှာ အာရုံခံစားမှု အားနည်းလို့ ထုံတာ၊ကျဉ်တာ၊စပ်ဖျင်းဖျင်းနေတာမျိုးရှိတယ်။ စကားပြောတာကအစ မှတ်ဥာဏ်၊စိတ်ခံစားမှု၊အပြုအမူ၊အတွေးအခေါ်တွေကအစ အကုန်ပြောင်းလဲသွားတတ်တယ်။ အဆိုးဆုံးက အားကိုးရာမဲ့သလိုဖြစ်ပြီး စိတ်ဓာတ်ကျလာ၊ပိန်လာပြီး နောက်ဆုံးမှာ အိပ်ရာထဲ ဘုံးဘုံးလဲသွားတတ်တယ်။ 

ပါကင်ဆန်ရောဂါကို ကုသဖို့လွယ်သလား။
ကုသဖို့ မလွယ်သလို ကာကွယ်လို့လည်း မရသေးပါဘူး။ လက်ရှိချိန်ထိ ရောဂါလက္ခဏာတွေ သက်သာရုံသာ တတ်နိုင်တယ်။ ဖြစ်တဲ့လက္ခဏာက နေ့စဉ်လှုပ်ရှား၊သွားလာမှုကို ဒုက္ခစပေးပြီဆိုမှ ဆေးပေးပါတယ်။ ဆေးပေးတဲ့အခါ အသက်အရွယ်ပေါ်လိုက်ပြီး မတူညီတတ်ဘူး။ အသက်၅၀အောက်ဖြစ်ရင် dopamine receptorကို လှုံ့ဆော်တဲ့ dopamine agonistတွေ ပေးရတယ်။ropinirole၊carbagolineစတဲ့ဆေးတွေက ဦးနှောက်ဆဲလ်တွေကတဆင့် dopamineထွက်လာအောင် လုပ်ဆောင်ပေးတယ်။ လှုပ်ရှားသွားလာမှုကို လွယ်ကူချောမွေ့စေတယ်။ ဆေးပေးစကာလတွေမှာ ပျို့အန်ချင်တာ ဖြစ်တတ်လို့ အအန်ပျောက်ဆေးမျိုးနဲ့ တွဲပေးရတယ်။ အသက်၅၀အထက်မှာ levodopaလို ဆေးမျိုးကို စတင်သုံးစွဲနိုင်တယ်။ ဦးနှောက်ထဲမှာရှိတဲ့ နာ့ဖ်ဆဲလ်ကနေ dopamine အဖြစ်ပြောင်းပေးတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းစေဖို့ carbidopa၊benserazideလို ဆေးမျိုးနဲ့ တွဲသုံးပေးရတယ်။ ဆေးပေးစမှာ သိသိသာသာသက်သာပေမယ့် အချိန်ကြာတာနဲ့အမျှ အာနိသင်ကျလာတယ်။ ဆေး၅နှစ်လောက်ပေးတဲ့အခါ ၅၀ရာခိုင်နှုန်းမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်တယ်။ လက္ခဏာရပ်ပေါ်မူတည်ပြီး MAOI၊anticholinergic၊beta blocker၊amantadine လိုတခြားဆေးတွေလည်း ပေးနိုင်ပါတယ်။ရောဂါဆိုးလာတဲ့အခါမျိုးမှာ နောက်ဆုံးပိတ်deep brain stimulationဆိုတဲ့ခွဲစိတ်နည်းကို သုံးကြတယ်။ pacemakerကို ရင်ဘတ်နံရံထဲမှာ  မြှုပ်ထားပြီး ဦးနှောက်ထဲမှာ electrodeကို ဝါယာကြိုးမျှင်နဲ့ လှုံ့ဆော်တဲ့နည်းမျိုးကို အသုံးပြုကြတယ်။ pacemakerက လျှပ်စစ်စီးကြောင်းထွက်လာပြီး ဦးနှောက်electrodeကို လှုံ့ဆော်လို့ လက္ခဏာတွေ သက်သာလာတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်လိုအပ်လာသလို လူတိုင်းနဲ့မသင့်တော်ဘူး။ ရေရှည်မှာ စိတ်ချရလား မသေချာသေးဘူး။ ပါကင်ဆန်ရောဂါကို အနောက်နိုင်ငံတွေမှာ physiotherapy, occupational therapy၊ speech therapyစတဲ့နည်းတွေနဲ့ ပူးတွဲကုသပေးရတယ်။ 

ပါကင်ဆန်ရောဂါအတွက် အကြံပြုချက်
-အမျှင်ဓာတ်ပါတာ များများစားပါ။
-အဆီပါ အစားအစာ ရှောင်ပါ။
-သကြား၊ဆား မျှတရုံသာ စားပါ။
-ရေ ၁-၂ဗူး သောက်ပါ။
-ကော်ဖီ၊လက်ဖက်ရည်ရှောင်ပါ။
-အင်တီအောက်ဆီးဒင့်ကြွယ်ဝတာတွေ စားပေးပါ။
-ဆာဒင်း၊တူနာငါးမျိုးပိုစားပေးပါ။
-အသေးစား လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
-တရားထိုင်တာ၊ယောဂကျင့်တာမျိုး လုပ်နိုင်တယ်။
-အပေါင်းအဖော်များနဲ့ စကားပြောပါ။
-ရယ်စရာမောစရာလေးတွေနဲ့ ဘဝအမောဖြေပါ။
စိတ်အားငယ်နေတာကို ပတ်ဝန်းကျင်က အားပေးထောက်ကူမှု ပေးရပါတယ်။ ဆရာဝန်တင်မက အတူနေမိသားစုက ပိုအရေးကြီးတယ်။သက်ကြီးထောက်ကူပြုအဖွဲ့အစည်းတွေများလာတာ ဒီလိုရောဂါအတွက် ကောင်းကျိုးပြုပါတယ်။ သင့်အိမ်မှာ ဒီလိုရောဂါသည် အဖိုးအဖွားတွေရှိရင် ဂရုစိုက်ပါ။မိဘဘိုးဘွားတင်မက တချိန်မှာ ကိုယ်တိုင်လည်း ဒီရောဂါ ခံစားရနိုင်တယ်။  သက်ကြီးရွယ်အိုများကို ကူညီခြင်းဖြင့် လောကကြီးကို မေတ္တာဓာတ်နဲ့ အရောင်လွှမ်းနိုင်ကြပါစေ။ 

ဒေါက်တာ အေးမင်းထူး
Health Care Journal(4.10.13)

No comments:

Post a Comment