Pages

Tuesday, February 4, 2014

ဂနိုရောဂါ ကာကွယ်ခြင်းဖြင့် နိုင်ယူပါ

ဒီတပတ်ဘာရောဂါအကြောင်း ရေးရမလဲစဉ်းစားနေတုန်း ရုတ်တရက်ဖုန်းထမြည်လာတယ်။ အဝင်callကို ကြည့်လိုက်တော့ သူငယ်ချင်းတယောက်စီကပါ။ "ငါ့သူငယ်ချင်းတယောက် ယောကျာင်္းလိင်အင်္ဂါက အဖြူရည်တွေဆင်းနေလို့ ။ညှစ်လိုက်ရင် အဖြူရည်ပြစ်ပြစ်တွေ ထွက်လာတယ်။ အဲဒါဘာဖြစ်တာတုန်း။ ပြီးတော့ သူသောက်တဲ့ရေနွေးခွက်ကို ငါလည်းသောက်မိတယ်။ အဲဒါကူးစက်နိုင်လား။ ဘာဆေးသောက်ရမလဲ။ ကူညီစမ်းပါဦးကွာ"တဲ့။ "ဒါဆိုလည်း ငါ့ဆေးခန်းလာခဲ့လေ၊ဖုန်းထဲကပြောလို့မကောင်းဘူး။ ရောက်မှပြောကြတာပေါ့"ဆိုပြီး ဖုန်းချလိုက်တယ်။ သိပ်မကြာပါဘူး ။ မောင်မင်းကြီးသားက ရေးကြီးသုတ်ပြာနဲ့ ရောက်လာတယ်။ ဝင်ဝင်ချင်း "ဟေ့ကောင်။ ငါဘာဆေးသောက်ရမှာလဲ။ငါ့လည်း ကူးပြီထင်တယ်"ဆိုပြီး ကြောက်အားလန့်အား ရေရွတ်တော့တယ်။ ဒါနဲ့ လက်ကာပြပြီး "နေပါဦး၊ငါ့ကိုလည်း အကြောင်းစုံပြောပြပါဦး"ဆိုမှ ဒီလိုပြောပြတယ်။
လွန်ခဲ့တဲ့လေး၊ငါးရက်လောက်က ငါ့သူငယ်ချင်းတယောက် အပျော်အပါးသွားရှာတယ်။ ပြီးတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတယ်။ ဒီနေ့မနက် သူ့အင်္ဂါထိပ်ကိုညှစ်ကြည့်လိုက်တော့ ပြည်လိုလို အရည်နှစ်တွေ ထွက်နေတယ်။ အဲဒါ ဘာဖြစ်တာလဲဆိုပြီး ဖုန်းဆက်လို့ ငါလည်းမင်းကိုပြန်မေးရတာ။ ပြီးတော့ ငါလည်း သူသောက်တဲ့ရေနွေးခွက်ကို သောက်မိတယ်။ ငါ့ကိုများကူးမှာလား၊ပြီးတော့ ငါဘာဆက်လုပ်ရမလဲ။ ဘယ်လိုကုရမလဲ လာတိုင်ပင်တာပါ။အမှန်တော့ ကျွန်တော့်ကို လာမေးတဲ့သူငယ်ချင်းကလည်း ဆရာဝန်ပါပဲ။ ဆေးပညာမလိုက်စားပဲ အခြားစီးပွားရေးကိုပဲ လုပ်နေတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘယ်ကိစ္စဘဲဖြစ်ဖြစ် ကျွန်တော့်ဆီ အကူအညီတောင်းလေ့ရှိပါတယ်။ ဝမ်းလျှောတာကအစ ဖုန်းဆက်ပြီး လှမ်းမေးတတ်တယ်။ ဒီနေ့တော့ ဆေးခန်းထဲထိကို ရောက်လာပြီး သူ့ဒုက္ခကို ပြောပြတယ်။ 

သူပြောပုံအရ ဖြစ်နိုင်ချေတွေးကြည့်ရင် STDခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေထဲက တခုဖြစ်ဖို့များနေပါပြီ။ တခြားလက္ခဏာတွေဖြစ်တဲ့ ယားလား၊ဆီးပူဆီးအောင့်ရှိလား၊အနာရှိလားမေးတော့ ဆီးပူဆီးအောင်ဘဲရှိတယ်။ တခြားဟာတော့ မရှိဘူး။ ဖျားလည်း မဖျားဘူး။ လက္ခဏာတွေအရ gonorrhoea(ဆီးပူညောင်းကျရောဂါ)နဲ့ ဆင်တူတယ်။အဲဒီတော့ လက်ရှိအဖြစ်များပြီး လူငယ်တွေကြားမှာ HIV နီးတူ ရေပန်းစားနေတဲ့ ဂနိုရီးယားရောဂါပိုးအကြောင်းကို တင်ပြပေးပါမယ်။ ပြီးမှစာဖတ်သူများအနေနဲ့ ရောဂါရှိသူသောက်တဲ့ရေနွေးခွက်ကို သောက်ခြင်းဖြင့် ရောဂါကူး၊မကူး အဖြေညှိပေးစေချင်ပါတယ်။

အရပ်လူတွေ ဂနိုလို့ အလွယ်ခေါ်တဲ့ gonorrhoea ရောဂါဟာ ဗက်တီးရီးယားပိုး တမျိုးကြောင့် ဖြစ်ရတာပါ။ ဖြစ်တဲ့ရောဂါပိုးနာမည်က "Nisseria Gonorrhoeae"တဲ့။ နာမည်လေးက လှသလိုလိုပါပဲ။ လှသလောက် ရက်စက်တတ်တယ်။ အကယ်၍မကုဘဲထားရင် ကလေးမရဘဲ မြှုံသွားတတ်တယ်။ဂနိုက STIခေါ်တဲ့လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေထဲ တခုအပါအဝင်ပဲ။ အရင်က STD(sexually transmitted disease) လို့ခေါ်ကြသလို လက်ရှိချိန်ထိလည်း တော်တော်များများက STDလို့ပဲ အစွဲပြုခေါ်ကြတယ်။ ၁၉၉၀မတိုင်မှီက STDကို venereal diseaseလို့ သတ်မှတ်ခဲ့ကြတယ်။ venereal ဆိုတာ လက်တင်ဘာသာ"veneris"က လာတာ။ ရောမအချစ်နတ်သမီး Venus "ဗီးနပ်စ်"ဆိုတာ အားလုံးကြားဖူးကြမှာပါ။ အဲဒီ Venus နတ်သမီးမှ venerealဆိုတာ ဖြစ်လာတာပါ။ အဲဒီတော့ အချစ်နတ်သမီးပြုစားလို့ ဖြစ်တဲ့ရောဂါဆိုလည်း မမှားဘူး။

အဏုကြည့်မှန်ဘီလူးအောက်မှာကြည့်ရင် ပန်းရောင် ကျောက်ကပ်ပုံ ပဲစေ့နှစ်စေ့ ပေါင်းထားသလို အစုံလိုက်တွေ့ရတယ်။ ဘယ်လိုကူးသလဲဆိုရင် အချစ်ကြီးတဲ့သူတွေမှာ ကူးစက်နိုင်တယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်တယ်။ ဒါမှမဟုတ် လိင်ဆက်ဆံဖက်များရင်လည်း ကူးစက်တတ်တယ်။သဘာဝနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံသူတွေမှာ ပိုအဖြစ်များတယ်။ယောကျာင်္းမှာ ရောဂါရှိရင်ဆက်ဆံဖက်အမျိုးသမီးကို ကူးစက်ဖို့ အခွင့်အလန်း (၇၀)ရာခိုင်နှုန်းရှိတယ်။ အမျိုးသမီးမှာရောဂါရှိရင် ဆက်ဆံဖက်အမျိုးသားကို ကူးစက်ဖို့ (၃၀)ရာခိုင်နှုန်း ရှိတယ်။ဒါ့ကြောင့် အပျော်အပါးအတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးလို အကာအကွယ်သုံးပြီး လိင်ဆက်ဆံသင့်တယ်။ ရောဂါပိုးရှိတဲ့အမေကနေ ကလေးမွေးဖွားစဉ် ကူးစက်တတ်တယ်။ ကလေးမွေးဖွားလို့ကူးစက်ရင် ophthalmic neonatorum တဲ့။ဆေးထိုးအပ်မျှဝေသုံးစွဲခြင်းမှလည်း ကူးစက်တတ်ပါတယ်။ သို့ပေမယ့် ပုံမှန်ထိတွေ့ကိုင်တွယ်ခြင်း၊ရောဂါရှိသူရဲ့ အသုံးအဆောင်တွေ သုံးစွဲခြင်းဖြင့် မကူးစက်နိုင်ပါဘူး။ 

ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ပြီး (၂)ပတ်အတွင်း ပြသတတ်တယ်။ အမျိုးသားမှာဖြစ်ရင် လိင်အင်္ဂါထိပ်မှ အဖြူရည်ပြစ်ပြစ်တွေ ထွက်တတ်ပါတယ်။ တခါတရံ အဝါရည်၊အစိမ်းရည်စသည်ဖြင့် အမျိုးမျိုးပါပဲ။ အနံ့နံတယ်။ဆီးသွားရင် ဆီးပူ၊ဆီးအောင့် ဖြစ်တတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ (စအို)လိင်ဆက်ဆံသူတွေမှာ စအိုတဝိုက် ယားယံတာ၊ရောင်ရမ်းတာ ရှိတတ်တယ်။ အမျိုးသမီးတွေမှာ ဖြစ်ရင် ဆီးသွားတဲ့အခါ နာတယ်။အင်္ဂါစပ်မှာယားတယ်။ အနီစက်တွေ ထွက်လာတယ်။ ဖျားတယ်။ တကိုယ်လုံးကိုက်ခဲနေတယ်။ တခါတရံ ဗိုက်နာမယ် စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့လူနာတွေကျ ဘာရောဂါလက္ခဏာမှ မပြဘဲရှိတတ်တယ်။ ရောဂါရှိ၊မရှိ စမ်းသပ်ချင်ရင် အထူးပြုလုပ်ထားတဲ့ ဂွမ်းစနဲ့ အင်္ဂါစပ်က ထွက်လာတဲ့အရည်ကိုယူပြီး အဏုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေးနိုင်တယ်။ ဒီနည်းကို ရောဂါအမည်တပ်ဖို့ အသုံးပြုနိုင်တယ်။

ဂနိုဖြစ်ပြီး မကုဘဲထားရင် ဦးနှောက်ပိုးဝင်တာမျိုး၊နှလုံးအတွင်းမြှေးရောင်ရမ်းတာမျိုး၊ခြေလက်ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။အခန့်မသင့်ရင် သားဥပြွန်ရောင်ပြီး ပိတ်သွားတဲ့အခါ မြုံတာမျိုးအထိ ဖြစ်တတ်ပါတယ်။ မကုဘဲထားရင် ဆိုးကျိုးတွေ ပေါ်ပေါက်လာတတ်တာကြောင့် အချိန်မှီဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရောဂါဖြစ်တဲ့အခါ ဆေးမှီးတိုနဲ့မကုဘဲ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရှက်ကြောက်နေမယ်ဆိုရင် ရောဂါပိုဆိုးလာဖို့သာ ရှိပါတယ်။ ထို့အတူ ကုသတဲ့အခါ မိမိနဲ့ဆက်ဆံဖက်ကိုပါတပြိုင်နက်ကုသဖို့ လိုအပ်ပါလိမ့်မယ်။ ပြောခဲ့သလို အမျိုးသမီးတွေမှာရောဂါလက္ခဏာမပေါ်ဘဲ ဖြစ်တတ်တာကြောင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ထပ်ဆင့်ကူးစက်ခြင်းမျိုး မဖြစ်မှာဖြစ်ပါတယ်။ 

ကုသမှုပိုင်းမှာ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ယခင်က cifran 500mg  တကြိမ်နဲ့ azithromycin 1G တကြိမ်ထဲသာ သောက်ခိုင်းတယ်။Cifran အစား cephalosporin သုံးချင်တဲ့အခါ Cefixime 400mg သောက်ဆေး တကြိမ်ထဲသာ လိုအပ်တယ်။ သို့သော် လေ့လာချက်တွေအရ Cefixime resistance ဆေးမတိုးတဲ့ပြဿနာဟာ လူငါးယောက်မှာ တယောက်နှုန်းတွေ့နေရတယ်။ အလားတူ failure rate တွေ များလာတယ်။ အခုနောက်ဆုံးတွေ့ရှိချက်တွေအရ ceftriazone 125mg အသားဆေး(IM)ထိုးပြီး azithromycin 1G ကို တကြိမ်ထဲ သောက်ပေးရုံနဲ့ သက်သာပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

ဆေးကုတဲ့အခါ လိင်ဆက်ဆံမှုကို အနည်းဆုံး တပတ်ရှောင်ကြဉ်သင့်တယ်။ မရှောင်နိုင်ရင် အကာကွယ်သုံးဖို လိုအပ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုး မခံစားရအောင် စောစောကုသဖို့ လိုအပ်ပါတယ်။ကုသမှုမလုပ်ရင် တင်ပဆုံကွင်းအတွင်းအင်္ဂါရောင်ရမ်းခြင်း၊ဦးနှောက်အမြှေးရောင်ခြင်း၊နှလုံးအတွင်းမြှေးရောင်ခြင်း၊ခြေဆစ်လက်ဆစ်ရောင်ခြင်း၊မျိုးပွားအင်္ဂါရောင်ရမ်းခြင်းမျိုး ဖြစ်တတ်တယ်။ တခါတရံ ရှက်ကြောက်တာလေးတခုကြောင့် အခန့်မသင့်ရင် မျိုးဆက်ပါ ပြတ်သွားတတ်တယ်။

"ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏" ဆိုတာအလွန်မှန်တဲ့ ဆိုရိုးစကားပါ။လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးပြီး ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်တယ်။အလွယ်ဆုံးနည်းက ကွန်ဒုံးအသုံးပြုခြင်းပါ။ ကွန်ဒုံးသုံးလို့ ဟိုလူတမျိုးထင်မှာ၊ဒီလူတမျိုးထင်မှာ စိုးတာလည်း ရှိတတ်ကြတယ်။ ကွန်ဒုံးသုံးခြင်းက ရှက်စရာကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးအသိရှိခြင်းပါ။ 
ကွန်ဒုံးဆိုတာ သားဆက်ခြားနည်းတွေထဲက တခုသာဖြစ်ပါတယ်။ သုံးစွဲနည်းမှန်ကန်ရင် ၉၈ရာခိုင်နှုန်းထိ စိတ်ချရတယ်။ သုံးတဲ့အခါ expire date(ဒိတ်လွန်တာ)နဲ့  အပေါက်အပြဲ စစ်ဆေးကြည့်ရှုရပါမယ်။လိင်ဆက်ဆံဖက်များရင် အကာအကွယ် မဖြစ်မနေသုံးပါ။သဘာဝနဲ့ ဆန့်ကျင်တဲ့လိင်ဆက်ဆံနည်းတွေက ဂနိုရဖို့အခွငိ့အလန်းပိုများတယ်။ မိမိဇနီး(သို့)ခင်ပွန်းသည်အပေါ် သစ္စာရှိခြင်းဟာ ကောင်းမွန်တဲ့ ကာကွယ်နည်းတခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ခြင်းဖြင့် အနိုင်ယူနိုင်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါရောဂါလည်း အပါအဝင်ဖြစ်လို့ ကာကွယ်ခြင်းဖြင့် နိုင်ယူကြပါစို့......။

ဒေါက်တာအေးမင်းထူး
Health Care journal(16.3.12)

No comments:

Post a Comment