Pages

Sunday, June 29, 2014

အူခေါက်ခြင်းနဲ့ အူထပ်ခြင်း

ဆရာ
အူခေါက်တာနဲ့ အူထပ်တာ အတူတူပါပဲလား ခင်ဗျာ။ အတူတူဆိုရင် ဘာဆက်လုပ်ရမလဲ။ သူ့ဘာသာပြန်ကောင်းနိုင်လား ဖြေကြားပေးပါဆရာ။ 


အူခေါက်တာနဲ့ အူထပ်တာ မတူညီပါ။ အူခေါက်တာက intestinal twistingလို့ ခေါ်ပါတယ်။ volvulus လို့လည်း ခေါ်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ လူငယ်တွေမှာ ပိုဖြစ်တယ်။ အူထပ်တာကိုကျတော့ Intestinal Intussusceptionလို့ ခေါ်တယ်။ အူသိမ်ထက် အူမကြီးမှာအဖြစ်များတယ်။ ကလေးတွေမှာ ပိုတွေ့ရတယ်။ အသက်၃လမှ ၃နှစ်အတွင်း အဖြစ်များတယ်။ လေ့လာမှုတချို့က ယောကျာ်းလေးတွေမှာ ပိုတွေ့နိုင်တယ်လို့ ဆိုတယ်။ 
နှစ်မျိုးလုံးက သွေးလျှောက်အားကို ထိခိုက်စေတယ်။ အူပုပ်တာ၊အူပေါက်တာ ဖြစ်နိုင်တယ်။ ဒီထဲမှာ အူလိမ်တာ၊အူခေါက်တာက ပိုဆိုးတယ်။ ကြာလာရင် အူတွေ သွေးမရတော့ပဲ သုံးမရတော့ဘူး။ ဗိုက်လည်း မခံမရပ်နိုင်အောင် နာကျင်လာတယ်။ 

အူခေါက်ရင် အများအားဖြင့် ခွဲစိတ်ကုသရတယ်။  ခွဲဖို့ အဆင်မပြေတဲ့ လူကြီးတွေမှာ အခြေအနေစောင့်ကြည့်တယ်။ အူမှာ necrosis ရှိရင် သေချာပေါက် ဗိုက်ဖွင့်ပြီး မကောင်းတဲ့အပိုင်းကို ဖြတ်ထုတ်ရတယ်။ ဆေးရုံတက်ရောက်ကုသသင့်တယ်။
အူထပ်တာကျတော့ ကံပိုကောင်းတယ် ပြောရမယ်။ ဗိုက်ကို စမ်းကြည့်ရင် sausage like ဝက်အူချောင်းပုံစံ အချောင်းလိုက် စမ်းမိနိုင်တယ်။ အက်ထရာဆောင်းတို့၊အိတ်စ်ရေးတို့နဲ့ သိရှိနိုင်တယ်။ တချို့က ဘာမှလုပ်ဖို့မလိုပဲ ပြန်ကောင်းသွားနိုင်တယ်။ ကလေးတချို့မှာ air enema ဆိုတာ လုပ်ရတယ်။ တခါတရံ အိတ်စ်ရေးရိုက်တဲ့အခါသုံးတဲ့ barium enemaကို သုံးလို့ရတယ်။ ဓာတ်မတည့်တာ ရှိနိုင်တယ်။ စအိုထဲကို ပိုက်ပျော့တချောင်းထည့်ပြီး အူထဲရောက်အောင် လေထိုးထည့်ရတယ်။ ထပ်နေတဲ့ အူက လေဖိအားနဲ့ ပြန်ဆန့်သွားတယ်။ အပြင်က X rayရိုက်ပြီး ဆက်ကြည့်နေတယ်။ လူနာ ၁၀ယောက်မှာ ၇ယောက်ဟာ ဒီနည်းနဲ့ ပြန်ကောင်းကြတယ်။ ၂၀ရာခိုင်နှုန်းဟာ သက်သာပြီး ၃ရက်အတွင်း ပြန်ဖြစ်နိုင်တယ်။ ပြန်ဖြစ်ရင် ဒီနည်းအတိုင်းဆက်လုပ်ပေးရတယ်။ လူ၁၀၀မှာ ၁ယောက်ဟာ လေဖိအားကြောင့် အူမှာ အပေါက်ငယ်ဖြစ်သွားနိုင်တယ်။ လေတွေက ဗိုက်ထဲဝင်ပြီး ဖောင်းလာနိုင်တယ်။ ဒီအခါ ခွဲစိတ်ပြီး အပေါက်ကို ပြန်ဖာရတယ်။air enema လုပ်လို့ မရရင် ခွဲစိတ်ပြုပြင်ရတယ်။ ဖြစ်နေစဉ် အတောအတွင်း အစာစားလို့မရဘူး။ အကြောဆေးပေးပြီး နှာခေါင်းပိုက်သွင်းရတယ်။ ပိုးသတ်ဆေးကို ရောဂါအခြေနေပေါ်မူတည်ပြီး ပေးရတယ်။ laparotomy ဒါမှမဟုတ် laparoscopic surgery(keyhole) နည်းနဲ့ ကုသလို့လည်း ရတယ်။ ကျွမ်းကျင်မှုရှိဖို့လည်း လိုပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၇.၆.၁၄

No comments:

Post a Comment