Pages

Saturday, December 6, 2014

တားဆေးသုံးရင်း နို့ထွက်နည်းနေရင်

ဆရာ
မေးစရာရှိလို့ပါ။ ကျမကအသက်၂၄ပါ။ ကလေးကအခု ၁၀ လကျော်ပါပီ။ အခု marvelon 28 သောက်နေပါတယ်။ နို့ကအထွက်နည်းနေလို့ပါ။ ကလေးကနို့မှုန့်မသောက်ပါဘူး။ မိခင်နို့ပဲတိုက်တာပါ။ ဆေးနဲ့ဆိုင်မဆိုင်နဲ့ ဆေးအကြောင်း သိချင်ပါတယ်။ ကျမက ပေါင်၁၇၀ပါ။ ဆေးကခုမှတကတ်ပဲ သောက်ရသေးတာပါ။ ပိုဝလာမှာလဲစိုးရိမ်ပါတယ်။အကြံပေးပါဦး


Marvelon ဆိုတာ ဟော်မုန်းနှစ်မျိုးပါ သောက်ဆေးတမျိုးဖြစ်တယ်။ ဒီဆေး သောက်ရင် သတိပြုစရာတွေရှိတယ်။ ဆေးထဲမှာ ပါတဲ့ အီစတိုဂျင်ဟော်မုန်းက နို့ထွက်နည်းစေတယ်။ ဒါ့ကြောင့် နို့တိုက်မိခင်ဖြစ်ရင် ဒီဆေးမသုံးပဲ ဟော်မုန်းတမျိုးပါ တားဆေးကိုသာရွေးချယ်ရတယ်။

ဟော်မုန်းတမျိုးပါ တားဆေးအနေနဲ့ depo ထိုးဆေး၊exluton သောက်ဆေး၊လက်မောင်းထဲထည့်ရတဲ့ implanon နဲ့ သားအိမ်တွင်း ပစ္စည်းထည့်ရတဲ့ သန္ဓေတားနည်း(IUCD) ဆိုပြီး အမျိုးမျိုးရှိတယ်။ မိမိနှစ်သက်ရာကို သုံးနိုင်တယ်။ ဆေးတမျိုးစီမှာ အားနည်းချက်ကိုယ်စီရှိတယ်။ 

• depo ထိုးဆေးက ကြာလာရင် ဝလာတတ်တယ်။ ရာသီတဖြည်းဖြည်း ထိန်သွားပြီး ဆေးဖြတ်ပြီးတာတောင် ချက်ချင်း ကိုယ်ဝန်ပြန်မရတတ်ဘူး။ ပိုမကောင်းတာက တဖြည်းဖြည်းနဲ့ အရိုးသိပ်သည်းဆ အားနည်းလာတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ ၂နှစ်ထက် ပိုမထိုးသင့်ဘူးဆိုတာတွေ ဖြစ်လာတယ်။ 
• သောက်ဆေးအနေနဲ့ mini pill လို့ အလွယ်ခေါ်တဲ့ exlutonလိုဆေးကဒ်တွေက နို့တိုက်မိခင်တွေအတွက်တော့ အထူးသင့်တော်တယ်။ အားသာချက်က ဆေးဖြတ်ပြီး ကိုယ်ဝန်ပြန်ရလွယ်တယ်။ ဒါပေမယ့် အဝလွန်သူတွေမှာ အာနိသင်နည်းတတ်လို့ သတိပြုသင့်တယ်။ 
• လက်မောင်းထဲထည့်ရတဲ့ implanonတားနည်းက ကိုယ်ဝန်တားတဲ့နေရာမှာ အထိရောက်ဆုံးလို့ကို ပြောနိုင်တယ်။ ဒါပေမယ့်လေ့လာမှုအချို့က အဝလွန်သူတွေမှာ အာနိသင်နည်းနိုင်တယ်လို့ ထောက်ပြထားတယ်။ ဥပမာ BMI တွက်ကြည့်လို့ ၃၀ထက်များရင် အာနိသင်နည်းနိုင်တယ်ဆိုတာ တွေ့ရတယ်။ ဒါ့ကြောင့် BMI အရင် တွက်ကြည့်ပါ။ အမေရိကားမှာရှိတဲ့ လူဦးရေရဲ့ ၃ပုံ၁ပုံကတော့ BMI ၃၀အထက်တွေ ဖြစ်ကြတယ်။ 
• နောက်ဆုံးနည်းက သားအိမ်တွင်း ပစ္စည်းထည့်ရတဲ့ IUCD ဆိုတာ ဖြစ်တယ်။ mirena ဆိုတာမှာ progestinဟော်မုန်းတမျိုးပါတယ်။ ဟော်မုန်းနည်းနည်းလောက် ထည့်ထားတယ်။ အားသာချက်က ဒီနည်းက စိတ်ချရသလို ကြာရှည်ခံတယ်။ နို့တိုက်မိခင်တွေနဲ့ သင့်တော်တယ်။ ထုတ်ပြီးတာနဲ့ ကိုယ်ဝန်ချက်ချင်းပြန်ရတယ်။ဒါပေမယ့် သားအိမ်တွင်း ပစ္စည်းထည့်ရတာဖြစ်လို့ ပြုတ်ထွက်တာမျိုးတော့ ဖြစ်နိုင်တယ်။ အခန့်မသင့်ရင် သားအိမ်ပေါက်တတ်တယ်။ 

နည်းအမျိုးမျိုးမှာ အားသာချက်၊အားနည်းချက် ကိုယ်စီရှိပေမယ့် ဆရာဝန်မလိုပဲ အလွယ်ဆုံး ကိုယ်ဝန်တားနိုင်တဲ့နည်းက mini pills ခေါ်တဲ့ exluton သောက်နည်းပဲရှိလိမ့်မယ်။ ဒါ့ကြောင့် လောလောဆယ် ဆေး ပြောင်းသောက်ပါလို့ပဲ အကြံပေးနိုင်တယ်။ ပိုကောင်းချင်ရင် တားနည်းအမျိုးမျိုးရဲ့ အကျိုးအပြစ်ကို နားလည်တတ်ကျွမ်းပြီး စိတ်ရှည်တဲ့ ဆရာဝန်နဲ့ ပြသပြီး မိမိလိုလားချက်တွေကို တိုင်ပင်ဆွေးနွေးတာမျိုးကသာ အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်။ 

(မှတ်ချက်- မေးထားတာတွေက ရေးထားပြီး ဖြစ်ပါတယ်။ 
Exluton http://medicineworldforall.blogspot.com/2014/05/exluton.html
Implanon http://medicineworldforall.blogspot.com/2014/05/blog-post_16.html
Contraceptive patch http://medicineworldforall.blogspot.com/2014/04/blog-post_10.html
မကြာခင် marvelonအကြောင်း တင်ပေးပါ့မယ်။)

ဒေါက်တာ အေးမင်းထူး
၁.၁၀.၁၄

No comments:

Post a Comment