Pages

Monday, February 16, 2015

အီဘိုလာရောဂါ

ဆရာ အီဘိုလာဖြစ်ရင် ကုသလို့ရပါသလား၊ပျောက်ကင်းနိုင်လား၊ကာကွယ်ဆေးကော ရှိပါသလား ဆရာ။ အီဘိုလာဆေးအကြောင်းကို အနည်းအကျဥ်းလောက် ရှင်းပြပေးပါလားခင်ဗျာ။


အီဘိုလာရောဂါသည်တွေမှာ သုံးတဲ့ဆေးတွေရှိပါတယ်။ ZMapp လို့ခေါ်ပါတယ်။ အမေရိကားFDA က အီဘိုလာအတွက် အသိအမှတ်ပြုထားတဲ့ဆေးနှစ်မျိုး ရှိပါတယ်။တခုက ZMappဆေးဖြစ်ပြီး နောက်တခုက TKM-Ebola ဆိုတဲ့ဆေးဖြစ်တယ်။ အနောက်အာဖရိကမှာ
အီဘိုလာဖြစ်တော့ ကာကွယ်ဆေးရော၊ကုသဆေးပါ မရှိဘူး။ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမယ့် တခါမှလူဒီလောက်အများကြီးသေအောင် မဖြစ်ခဲ့ဖူးဘူး။ တကယ်ခံစားရသူတွေကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာမို့ ကူညီမယ့်သူလည်း မရှိရုံမက ဆေးဝါးတွေ စမ်းသပ်ပြီး ထိထိရောက်ရောက် ကုသပေးမဲ့သူမရှိရတာဟာ ဆင်းရဲတဲ့ အာဖရိကတိုင်းပြည်တွေမှာ ကပ်ရောဂါဖြစ်လို့သာဆိုပြီး အမေရိကားနဲ့ အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေကို စကားနာထိုးပါတယ်။ စကားလုံးတွေက ထိရောက်ဟန်တူပါတယ်။ သိပ်မကြာခင် လူတွေမှာ မစမ်းသပ်ရသေးပဲ trialအဆင့်မှာရှိတဲ့ဆေးဝါးကို ရောဂါကူးစက်ခံရသူတွေ ပေးကြည့်ပါတယ်။ တချို့ကတော့ သက်သာလာတယ်။ ဒါလည်း မပြစ်မကင်းပြန်ဘူး။ ဆင်းရဲသူတွေဖြစ်လို့ အာနိသင်ရေရေရာရာမသိသေးတဲ့ ဆေးဝါးကို စမ်းသပ်သုံးစွဲတာဖြစ်တယ်လို့ ဝေဖန်ကြပြန်တယ်။ အာနိသင်နဲ့ စိတ်ချရမှု မသိသေးတဲ့ ဆေးဝါးတခုကို ရောဂါဝေဒနာသည်တွေမှာ အသုံးပြုတာ ဆရာဝန်ကျင့်ဝတ် ethic နဲ့ မညီညွတ်ဖူးလို့ ရှုံ့ချတယ်။လောကသုံးပါးနေထိုင်ရသူတွေခမျာ အပြစ်နဲ့မလွတ်နိုင်ပြန်ပါဘူး။ လက်တွေ့ကျကျပြောရရင် ကုသနိုင်ဖွယ်ရှိတဲ့ ဆေးဝါးလမ်းစရှိလာတာကို ဝမ်းသာရမှာပါ။ ရုတ်တရက် မထင်မှတ်မှတ်ဘဲ အသေအပျောက် များလာတဲ့ရောဂါကို ချက်ချင်းကုသဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး။ ဖြစ်ရင် သေမယ့်ရာနှုန်းများတဲ့ရောဂါတခုမှာ နောက်ဆက်တွဲမသိလို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ဆေးဝါးတွေမပေးဘဲ ဒီအတိုင်း အစတေးခံရမယ်ဆိုတာက ဆရာဝန်ကျင့်ဝတ်နဲ့ ကိုက်ညီတယ်ပေါ့။ တခါတရံ ethic ဆိုတဲ့ စကားလုံး၊စကားကျယ်တွေကို လူနာအကျိုးရှေးရှုပြီး လစ်လျူရှုသင့်ရင် ရှုရမှာပဲ။ အခုရက်ပိုင်းအတွင်းကို သတင်းတွေအရ သေဆုံးသူပေါင်း ၁၀၀၀ကျော်(တချို့ကလည်း ၂၀၀၀)ကျော်ပြီလို့ ဆိုပါတယ်။ 

အာဖရိကမှာ အီဘိုလာဖြစ်တော့ ဆေးတွေအမျိုးမျိုးစမ်းသပ်ထုတ်လုပ်ပါတယ်။ 
ZMapp ဆိုတဲ့ဆေးကို စမ်းသပ် တီထွင်နိုင်ခဲ့တယ်။ ကုမ္ပဏီက Mapp Biopharmaceutical ဖြစ်ပါတယ်။ ဒီကုမ္ပဏီတခုတည်းတော့ မဟုတ်သေးဘူး။အမေရိကန်အစိုးရနဲ့ တခြားအဖွဲ့အစည်းတွေ ပူးပေါင်းပြီးမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီထဲမှာ ကနေဒါ ပြည်သူ့ကျန်းမာရေးဌာန(PHAC)၊Leafbioနဲ့ Defyrus စတဲ့အဖွဲ့အစည်းတွေလည်း ပါတယ်။ ပုံမှန်အားဖြင့် အမေရိကားဥပဒေအရ လူတွေမှာ မစမ်းသပ်ရသေးပဲ စမ်းသပ်အဆင့်ရှိ ဆေးဝါးတွေကို ခွင့်ပြုလေ့မရှိပါဘူး။ သို့သော် အရေးတကြီး လိုအပ်တဲ့ ဖျားနာ လူနာမျိုးမှာတော့ သုံးစွဲဖို့ ခွင့်ပေးထားတယ်။ 

အီလိုလာမှာသုံးတဲ့ ZMapp ဆိုတဲ့ဆေးက ထူးထူးခြားခြားမဟုတ်ပါ။ ဆေးရဲ့သဘောတရားကတော့ အင်တီဘော်ဒီသဘော ခုခံအားသွင်းပြီး တိုက်ဖျက်တာမျိုး ဖြစ်တယ်။ ZMappထဲမှာ monoclonal antibody အီဘိုလာကို ခုခံတိုက်ဖျက်တဲ့ အင်တီဘော်ဒီ သုံးမျိုးပါတယ်။ monoclonal antibodyသုံးမျိုးကို genetic engineering နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတယ်။ MB-003က ရတဲ့ c13C6 နဲ့ ZMAbက ရတဲ့ c2G4 c4G7 အခြေခံအစိတ်အပိုင်းသုံးခုကို စနစ်တကျ ပေါင်းစပ်လိုက်တယ်။ သဘောက သွေးထဲဝင်ရောက်လာတဲ့ ပိုးရဲ့ အင်တီဂျင်(antigen)နဲ့ လူနာကိုယ်ထဲသွင်းထားတဲ့ ဆေးဝါး အင်တီဘော်ဒီ(antibody)တို့ ပေါင်းဖက်ကျေပျက်သွားစေဖို့ ဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့ ZMapp ဆေးကို ရောဂါပိုးကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်တဲ့ Kent Brantly မှာ စမ်းသပ်ကြည့်ပါတယ်။ အီဘိုလာကြောင့် ဖျားပြီး ၉ရက်အကြာမှာ ဒီဆေးကိုပေးကြည့်တဲ့အခါ အခြေအနေတိုးတက်လာတယ်။ ဒီဆေးမပေးခင်က အီဘိုလာကို ခံနိုင်တဲ့ အသက်(၁၄)နှစ်သားရဲ့ သွေးလည်း သွင်းခဲ့ဖူးတယ်။ တခြားအီဘိုလာ ကူးစက်ခံရတဲ့ သူတဦးဖြစ်ပြီး သူနဲ့အတူလုပ်တဲ့ Nancy ကိုလည်း ဒီဆေးပေးကြည့်တဲ့အခါ သက်သာလာတယ်။ ဆေးပေးပြီး အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားပြီး အီဘိုလာအထူးကုဆေးရုံမှာ သေသေချာချာ ကုသပါတယ်။ သိပ်မကြာခင် သက်သာသွားလို့ သြဂုတ်လ ၂၁ရက်မှာ ဆေးရုံကဆင်းတယ်။ သိပ်မကြာခင် အသက် ၇၀ကျော် ခရစ်ယာန် ဘုန်းတော်ကြီးဖြစ်တဲ့ Miguelမှာ ရောဂါကူးစက်ခံရပါတယ်။ အဆိုပါဘုန်းတော်ကြီးကတော့ ကံမကောင်းပါ။ ZMapp ဆေးပေးပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတယ်။ နောက်ကံဆိုးသူတယောက် ကတော့ လိုက်ဘေးရီးယားဆေးရုံက ဆရာဝန် တဦးဖြစ်တဲ့ Abraham Borborဖြစ်ပါတယ်။ ZMapp ဆေးပေးပေမယ့် သက်သာမလာဘဲ ထပ်ဆုံးသွားတယ်။ ဒီနေရာမှာ ဆေးကမကောင်းလို့လားဆိုတာ ဒွိဟပွားစရာပါ။ ဒါပေမယ့် ဆေးကိုချည်းအပြစ်တင်နေတာလည်း ရာနှုန်းပြည့် မမှန်သေးဘူး။ လူနာရဲ့ ခုခံအား၊ရောဂါပိုး ပျံ့ပွားမှုတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။  ဒီပိုးမှမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ တခြားရောဂါတွေမှာလည်း ရာနှုန်းပြည့် ယုံကြည် စိတ်ချရတဲ့ဆေးဆိုတာ မရှိပါဘူး။ ဆေးက အထိရောက်ကြီးမဟုတ်ပေမယ့် သက်သာသူတွေလည်း ရှိတာ အားတက်စရာအချက်ပါ။ အကောင်းဖက်ကတွေးရင် ဆေးရဲ့အာနိသင်က မဆိုးလှပါ။ ဒါပေမယ့် အချိန်ယူပြီး ဆက်လက်လေ့လာဖို့တော့ လိုပါနေသေးတယ်။ လူ့အသက်ကယ်ဖို့ ဆေးတွေ လုံလုံလောက်လောက်ဖြစ်ဖို့ အရေးပေါ် လိုအပ်နေပါတယ်။ လူတွေမှာ မစမ်းသပ်ရသေးလို့ ဆိုတာ ဘေးဖယ်ထား၊သေဆုံးမယ့်သူတွေကတော့ လေ့လာ စမ်းသပ်မှုတွေ ပြီးဆုံးတဲ့အချိန်ထိ ထိုင်စောင့်နေကြမှာ မဟုတ်ပါ။ 

ဘေးထိုင်ဘုပြော လူ့သဘောဖြစ်လို့ မထောင်းသာပါ။ကျင့်ဝတ်ချိုးဖောက်တယ်ဆိုတာမျိုး ဘေးချိတ်ထားသင့်ရင် ထားရမှာပါပဲ။ တခါတရံ လူ့အသက်ထက် ဂုဏ်သိက္ခာတွေ၊ကျင့်ဝတ်ဆိုတာတွေကများ ပိုအရေးပါနေလို့လား မဆီမဆိုင် တွေးမိတယ်။ ဘယ်သူပဲဖြစ်ဖြစ် ရေနစ်နေတဲ့အချိန်မှာ ကောက်ရိုးတမျှင်ကိုတော့ မျှော်လင့်မိကြမှာပါပဲ။ ဝါးကူထိုးသူတွေကိုတော့  မေးကြည့်ချင်မိတယ်။ ဟိုလိုလည်း မလုပ်နဲ့၊ဒီလိုလဲ မလုပ်နဲ့ဆိုတော့ ဘယ်လိုများလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ မေးခွန်းလေးတခုတည်းပါ။ 

ဒေါက်တာ အေးမင်းထူး
၁၀.၉.၁၄

No comments:

Post a Comment