Pages

Tuesday, July 3, 2018

အဖြစ်များတဲ့ သွေးပြန်ကြော အားနည်းခြင်း

ကမ္ဘာပေါ်မှာ လူ (၁၀)ယောက်မှာ (၈)ယောက်ဟာ သွေးပြန်ကြောအားနည်းတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပါတယ်။ သို့သော် အများစုဟာ သတိမပြုမိဘဲ သာမန်ခြေထောင်ရောင်ခြင်းအဖြစ်  ပေါ့ဆ နေတတ်ကြပါတယ်။ ဒီဆောင်းပါးဟာ ကမ္ဘာ့လူဦးရေ သန်း(၇)ထောင် ကျော်မှာ သန်း(၅)ထောင်ကျော်နီးပါး သတိမထားမိတဲ့ သွေးပြန်ကြောအားနည်းခြင်း၊ခြေထောက်ရောင်ခြင်း အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ သွေးပြန်ကြောရောဂါအကြောင်းမပြောခင် သွေးကြောတွေ အကြောင်း အရင်နားလည်စေချင်ပါတယ်။



လူ့ခန္ဓာကိုယ်မှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ဆိုပြီး နှစ်မျိုး ရှိပါတယိ။ လမ်းများလိုပဲ သွေးကြောတွေမှာလဲ အသွားအပြန်သဘောရှိပါတယ်။  နှလုံးက ထွက်လာတဲ့သွေးမှန်သမျှ ခန္ဓာကိုယ်အနှံ့ သွေးလွှတ်ကြော(artery)ကဆင့် ပို့ဆောင်ပေးတယ်။ artery ရဲ့ ထောက်ပံ့မှုကြောင့် ခန္ဓာကိုယ်ဟာ အောက်စီဂျင်နဲ့ အာဟာရဓာတ်ကို ရရှိနေတယ်။ ခန္ဓာကိုယ်ထဲရောက်တဲ့ သွေးတွေကို သွေးပြန်ကြော(vein)ကတဆင့် နှလုံးဆီပြန်လည် ပို့ဆောင်တယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်သွေးကြောတွေဟာ စက်ဝိုင်းပုံ လည်ပတ်နေပါတယ်။

သွေးပြန်ကြောမှာ  အပေါ်ယံ သွေးပြန်ကြောနဲ့ အတွင်းပိုင်း သွေးပြန်ကြောဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနှစ်မျိုးဟာ အထက်အောက် အပြိုင် ပြေးလွှားနေကြတယ်။ အပေါ်ယံ သွေးပြန်ကြောကို superficial vein ခေါ်ပြီး အရေပြားအောက်ဖက် အဆီလွှာထဲမှာ တည်ရှိတယ်။ အတွင်းပိုင်း သွေးပြန်ကြောကို deep vein ခေါ်ပြီး ကြွက်သားတွေကြားတည်ရှိတယ်။ အပေါ်ယံ သွေးပြန်ကြောနဲ့ အတွင်းပိုင်းသွေးပြန်ကြောကို ပေါင်းကူးသဖွယ် ဆက်စပ်ပေးတဲ့ သွေးကြောငယ်ကို connecting veins လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် သွေးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အတွင်းပိုင်း သွေးပြန်ကြောက သယ်ဆောင်နေတာဖြစ်တယ်။

သွေးပြန်ကြောမှန်သမျှ venous valves ခေါ်တဲ့ အဆို့ရှင်တွေ ရှိပါတယ်။ အဆို့ရှင်တိုင်းမှာ အဖွင့်အပိတ်လုပ်ပေးတဲ့ leflets (တံခါးချပ်)တွေ ရှိတယ်။ leflets တွေဟာ တဖက်ပွင့်တံခါးချပ်တွေဖြစ်ပြီး သွေးအပေါ်ရောက်တာနဲ့ တံခါးချပ်ကို အလိုလိုပိတ်ပြီးဖြစ်တယ်။ ဒါ့ကြောင့် သွေးပြန်ကြောထဲ သွေးတွေဟာ အောက်ပြန်မကျပဲ နှလုံးဆီ ဦးတည်သွားနေတာ ဖြစ်ပါတယ်။

သွေးပြန်ကြောတွေဟာ အထက်ကို ဆန်တက်ရတာမို့ အချိန် ကြာလာတာနဲ့အမျှ ခံနိုင်ရည် ကျဆင်းလာတာ သဘာဝဖြစ်တယ်။ လက်တွေ့မှာ ဖိအားဒဏ်အခံရဆုံးက အထက်ကို ဆန်တက်ရတဲ့ ခြေထောက်သွေးပြန်ကြော ဖြစ်တယ်။ အထူးသဖြင့်အဆို့ရှင်မလုံတာ၊ ပျက်ဆီးယိုယွင်းတဲ့အခါမျိုးမှာ သွေးပြန်ကြောအားနည်းပြီး ခြေထောက်မှာ သွေးတွေ အိုင်လာတယ်။ ဒါကို venous insufficiency ခေါ်ပါတယ်။

ဘာလို့ အဆို့ရှင်မလုံသလဲ
အများစုဟာ ဇရာသဘော အသက်ကြီးလာတဲ့အခါ အဆို့ရှင်တွေပျက်ဆီးရာက ဖြစ်လာတယ်။ အလုပ်အကိုင်နဲ့လည်း သက်ဆိုင်တတ်ပါတယ်။ အထိုင်များတာ၊ မတ်တပ်ရပ်များတာတွေကြောင့် ဖြစ်တယ်။ လှုပ်ရှားမှုနည်းသူ၊ အပျုင်းထူသူတွေမှာ ပို ဖြစ်တယ်။ အပေါ်ဝိတ်များတာလည်း အကြောင်းရင်းတရပ်အနေနဲ့ပါတယ်။ ဆေးလိပ်သောက်တာ၊ လှုပ်ရှားမှုမရှိတာနဲ့လည်း သက်ဆိုင်တတ်တယ်။

လေ့လာမှုတွေအရ အမေရိကားမှာ အသက်(၅၀)ကျော်တွေရဲ့ ၄၀% နှုန်းဟာchronic venous insufficiency ပြန်ရည်ကြော မလုံတာ ဖြစ်နေကြတယ်။ အထူးသဖြင့် အပေါ်ဝိတ်များသူ၊ ကိုယ်ဝန်ဆောင်သူတွေမှာ ပိုအဖြစ်များတယ်။ လေ့လာမှုတွေအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက်ပိုဖြစ်နိုင်တယ်။ မျိုးရိုးရှိရင် ဖြစိနိုင်ချေပိုများတယ်။ အလုပ်မှာ အချိန်ကြာမတ်တပ်ရပ်နေရသူတွေ (ဥပမာ ကျောင်းဆရာ၊ ဘဏ်ဝန်ထမ်း၊ စာပွဲထိုး၊ ခွဲစိတ်ဆရာဝန်)က ပို ဖြစ်တာတွေ့ရတယ်။

သွေးပြန်ကြောအားနည်းခြင်းရဲ့ ကနဦးလက္ခဏာရပ်တွေက ခြေထောက်၊ ခြေကျင်းဝတ် စတင် ရောင်ကိုင်းလာတာဖြစ်တယ်။  ခြေထောက် ထုံကျင်တာ၊ ကိုက်ခဲတာ၊ ခဲဆွဲထားသလို လေးလံတာမျိုး ရှိတယ်။  သွေးအိုင်တာ အချိန်ကြာတာနဲ့အမျှ ခြေထောက် ခြေကျင်းဝတ်အရေပြားတွေ ထူလာ၊ ကြမ်းတမ်းလာတယ်။ ဒါဆို အရေပြား စတင်ယားယံလာပါပြီ။ အချိန်ကြာ မတ်တပ်ရပ်တဲ့အခါ၊ထိုင်တဲ့အခါမျိုးမှာ ပိုမိုနာကျင်တတ်ပါတယ်။ ညပိုင်း ကြွက်တက်လွယ်လာတယ်။

ခြေထောက်သွေးကြော အားနည်းသူတွေ ဆက်လက် ဖြစ်လာနိုင်တဲ့ အဆင့် (၆)ဆင့် ရှိပါတယ်။
(၁) ဆံခြည်မျှင် သွေးကြော ပေါ်လာတာ
(၂) သွေးပြန်ကြောဖောင်းကားလာတာ
(၃) ခြေထောက်ရောင်ရမ်းတာ
(၄) အရေပြားအရောင် စတင်ပြောင်းလဲလာတာ
(၅) ခြေထောက်အနာ စတင်ပေါ်ပေါက်လာတာ
(၆) ခြေထောက်အနာရင်းလာတာ စတဲ့အဆင့်တွေ ဖြစ်ပါတယ်။

သွေးသဘောက အိုင်တာကြာရင် ခဲပြီး ပိတ်ဆို့လာတတ်တယ်။ ခြေထောက်သွေးပြန်ကြောပိတ်တာကို deep vein thrombosis ခေါ်ပါတယ်။ ပိတ်နေတဲ့သွေးခဲက အငြိမ်မနေဘဲ ပြုတ်ထွက်သွားရင်တော့ အဆုတ်မှာ ပိတ်ဆို့တတ်တယ်။ အဆုတ်သွေးကြောပိတ်ခြင်း( pulmonary embolism) ဖြစ်ရင် အသက်သေဆုံးသည်ထိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲ မဖြစ်ခင်ကတည်းက ကြိုတင်ကုသမှုခံယူသင့်တယ်။

သွေးပြန်ကြောအားနည်းခြင်းအတွက် ကုသနည်းအမျိုးမျိုးရှိတယ်။
(၁) သောက်ဆေး (venoactive drug)
(၂) လိမ်းဆေး (topical)
(၃) ခြေအိတ်ရှည် ဝတ်ခြင်း (compression stocking)
(၄)  သွေးကြောရှုံ့ဆေးထိုးခြင်း(sclerotherapy)
(၅) ခွဲစိတ်နည်း (surgery) တွေဖြစိတယ်။

ဒီထဲမှာ ပြန်ရည်ကြောအားကောင်းစေတဲ့ဆေး( venoactive drug)တွေက အသုံးများဆုံးဖြစ်ပါတယ်။  ဈေးကွက်မှာ daflon ဆေးက လူသိများတယ်။ အလွယ်ရနိုင်တယ်။ လိပ်ခေါင်းရောဂါမှာလည်း ပေးတယ်။ daflon ဆိုတာ diosmin 90% နဲ့ hesperidin 10% ကို ပေါင်းစပ်ထားတာဖြစ်တယ်။ hesperidin က လိမ္မော်၊ သံပုရာခွံမှာပါတဲ့ ခါးတဲ့ ဖလေဗိုးနွိုက် ဓာတ်တမျိုးဖြစ်တယ်။ micronized နည်းပညာ အသုံးပြုထားလို့ ပျောက်တာ တခြားဆေးထက်မြန်ပါတယ်။ ဆေးသောက်နည်းက တခါသောက် နှစ်လုံး တရက်တကြိမ် နေ့စဉ်သောက်ရတယ်။ သီအိုရီအရ ဆေးသောက်ပြီး တနာရီအတွင်း ပြန်ရည်ကြော ပြန်မှန်လာနိုင်တယ်။ ခြေထောက်ရောင်တာ သက်သာလာမယ်။ ဆရာဝန်တွေက ဆေးကို အနည်းဆုံး ၂ လတော့ သောက်ဖို့ ညွှန်းကြတယ်။

နောက်တနည်းက stocking ခြေအိတ်ရှည်သုံးနည်းဖြစ်တယ်။ ဥရောပနိုင်ငံတွေမှာ မိန်းကလေးတွေ အသားကပ်ခြေအိတ်တွေဝတ်တာတွေ့ဖူးကြမယ်။ compression stocking ဆိုတာ ဖိအားသက်ရောက်တဲ့ အသားကပ် ခြေအိတ်ရှည်ကို ပြောတာပါ။ ဒီနည်းက ပြင်ပက ဖိအားတခုသက်ရောက်ပြီး နှလုံးသွားတဲ့ သွေးပြန်ကြောလှုပ်ရှားမှုကို အားကောင်းစေယ်။ ယေဘုယျ ဖိအား 30-40 mmHg လောက်ကို အသုံးပြုရတယ်။ တခြားနည်းက ခြေထောက်ကို ကျပ်စီးထားလို့လည်း ရပါတယ်။

varicose vein လို သွေးကြောဖောင်းရောင်လာရင် varesil cream လိုဆေးမျိုး လိမ်းရတယ်။venous ulcer မှာ pentoxyfylline 800mg တရက်သုံးကြိမ်ပေးရင် သက်သာနိုင်တယ်။ ယေဘုယျ ၆ လထိ ပေးရတယ်။ အနာအတွက် ဆလိုင်းရည်နဲ့ဆေးပြီး hydrogel လိမ်းပြီး ကြပ်စည်းထားသင့်တယ်။ နောက်တနည်းက sclerotherapy ရှုံ့ဆေးထိုးပြီး သက်သာစေနိုင်တယ်။ နောက်ဆုံးအဆင့်ကတော့ ခွဲစိတ်ပြုပြင်တာဖြစ်တယ်။ ခွဲစိတ်နည်းကို လူနာရဲ့ ၁၀ % အောက်မှာပဲ သုံးကြပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ
ထိုင်သည့်အခါ ခြေထောက်ကို အရာဝတ္တုတခုခုအပေါ် မြှင့်ထားပါ။ ဒေါက်အလွန်မြင့်သော ဖိနပ်တွေ မစီးပါနဲ့။ ကြာရှည်စွာ မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းမျိုး ရှောင်ပါ။ အဝမလွန်စေဖို့ ကိုယ်အလေးချိန်ထိန်းပါ။ အပေါ်ဖိအားသက်သာစေဖို့ပါ။နေပူခံခြင်း၊ ရေပူချိုးခြင်းတု့်ရှောင်သင့်တယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ခြေထောက်ကို ရေအေးဖြင့် လောင်းပေးပါ။ ခြေထောက်ကို ရသလောက် မြှောက်ပြီး ၅ မိနစ်လောက် ထားပြီးမှ အိပ်ပါ။ ပြန်ရည်ကြောအားကောင်းဖို့ ခြေထောက်ကို နှိပ်နယ်ပေးသင့်တယ်။

ဒီလိုလူနာတွေအတွက် လေယာဉ်စီးနည်းပါ တခါတည်း သင်ပေးပါရစေ။ လေယာဉ်အချိန်ကြာစီးနင်းခြင်း တာ ရေရှည်မှာ ခြေထောက်ရောင်ရမ်းခြင်းကို ဖြစိစေတယ်။ ဒါ့ကြောင့် ထိုင်နေစဉ် ခြေထောက်ကို အကွေး၊အဆန့် ရသလောက်လုပ်ပေးပါ။ နာရီဝက်နေတိုင်း (၁၀)ကြိမ်ခန့် အကွေးအဆန့် ပြုလုပ်ပေးသင့်တယ်။ ထိုင်တဲ့အခါ ခြေကလိန်ကွတ် မထိုင်ပါနဲ့။ ထသွားထလာ လမ်းလျှောက်ပေးပါ။ လေယာဉ်ချိန်အတွင်း ခြေလက် စတာတွေကို ရသလောက် လှုပ်ရှားပေးသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၂၅.၆.၁၈)

No comments:

Post a Comment