Pages

Thursday, September 27, 2012

သိမှတ်ဖွယ်ရာ ဝဲရောဂါ


                               
     
     ဝဲရောဂါဆိုတာ လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်တိုင်မဖြစ်ဘူးရင်တောင်မှ သူများတွေ ဝဲပေါက်တာကို မြင်ဘူးကြားဘူးကြမှာပါ။
ဒါပေမယ့်ဝဲဟာဘာကြောင့်ဖြစ်လဲ ဆိုရင်တော့ တော်တော်များများ ခေါင်းကုတ်ကြမယ် ထင်ပါတယ်။
 တချို့က ပွေးနဲ့ ဝဲကို အတူတူပဲလို့ထင်မြင်ကြတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ကျောင်းပြီးစ ဆရာဝန်ငယ်တစ်ယောက်က ပွေးနဲ့ဝဲကို အတူတူထင်ပြီးမေးခဲ့ဖူးတယ်။ တချို့မြန်မာဆေးတွေမှာ ပွေး၊ဝဲ၊ညှင်း ၊ယားနာပျောက်ဆေးဆိုပြီး ကြေငြာကြတော့ ဒီလိုထင်မြင်တာ အပြစ်မဆိုသာပါဘူး။ အမှန်တော့ ပွေးတို့ ဝဲတို့ဟာ ဖြစ်စေတဲ့အကြောင်းအရာတွေ မတူညီကြသလို၊ ကုသပုံခြင်းလဲ မတူကြပါဘူး။ သို့သော်
ယားယံတာခြင်း၊ အနီစက် ပေါက်တာခြင်းတော့ တူညီကြပါတယ်။ ယားတော့ကုတ်၊ကုတ်တော့ အနာဖြစ် ယားလိုက်နာလိုက်နဲ့ သံသရာလည်နေတယ်။ ယားနာအမျိုးအစားထဲမှာ ပါကြတယ်။ ဒီအပတ်တော့
ဝဲရောဂါနဲ့ ပတ်သတ်တာ တွေကို အဓိက ပြောပါမယ်။
ဝဲရောဂါ ဘာကြောင့်ဖြစ်လဲ။                                                                                  
ဝဲရောဂါဟာ “sarcoptes scabiei” လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ခြေရှစ်ချောင်းပါ ကပ်ပါးပိုးကောင်ငယ်(mite) တွေကြောင့်ဖြစ်စေတယ်။ တချို့က ကမျင်းနီကောင်လို့လည်း ခေါ်တတ်ကြပါတယ်။ သူများခနာကိုယ်ပေါ် ကပ်ရပ်စားသောက်မှ အသက်ရှင်နိုင်လို့ ကပ်ပါးကောင်အမျိုးအစားထဲ ပါသွားပါတယ်။ ခိုကပ်မှီခိုစားသောက်စရာ ခနာကိုယ်(host)မရှိရင် သုံးရက်ထက် ပိုပြီးမရှင်သန်နိုင်ပါဘူး။ ယေဘုယျအားဖြင့် ဝဲပိုးအမကောင်တွေရဲ့ အရွယ်အစားဟာ ပင်အပ်ထိပ်ဖျားခန့်(0.4mm)ခန့်သာရှိတတ်ပြီး ဝဲပိုးအထီးတွေဟာ အမထက်အရွယ်အစား သေးငယ်ကြပြီး (0.2mm)ခန့်သာ ရှိပါတယ်။ သူတို့ကို အနုကြည့်မှန်ဘီလူးနဲ့သာ ကောင်းကောင်းမြင်နိုင်ပါတယ်။
ဝဲရောဂါလို့ ဘာကြောင့်ခေါ်သလဲ။
Scabie ဆိုတဲ့ ဝဲရောဂါဟာ လက်တင်ဘာသာ “scabere” က ဆင်းသက်လာပြီး “ကုတ်ခြစ်ခြင်း” ဆိုတဲ့ အဓိပယ်မျိုးပါ။ scabies ဆိုတဲ့ နာမယ်ကိုတော့ အီတလီသမားတော်ကြီး ဆဲလ်ဆက်(celsus)က စတင် ခေါ်ဝေါ်ခဲ့ပါတယ်။ ဝဲရောဂါပိုးဟာ ဘီစီ ၄၉၄ ခန့်ကတည်းက ရှိခဲ့တယ်ဆိုတာ တွေ့ရှိရပါတယ်။ အီတလီ ဇီဝပညာရှင် Diacinto Cestoni(1637-1718)က ဝဲရောဂါဟာ miteခေါ်တဲ့ အကောင်ငယ်လေးတွေကြောင့် ဖြစ်ကြောင်း စတင် ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဝဲရောဂါဟာ အဖြစ်အများဆုံးအရေပြားရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် လူသန်း၃၀၀ လောက် ကူးစက်ခံနေရပါတယ်။ ဖွံ့ဖြိုးမှု အနည်းဆုံးဆိုတဲ့ နိုင်ငံတွေမှာတော့ အတွေ့ရအများဆုံး ဖြစ်ပါတယ်။
ဝဲရောဂါတွေ ဘယ်လိုကူးစက်သလဲ။
ရောဂါရှိသူနဲ့ အသားရေခြင်း ထိတွေ့မှုမှ ကူးစက်ပါတယ်။ ဒါ့အပြင် ဝဲရောဂါရှင်ရဲ့ အဝတ်အစား၊ အသုံးအဆောင်(မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ) စသည်တို့ မျှဝေသုံးစွဲခြင်းအားဖြင့်လည်း ကူးစက်နိုင်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေးအားနည်းသူများလည်း အဖြစ်များပါတယ်။ တိရိစ္ဆာန်များမှတဆင့် ကူးစက်တတ်သော်လည်း အနည်းငယ် ယားယံတာ၊ အဖုထွက်တာလောက်ဖြစ်ပြီးရင် သူ့ဘာသာ ပျောက်ကင်းသွားပါတယ်။
ဝဲရောဂါရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ။
ကူစက်ခံရပြီး တစ်လအတွင်း ယားယံတဲ့ အနီစက် အဖုသေးလေးတွေ စထွက်လာပါတယ်။ တခါတရံ ခြင်ကိုက်တာ၊ ကြမ်းပိုးကိုက်တာ တို့နဲ့ မှားတတ်ပါတယ်။ ဝဲရောဂါဟာ ညပိုင်းမှာ ပိုမိုဆိုးတတ်ပြီး မကုတ်ရ အနေနိုင်ဆိုတာ မျိုးတွေထိ ဖြစ်ပါတယ်။ ယားယံခြင်းဟာ ဝဲပိုးကောင်တွေ အရေပြားထဲမှာ မြောင်းဖောက်သွားလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဝဲပိုးကောင်အမတွေ ဥဥခြင်း၊ မစင်အညစ်အကြေးစွန့်ခြင်းတို့ဟာ အရေပြားကို ပိုမိုယားယံစေပါတယ်။ ဥဥပြီးနောက် ၁၀ရက်ခန့် အတွင်းမှာ သားလောင်းပေါက်ပြီး ဝဲကောင်လေးတွေဟာ တစ်လခန့် ရှင်သန်နေထိုင်နိုင်ကြပါတယ်။ အပူချိန်မြင့်ရင် ပိုမိုလှုပ်ရှားတတ်ပေမယ့် အပူချိန် 20ံC အောက်ရောက်ရင်တော့ လှုပ်ရှားခြင်းမရှိပဲ အရေပြားကတုတ်ကျင်း တွေထဲမှာသာ ခိုအောင်းနေတတ်ပါတယ်။           အေးတဲ့အခြေအနေမျိုးမှာ ယားယံတာ ပိုမိုသက်သာတတ်ပါတယ်။ ဝဲစို၊ ဝဲခြောက် နှစ်မျိုးဖြစ်တတ်ပြီး အဖြစ်များတာ ဝဲခြောက်ပါ။ အကုတ်များတဲ့အခါ ထပ်ဆင့်ပိုးဝင်လာပြီး အရည်တစိုစို၊ပြည်တစိုစိုနဲ့ဆိုရင်တော့ ဝဲအစိုလို့ခေါ်ကြပါတယ်။ ခုခံအားကျဆင်းသူနဲ့ အာဟာရချို့တဲ့သူတွေမှာ အလွန်ပြင်းထန်တဲ့ ချပ်ပြင်ဝဲ(rusted scabies) ဖြစ်တတ်ပြီး အရေပြား ခြောက်သွေ့ယားယံပြီး အချပ်လိုက်ကွာကျတတ်ပါတယ်။ ယခင်က norwagian scabies လို့လည်း ခေါ်ခဲ့ကြပါတယ်။ အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး ဖြစ်တတ်ပါတယ်။ မြန်မာအယူအဆမှာ ကြားသုံးကြား မဝင်ကောင်းဖူး ဆိုရိုးရှိပေမယ့် ဝဲကောင်လေးတွေက ရှိသမျှကြားအကုန်ဝင်ပါတယ်။ဝဲတွေကိုအများအားဖြင့် လက်ချောင်း ခြေချောင်းတွေကြား၊ တံတောင်ဆစ်၊ ချိုင်း၊ပေါင်ခြံ၊ ဒူးခေါက်ကွေးကြားတွေမှာ အတွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ရင်သားအဝိုက်မှာလည်း တွေ့ရပါတယ်။ဒီလို နေရာတွေမှာ သေးငယ်တဲ့ အနီစက်အဖုငယ်လေးတွေ ပေါက်ရင် ဝဲဖြစ်နိုင်ပါတယ်။ဝဲတွေဟာ တွန့်နေတဲ့ အရေပြားကြားတွေ၊ မြင့်မားတဲ့ အပူချိန်တွေကို ကြိုက်နှစ်သက်ပါတယ်။
ဝဲရောဂါကို ဘယ်လို ကုသနိုင်သလဲ။
ပုံမှန်အားဖြင့် ဝဲရောဂါဖြစ်တဲ့အခါ မှန်ကန်တဲ့ ကုသမှုခံယူပါက နှစ်ပတ်အတွင်း သက်သာပျောက်ကင်း နိုင်ပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲမှာလဲ ဝဲရောဂါအတွက် ဆေးတွေ အများအပြားရှိပါတယ်။ benzyl benzoate ,1%lindane, 10%crotamiton အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် ဝဲကောင်တွေကို နှိမ်နှင်းပေးတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အာရုံကြောထိခိုက်နိုင်ခြင်း၊ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များကို ထိခိုက်နိုင်တဲ့အတွက် အသုံးပြုမှုနဲပါးတယ်။ လက်ရှိအသုံးအများဆုံး နှင့်အဆင်ပြေဆုံးဆေးမှာ permethrin 5% ဖြစ်ပါတယ်။ ဝဲပိုးကိုသာမက ဝဲဥများကိုပါ နှိင်နင်းနိုင်သည့်အတွက် လူနာအတွက်အဆင်ပြေစေသလို ၃လ အထက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်ကိုပါ လိမ်းပေးနိုင်ခြင်းတို့က အားသာချက်တခု ဖြစ်စေပါတယ်။ ဝဲဆေးလိမ်းတဲ့အခါ လည်ပင်းအောက်ပိုင်းမှစ၍ တကိုယ်လုံး ခြေဖဝါး၊လက်ဖဝါး လက်ဖဝါးပါမကျန် နေရာစုံအောင် လိမ်းပေးသင့်သည်။ အနည်းဆုံး ၈နာရီခန့် လိမ်းထားသင့်ပြီး ၁၂ နာရီထက် ပိုပြီးမထားသင့်ပဲ ဆေးကြောပစ်ရမည်။ အကောင်းဆုံးမှာ ညအိပ်ရာမဝင်မှီ လိမ်းပြီး မနက်အိပ်ရာထတွင် ဆေးကြောပစ်ခြင်းက ပိုမိုသင့်တော်သည်။ဆေးလိမ်းစဉ် အတောအတွင်း ရေနှင့် ထိခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။ လိုအပ်လျှင် တပတ်နေသော အခါ ထပ်မံလိမ်းပေးရမည်။ ကိုယ်ဝန်ဆောင်နှင့် ၆လအောက် ကလေးငယ်များအတွက် sulphur လိမ်းဆေး ပေးနိုင်သည်။ အလွန်ဆိုးရွားသော ဝဲရောဂါ(crusted scabies) အတွက်မူ ivermectinဆေးကို ပါးစပ်မှ ပေးရသည်။ လိုအပ်လျင် နှစ်ပတ်ကြာသော် ထပ်မံ၍ တိုက်ကျွေးနိုင်သည်။ သို့သော် ၆နှစ်အောက် ကလေးငယ်များကို တိုက်ကျွေးရန် မသင့်ပေ။ ဝဲရောဂါတွင် အရေးကြီးသော အချက်တခုမှာ အိမ်သားတစ်ဦး ကုသမှုခံယူလျှင် အတူနေမိသားစုဝင်အားလုံး ကုသမှုခံယူမှသာ အမြစ်ပြတ်နိုင်သည်။ အိပ်ရာခင်း၊ စောင်၊ခေါင်းအုံး၊အသုံးအဆောင် များကို အသစ်လဲသင့်ပြီး လျှော်ဖွတ်လျှင်လည်း ရေနွေးနှင့် လျှောဖွတ်သင့်သည်။ တခါတရံ ယားယံမှုမှာ နှစ်ပတ်ခန့်ကြာနိုင်ပြီး သက်သာပျောက်ကင်းသွားသည်။ ဆေးလိမ်းပြီး နှစ်ပတ်ခန့်အတွင်း မသက်သာပါက ဆရာဝန်နှင့် ထပ်မံပြသသင့်သည်။ ယားယံမှု သက်သာစေရန် diphenhydramine, steroid စတီးရွိုက် စားဆေး၊ ထိုးဆေး အသုံးပြုနိုင်သည်။ ထပ်ဆင့်ပိုးဝင်ပါက ပဋိဇီဝပိုးသတ်ဆေး အသုံးပြု၍ ကုသနိုင်သည်။
ဘယ်လို ကာကွယ်နိုင်သလဲ။
ရောဂါပိုး ရှိသူနဲ့ အသားအရေခြင်း ထိတွေ့ခြင်း၊ အသုံးအဆောင်မျှဝေ သုံးစွဲခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ အဝတ်အစား အသုံးအဆောင်များကို ဆပ်ပြာ၊ရေနွေးနှင့် သေချာစွာ ဆေးကြောရမည်။ တကိုယ်ရေသန့်ရှင်းရေးကို များစွာအလေးထားဆောင်ရွက်သင့်သည်။ HIV ကဲ့သို့ ခုခံအားကျဆင်းသူများ ပိုမိုသတိထား ကာကွယ်သင့်သည်။ ကလေးသူငယ်များတွင် အဖြစ်များသဖြင့် လူကြီးမိဘများအနေဖြင့် အထူး အလေးထားဆောင်ရွက်သင့်သည်။
စာဖတ်ပရိသတ်များ ဝဲသံသရာမှ ကင်းဝေးကြပါစေ။

ဒေါက်တာ အေးမင်းထူး
(Health Care Journal: 24.2.12)