Sunday, December 23, 2012

ဆေးပညာရပ်ဆိုတာ

ဆေးပညာရပ်ဆိုတာ ဘာလဲ။ဆေးပညာရပ်တွေဟာ အတော်ခက်ခဲသလား။ ဒီအချက်ကို စကားဝိုင်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်က မေးလို့ဆွေးနွေးဖြစ်တယ်။ ဆရာဝန်တွေပြောကြရေးကြတဲ့ထဲမှာ ဆေးပညာဆိုတဲ့ စကားလုံးကို တော်တော်များများ သုံးကြတယ်။ ဆေးပညာဆိုတဲ့ စကားလုံးကို သီးသန့်လေ့လာကြည့်ရင် ဆေးဆိုတာကိုတပိုင်း၊ ပညာ ဆိုတာကို တပိုင်း သတ်မှတ်ပြီး အဓိပ္ပါယ်ဖော်တာ ကောင်းပါတယ်။ ဆေးဆိုတာကတော့ ဆေးဝါးနှင့် သက်ဆိုင်သော(သို့) ကုသခြင်းနှင့်သက်ဆိုင်သော ဆိုတဲ့အဓိပ္ပါယ်ပါ။ ပညာဆိုတဲ့စကားမှာတော့ ဘာသာရပ်တခုကို လေ့လာခြင်း(သို့)အသုံးချခြင်းလို့ ဆိုရမှာပါ။ တချို့ကမေးပါတယ်။ဆေးပညာဆိုတာ တော်တော်ခက်ခဲမှာပဲနော် ဆိုတာမျိုး။စာအုပ်တွေလဲ
အများကြီးဖတ်ရတယ်။ပြီးရင်လည်း အထူကြီးဆိုတာမျိုးပေါ့။ အမှန်က ရုပ်ရှင်တွေ၊ဗွီဒီယိုတွေထဲမယ် ဆရာဝန်၊ဆေးကျောင်းသားခန်းရိုက်ရင် စာအုပ်ထူကြီးတွေ ကြည့်တာမျိုး တွေထည့်ထားလို့ ဖြစ်ဟန်တူတယ်။ ကြုံလို့ မြန်မာဇာတ်ကားတွေကြည့်ရင် သတိထားမိတဲ့ အချက်နှစ်ချက်လောက်ကို စိတ်တိုင်းမကျတာလေး ဖောက်သည်ချပါရစေ။ တခုကတော့ တပ်တဲ့ နားကျပ်ပါ။ ဇာတ်ကားတွေထဲမှာ အထူးကုဆိုတဲ့ဆရာဝန်တွေကိုင်တဲ့ နားကျပ်က အပြင်က ဆေးကျောင်းရောက်စကျောင်းသားတွေကိုင်တဲ့ အပေါစားနားကျပ်မှန်း သိသာလွန်းပါတယ်။ အပြင်မှာတော့ အထူးကုတွေကိုင်တာ အခုချိန်ထိ မတွေ့ဖူးသေးပါ။ နောက်တစ်ချက်က နားကျပ်တပ်တဲ့ပုံစံ။နားကျပ်တပ်ပုံကြည့်ပြီး ဆရာဝန်ဟုတ်မဟုတ် ပြောနိုင်ပါတယ်။ နားရဲ့တည်ဆောက်ပုံအရကို နားကျပ်တပ်တဲ့အခါ ကားတဲ့ဖက်ကို ရှေ့မှာထားပြီးတပ်ရပါတယ်။ တခါတရံ နှလုံးကို နားကျပ်နဲ့ထောက်ပြီး ဆီးချိုရှိနေပြီဆိုတာမျိုးတွေ၊ကလေးရှိနေပြီဆိုတာမျိုးတွေတော့ နောက်ပိုင်းမှာ သတိထားသင့်ပြီထင်ပါတယ်။ကြည့်ရတာ အဆင်မပြေပါ။ ဆရာဝန်နိုင်ငံခြားကားတွေမှာ ဒီလိုမျိုးဖြစ်တာ မတွေ့ဖူးသေးပါ။တချို့ကဆေးပညာခက်ခဲသလား မေးတဲ့သူတွေအတွက် အခက်ကြီးမဟုတ်သလို အလွယ်ကြီးလဲမဟုတ်ပါ။ အခြားပညာရပ်တွေကလဲ သူ့ဟာသူတော့ ခက်ခဲကြတာကြီးပါ။ လေ့လာရင်လေ့လာသလို အခြားဘာသာရပ်တွေကလည်း မကုန်နိုင်၊မခန်းနိုင်ပါ။ တခြားဘာသာရပ်တွေလိုပဲ ဆေးပညာရပ်ထဲမှာမှ ဘာသာခွဲမျိုးစုံ ထပ်ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ လက်ရှိမသင်ကြားနိုင်တဲ့ ဘာသာရပ်ခွဲတွေ အများကြီးကျန်ပါသေးတယ်။ ပြောရမယ်ဆိုရင်ဆေးပညာဟာ ကျယ်ပြန့်တာတော့ အမှန်ပါ။ သို့သော် ဆေးပညာမှာ အဓိက အကျဆုံးကတော့ အတွေးအခေါ်ပါ။ တခြားနိုင်ငံကြီးတွေလို စမ်းသပ်စစ်ဆေးစရာ စက်တွေ၊ကိရိယာတန်ဆာပလာတွေမစုံလင်တဲ့ကာလမှာ ဖြစ်နိုင်ချေကို စဉ်းစားတွေးခေါ်ရပါတယ်။ ရောဂါလက္ခဏာတစ်ရပ်ထဲမှာကို ဖြစ်နိုင်ချေတွေများစွာ ရှိပြန်ပါတယ်။ အဲဒီထဲကမှ အဖြစ်နိုင်ဆုံးကို ရွေးထုတ်ပြီး ကုသရပါတယ်။ တခါတရံ ဆရာဝန်တွေက မဆိုင်တာတွေ မေးနေတယ် ထင်တတ်ကြတယ်။ ဒီနေရာ နာတယ်ပြောလို့ တခြားနေရာစမ်းသပ်ကြည့်ရင် တချို့က မကြိုက်ပါ။ နာတဲ့နေရာမစမ်းပဲ တခြားမနာတာပဲ ဘာလို့သွားစမ်းနေတာလဲပေါ့။ကောင်းတဲ့ဖက်ကို ယှဉ်ကြည့်ပြီးမှ မကောင်းတာကို ပြောနိုင်မှာမို့ပါ။ ဆေးပညာမှာ စနစ်တကျမေးမြန်းတာမျိုးရှိပါတယ်။ စမ်းတဲ့အခါ စနစ်တကျစမ်းသပ်ရတယ်။သူ့အပိုင်းနဲ့သူ စမ်းရတယ်။ စတိုင်ကျဖို့တော့ မလိုပါ။ကုရင်လည်း စနစ်တကျ တဆင့်ချင်းကုရတယ်။ ဆေးတမျိုးပေးရင် အတော်စဉ်းစားရတယ်။ အသက်အရွယ်၊ရောဂါအခံ၊ခန္ဓာကိုယ်အရွယ်အစား မျိုးစုံပါပဲ။ စစ်စစ်ပေါက်ပေါက် မေးတယ်မြန်းတယ်ဆိုတာ ဒါတွေနဲ့ တွက်ချက်ဖို့အတွက်ပါ။ ပြီးရင်ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆက်စခန်းသွားရတယ်။ ဘယ်ဆေးပေးမလဲ။အချိန် ဘယ်လောက်ထိပေးရမလဲ။ ပမာဏဘယ်လောက်ပေးမလဲ။ဆေးတကယ်ကုတဲ့အခါ စာအုပ်ကြီးထဲကအတိုင်း လုပ်လို့မရတော့ဘူး။ ဆရာဝန်တယောက်နဲ့တယောက် မတူဘူး။ဆေးကုသပုံကွဲပြားတယ်၊ အတွေးအခေါ်ကွဲပြားတယ်ဆိုတာ ဒါပါပဲ။ ရောဂါအမည်တပ်ပုံကွဲပြားတယ်။  နောက်ဆုံးတော့ လူနာသက်သာလား၊မသက်သာဖူးလားဆိုတာက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ နောက်တချက်က ဒီဆရာနဲ့ ကံစပ်လား၊မစပ်ဘူးလား ဆိုတာလဲ တပိုင်းတော့ ပါချင်ပါမှာပေါ့။ ပျောက်သွားရင် ဒီဆရာဆေးပေးတာကောင်းတယ်ဆိုပြီး နာမည်ကြီးပါမယ်။ မပျောက်ရင် နောက်ဆရာတယောက်ပြောင်းမယ် ပေါ့။စာအုပ်ထူကြီးတွေ ဘယ်လိုထိုင်ဖတ်နေလည်း ကိုယ်ပိုင်အတွေးအခေါ်မရှိ၍ မဖြစ်ပါ။ အနောက်နိုင်ငံတွေမှာ ဘယ်လိုကုတယ်။ ငါတို့လည်း လိုက်လုပ်မယ်ဆိုတာမျိုးမရပါ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ဓလေ့စရိုက်တွေက ရှိပါသေးတယ်။ တခါတရံ ရှင်းခါမှပိုရှုပ်ဆိုတာမျိုး ကြုံရတတ်ပါတယ်။ အင်္ဂလိပ်ဆေးပညာရပ်ဆိုင်ရာ အခေါ်အဝေါ်တိုင်းအတွက် မြန်မာအခေါ်အဝေါ်မရှိသေးတာ ပြဿနာတခုပါ။ တချို့ရောဂါတွေအတွက် သတ်သတ်မှတ်မှတ် မြန်မာနာမည်တွေ ပေးသင့်ပါပြီ။ တခါတရံရောဂါအခြေအနေကို လူနာနားလည်အောင်ပြောရတာ ခက်ခဲပါတယ်။ မြန်မာချင်းပြောတာတောင်ခက်ပါတယ်။ တခြားနိုင်ငံရောက်နေတဲ့ တချို့မြန်မာတွေ ဘာသာစကားအခက်အခဲကြောင့် အဆင်မပြေတာ တော်တော်တွေ့ရပါတယ်။ တခါတရံ အားတဲ့အချိန်မှာ တချို့အင်တာနက်ကမေးတဲ့ လူတွေကို တတ်အားသမျှ ပြန်ဖြေပေးပါတယ်။ တချို့မေးတာတွေအတွက်တော့ စာပြန်ဖတ်ရပါတယ်။မိတ်ဆွေအများစုကတော့ ဖုန်းနဲ့မေးတတ်ကြတယ်။ အမှန်ပြောရရင် ပြန်ဖြေရတာ အားမရသလို အဆင်မပြေပါ။ ဆေးကိုရမ်းသမ်းမှန်းသမ်းကုရတာမျိုး လူနာအတွက်သိပ်မကောင်းပါ။ ဆေးပညာမှာ နောက်လိုအပ်တဲ့တချက်ကတော့ ကိုယ်ချင်းစာတရားပါ။ သူများနေမကောင်းချိန်မှာ ကိုယ်ချင်းစာတရားလေးထားပြီး မြန်မြန်ပျောက်အောင်ကုသဖို့လည်း လိုပါတယ်။လူနာဆိုတာကလည်းအပျောက်မြန်မှ သဘောကျချင်တာမျိုးကိုး။သူလည်းအဆင်ပြေသလို ၊ ကိုယ် လည်း နာမည်ရပါတယ်။ ဒါ့ကြောင့် ဆေးပညာဆိုတာ ဘာလဲမေးချင်သူအတွက် အဖြေက ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး တွေးခေါ်မျှော်မြင်ပြီး အသုံးချရတဲ့ ပညာရပ်မျိုးသာ ဖြစ်ပါတယ်လို့။

ဒေါက်တာ အေးမင်းထူး
Health care journal(7.12.2012)

No comments:

Post a Comment