Wednesday, February 13, 2013

ရေယုန်နာ(သို့) ရေကျောက်၏ နောက်ဆက်တွဲ ပြဿနာ

 အရင်တပတ်က ရေကျောက်(chicken pox)အကြောင်း ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပေးပြီး ဖြစ်ပါတယ်။ဖြစ်တဲ့ဗိုင်းရပ်စ်ပိုးအကြောင်းနဲ့ ကူးစက်ပုံ၊ရောဂါလက္ခဏာနဲ့ ကုသပုံကို ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ရေယုန်ဖြစ်တတ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ငယ်ရွယ်စဉ် ရေကျောက်ဖြစ်ခဲ့ဖူးသူဟာ ကြီးလာစဉ် ရေယုန်ဖြစ်ဖို့ အခွင့်အလန်းပိုများပါတယ်။
ဒီရောဂါ နှစ်မျိုးလုံးဟာ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ခြားနားမှုမရှိအတူတူပဲ ဖြစ်ပါတယ်။ရေယုန်၊ရေကျောက်ရောဂါဟာ varicella zoster virus ကြောင့် ဖြစ်ကြတယ်။ရောဂါလက္ခဏာပေါ် မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားကြတယ်။varicella ဟာ chicken pox ရေကျောက်အဆင့်ကို ခေါ်ဝေါ်တာဖြစ်ပြီး zoster က ရေယုန်နာပေါက်တဲ့ အခြေအနေကို
ခေါ်ပါတယ်။ဒီအဆင့်နှစ်ခုကိုပေါင်းပြီး varicella zoster virusဆိုပြီး သတ်မှတ်ကြပါတယ်။

Zosterဆိုတာ
Zoster ဆိုတာ ဂရိဘာသာစကားက ဆင်းသက်လာပြီး "ခါးစည်းကြိုး(သို့)ဝန်းရံသည်၊ဝိုင်းပတ်သည်" လို့အဓိပ္ပါယ်ရပါတယ်။လက်တင်ဘာသာနဲ့ဆို shingles လို့ ခေါ်ပါတယ်။ရေယုန်ဖြစ်ပွားပုံ လက္ခဏာက ခါးစည်းကြိုးပတ်ထားသလို ဝန်းရံဖြစ်ပွားပြီး အများအားဖြင့် ကိုယ်ခန္ဓာတစ်ဖက်တည်းတွင်သာ ပေါက်ရောက်ဖြစ်ပွားကြတယ်။ရောဂါဖြစ်ပွားပုံအဆင့်က ငယ်ရွယ်စဉ် ဗိုင်းရပ်စ်ပိုး ဝင်ရောက်စမှာ ရေကျောက်ရဲ့လက္ခဏာ အနီစက်ငယ်တွေ စတင်ပေါ်ပေါက်လာတယ်။သိပ်မကြာခင်ပဲ သူ့အလိုလိုသက်သာ ပျောက်ကင်းသွားတယ်။ရေကျောက်ဖြစ်ပေါ်စဉ်မှာ အများအားဖြင့် နာကျင်ခြင်းမရှိတတ်ပဲ ယားယံခြင်းသာ ရှိတတ်တယ်။
ရေကျောက်ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုးက ခန္ဓာကိုယ်အာရုံကြောထဲမှာ ခိုအောင်းကျန်ရစ်ခဲ့တယ်။ခုခံအားကျဆင်းချိန်မှာ ရေယုန်နာအဖြစ် တဖန်ပြန်လည်ပေါ်ပေါက်လာတယ်။
အများအားဖြင့် အသက်ကြီးသူတွေမှာ အတွေ့ရများတယ်။
အသက်ငယ်ရွယ်သူတွေမှာ ခုခံအားကျဆင်းတဲ့အခါမျိုးမှာ တွေ့ရှိရတတ်တယ်။ဥပမာ AIDS လို ရောဂါရှိသူတွေ၊စိတ်ဖိစီးမှုများသူတွေ။
ငယ်ရွယ်စဉ် ရေကျောက်ဖြစ်ခဲ့ဖူးသူများမှာ ရေယုန်ပေါက်ဖို့အခွင့်အလန်းဟာ အသက်ကြီးလေများလေဖြစ်တယ်။

ရေယုန်နာရဲ့ လက္ခဏာတွေကို ယေဘုယျအားဖြင့် အဆင့်(၃)ဆင့် ခွဲခြားထားနိုင်တယ်။
ပထမအဆင့်-preherpetic phase ခေါ်တဲ့အနာမဖြစ်ခင် စပ်ဖျဉ်းဖျဉ်း နာကျင်စေတဲ့အဆင့်၊
ဒုတိယအဆင့်-acute eruptive phaseခေါ်တဲ့ အနာပေါက်ချိန်မှ အနာပေါက်ပြဲသွားတဲ့အဆင့်၊
တတိယအဆင့်-postherpetic phaseခေါ်တဲ့ ရေယုန်အနာပျောက်ပြီးနောက် အာရုံကြောများ ဆက်လက်နာကျင်စေတဲ့အဆင့်၊
ဒီထဲမှာ တတိယအဆင့်ဟာ ရေယုန်ပေါက်သူတိုင်း ဖြစ်ပွားလေ့မရှိပဲ အသက်၅၀ကျော် လူကြီးများမှာသာ အဖြစ်များတာ သတိပြုစေချင်ပါတယ်။
အသက်ကြီးသူများမှာ စိတ်ဓာတ်ကျဆင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခုခံအားကျဆင်းခြင်းစတာတွေဟာ ဗိုင်းရပ်စ်ပိုးတွေ ပြန်လည်ထကြွဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။မြုံနေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ပြန်လည်ထကြွချိန်မှာ အာရုံကြောတွေကို ရောင်စေပြီး အရေပြားကို ပူလောင်လောင်၊စပ်ဖျဉ်းဖျဉ်းနာကျင် ခံစားရစေတယ်။ဒီအချိန်ဟာ အနီစက်တွေမပေါက်သေးတဲ့ ရှေ့ပြေးလက္ခဏာရပ်တခု ဖြစ်ပါတယ်။အနီစက်မပေါက်ခင် ၂ရက်၊၃ရက်ခန့်စောပြီးခံစားရတတ်ပါတယ်။ ဖျားတာ၊ခေါင်းကိုက်တာ၊ကိုယ်လက်မအီမသာဖြစ်တာ၊ညောင်းညာကိုက်ခဲနေတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ဒီအဆင့်ကို preherpetic neuralgia လို့ခေါ်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားရပြီး ၂ရက်ခန့်အကြာမှာ အနီစက် အဖုအပိန့်တွေ စတင်ပေါ်ပေါက်လာပါမယ်။ရင်ဘတ်၊ဝမ်းဗိုက်တွေမှာ အဖြစ်များပြီး နာကျင်မှုဟာ တစစ်စစ်နဲ့ ပိုမိုဆိုးရွားလာပါတယ်။အများအားဖြင့် ကျောရိုးမရဲ့ တဖက်ခြမ်းမှာသာ အဖြစ်များတယ်။ ရေယုန်နာတွေ ခါးတစ်ပတ် ပတ်မိရင်သေတတ်တယ်ဆိုတာ အမှန်မဟုတ်ပါ။အနီစက် စတင်ပေါ်ပေါက်ပြီး ၂ရက်အတွင်းမှာ vesicles ခေါ်တဲ့ ပြည်ဖုသေးသေးတွေ ဖြစ်ပေါ်လာပါမယ်။၅ရက်အတွင်း အရည်ကြည်ဖုတွေအဖြစ် ဆက်လက်ပြောင်းလဲသွားပါတယ်။ အရည်ဖုဖြစ်ပြီးမကြာခင် ပေါက်သွားတဲ့အခါ နာကျင်ခြင်းကို ပိုမိုခံစားရပါတယ်။ရောဂါကူးစက်ခံရဖို့အခွင့်လန်းဟာ ဒီအဆင့်မှာ အများဆုံးဖြစ်ပါတယ်။အနာတွေပေါက်ပြဲပြီး ကူးစက်နိုင်တဲ့အဆင့်မို့ acute eruptive phase လို့ခေါ်ပါတယ်။ပေါက်ပြဲသွားတဲ့အနာတွေဟာ တဖြည်းဖြည်းခြောက်ကပ်ပြီး ၂ပတ်အတွင်း လုံးဝပျောက်ကင်းသွားပါတယ်။တခါတရံ အမာရွတ်ဟာ လနဲ့ချီပြီး ကြာတတ်ပါတယ်။တချို့ကံဆိုးသူအနည်းစုဟာ သေရာပါအမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။

အနာခြောက်များ သက်သာပျောက်ကင်းသွားသော်လည်း အာရုံကြောများ ဆက်လက်နာကျင်နေခြင်းကို postherpetic neuralgia လို့ခေါ်ပါတယ်။အသက်ကြီးရင့်သူတွေ၊ခုခံအားနည်းသူ၊ကျဆင်းသူတွေဟာ ဒီတတိယအဆင့်ကို ဆက်လက်ခံစားရတတ်ပါတယ်။ပြင်းပြင်းထန်ထန်နာကျင်တဲ့အတွက် ငိုယို၊အော်ဟစ်တာမျိုးလည်း တွေရဖူးတယ်။ညအိပ်မပျော်နိုင်ပဲ မျက်တွင်းချိုင့်၊အားယုတ်၊စိတ်ဓာတ်ကျနေတဲ့ သက်ကြီးလူနာတွေလည်း ရှိတတ်ပါတယ်။ဒီလိုနောက်ဆက်တွဲတွေမဖြစ်အောင် အနောက်နိုင်ငံအချို့က ရေကျောက်ဖြစ်ခဲ့ဖူးသူများကို shingles vaccine ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အိမ်တွင် အလွယ်ဆုံးပြုစုကုသခြင်း
ရေယုန်ပေါက်သူများ အလွယ်ဆုံးအိမ်တွင်းပြုစုနည်းမှာ သန့်စင်သော ရေအေးဝတ် ကပ်ပေးခြင်း ဖြစ်ပါတယ်။ရေအေးဝတ်ကြောင့် နာကျင်ခြင်းကို သိသိသာသာ သက်သာစေပါတယ်။
အနာကိုမထိခိုက်မိအောင် အင်္ကျီပွပွဝတ်ဆင်ခြင်း၊အအေးစချည်ထည် ဝတ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
အနားယူခြင်းဟာ နာကျင်မှုကိုသက်သာစေယုံမက ပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။လိုအပ်လျင် paracetamol,ibuprofen အစရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးပြုနိုင်တယ်။ဗီတာမင် အေ-စီ-အီး-ဇင့်-ဆယ်လီနီယမ် ပါဝင်တဲ့အားဆေးတွေက ခုခံအားအတွက်သာမက ပျောက်ကင်းမှုကို မြန်ဆန်စေတယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ပုံမှန်ထက်စားသုံးသင့်တယ်။

ဆိုးရွားလာပါက ဆရာဝန်နဲ့ပြ
မပျောက်ကင်းပဲရောဂါလက္ခဏာပိုမိုဆိုးရွားလာပါက  တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပါ။ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ anti-viral ဗိုင်းရပ်စ်သတ်ဆေးတွေ ပေးပါလိမ့်မယ်။acyclovir,famcyclovir,valacyclovir စတာတွေကို အသုံးများကြတယ်။အနည်းဆုံး တပတ်၊ဆယ်ရက်ပေးတတ်ကြတယ်။လိမ်းဆေး၊သောက်ဆေး သုံးနိုင်တယ်။ရောဂါလက္ခဏာပြင်းထန်ရင် စတီးရွိုက်ဆေးတွေ ပေါင်းထည့်မယ်။steroid ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် သတိထားသုံးစွဲရတယ်။short course ရက်အနည်းငယ်သာပေးပြီး ဖြည်းဖြည်းချင်း ဖြတ်ရတယ်။နာတာ၊ယားတာအတွက် lignocaine gel၊calamine lotion လိမ်းဆေးတွေ လိုကောင်းလိုမယ်။နာတာမသက်သာရင်၊ရေရှည်ခံစားနေရရင် pregabalin၊ gabapentin၊ amitryptyline စတဲ့ အာရုံကြောဆေးတွေ အသုံးပြုရတယ်။သတိလည်း ထားရတယ်။

အသက်၅၀ ကျော်တွေ ကာကွယ်ဆေးထိုး
"ရေယုန်နာကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ကြပါ" ဆိုတာ အဓိကအားဖြင့် ရေကျောက်ဖြစ်ဖူးသူတွေကို ဆိုလိုတာပါ။ အဓိကအားဖြင့် အသက်၅၀ကျော် အရွယ်တွေကို ထိုးခိုင်းပါတယ်။ ရေယုန်ပြန်ဖြစ်ဖို့အခွင့်လန်း နည်းသလို တတိယအဆင့် postherpetic neuralgia ကို သိသိသာသာ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ကြိုတင်သတိထားပါ
ရေကျောက်၊ရေယုံဖြစ်ပွားနေသူတွေနဲ့ အသားအရည်ချင်း ထိတွေ့မှုကို ရှောင်ကြဉ်သင့်တယ်။
အထူးသဖြင့်အနာပေါက်ပြဲချိန်ထွက်လာတဲ့ အရည်ဟာ ဗိုင်ရပ်စ်ပါဝင်မှုအများဆုံးဖြစ်လို့ အထူးသတိထားဖို့လိုတယ်။
ပတ်ဝန်းကျင်မှာ အနီစက်၊အနာပေါက်သူတွေကို သတိထားဆက်ဆံပါ။ အားပေးပါ။ စိတ်အားမငယ်စေနဲ့။ ရေယုန်ပေါက်တိုင်း တောင်ထင်၊မြောက်ထင် မထင်ပါနဲ့။ လူတိုင်းပေါက်နိုင်ပါတယ်။ 
ရေများများသောက်ပေးပါ။

ရေကျောက် "ကြောက်ရွံ့ခြင်း"၊ ရေယုန် "ယုံလွယ်ခြင်း"မှ အားလုံး ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(27.4.12)



16 comments:

  1. ဆရာခင်ဗျာ ကျွန်တော်လူပျိုပေါက်တုန်းက ရေကျောက်ဖြစ်ဘူးပါတယ် အခုဆရာရေးထားတဲ့ အကြောင်းကိုဖတ်မိမှတော်လေး၂ သိခွင့်ရခဲ့ပါတယ် ဆရာပြောတဲ့ shingles vaccine ဆိုတဲ့ဆေးကို အသက်ရွယ်မရွေးထိုးလို့ရပါသလား ဘယ်နှစ်ကြိမ်လောက်ထိုးရပါသလဲ တစ်ခါထိုးပြီးသွားရင် ရာသက်ပန်ကာကွယ်ပေးပါသလား ဘယ်လောက်ကုန်ကျမလဲဆိုတာကို ပြည့်၂စုံ၂ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ

    ReplyDelete
    Replies
    1. ရေယုန်ကာကွယ်ဆေးဆိုတာ Zostavax နာမည်နဲ့ ရှိပါတယ်။ live attenuated vaccine မျိုး ဖြစ်ပါတယ်။မြန်မာနိုင်ငံကို ဝင်တယ်လို့တော့ မကြားမိသေးဘူး။ ဈေးအားဖြင့် သိန်းဂဏာန်းရှိနိုင်တယ်။ နိုင်ငံတခုနဲ့တခု မတူညီကြဘူး။ ပုံမှန်အားဖြင့် အသက်၆၀နှစ်အထက်ဖြစ်မှ ထိုးရတယ်။၂၀၁၁ခုနှစ်မှာ အမေရိကားFDAက အသက်၅၀အထက်တွေ စထိုးနိုင်တယ်လို့ ခွင့်ပြုခဲ့တယ်။ ဘာလို့လဲဆိုတော့ အသက်၅၀အထက်မှာထက်ဝက်ခန့်ဟာ ခုခံအားကျဆင်းချိန်မှာ ပြန်ဖြစ်နိုင်လို့ပါ။ခုခံအားကျဆင်းသူတွေတော့ ကာကွယ်ဆေးမထိုးသင့်ဘူး။ ဆေးထိုးတဲ့အခါ လက်မောင်းမှာ အသားဆေးထိုးပေးရတယ်။ လက်ရှိချိန်ထိ တကြိမ်သာ ထိုးခိုင်းတယ်။ ဆေးထိုးပြီးလေးနှစ်နောက်ပိုင်းမှာ ကာကွယ်ပေးမလား မသေချာသေးဘူး။ထပ်ထိုးဖို့လည်း မပြောဘူး။တခါက ဆေးခန်းမှာ နိုင်ငံခြားပြန်လူကြီးတယောက် ထိုးခဲ့တာတော့ ကြုံဖူးတယ်။ ကိုယ်တိုင်တော့ ယနေ့ချိန်ထိ မထိုးခဲ့ဖူးဘူး။

      Delete
  2. ဆရာ ရေယုန်ဖြစ်သူ ၇၀% ဟာ HIV ကူးစက်ခံရသူဆိုတာ ဟုတ်ပါသလား ? ရေယုန် ဟာ HIV အတွက် စိုးရိမ်ရပါသလား ?

    ReplyDelete
  3. HIV ပိုးဟာ ခုခံအားကို ကျဆင်းစေတယ်။ ဒီပိုးရှိရင် တခြားရောဂါတွေ ဝင်လာတယ်။ ဒါပေမယ့် ရေယုန်ဖြစ်သူတိုင်း HIVပိုး မရှိကြပါ။ HIVပိုးရှိရင် ရေယုန်ုဖြစ်နိုင်ချေပိုများတာတော့ ဟုတ်ပါတယ်။ငယ်ငယ်ကရေကျောက်ပေါက်ဖူးရင် ကြီးလာတဲ့အခါ ရေယုန်ပေါက်တတ်တယ်။ ဒါ့ကြောင့် ရေယုန်ရှိပေမယ့် HIV ရှိလိမ့်မယ်လို့ မထင်မှတ်သင့်ပါဘူး။

    ReplyDelete
  4. ရေယုန် ကို ဆေးပညာ အရ ဘယ်လို နာမည် ပေး ခေါ်ဝေါ်ပါသလဲ ဆရာ

    ReplyDelete
    Replies
    1. ဆေးပညာလို herpes, အင်္ဂလိပိလို shingles လို့ခေါ်ပါမယ်

      Delete
  5. ဆရာကျွန်တော်ရေကျောက်ပေါက်ပြီးနောက် အပူဖုလို့အဖုလေးတွေဆက်ထွက်နေပါတယ် အဖုသေးသေးလေးတွေပါ
    စိတ်ဖိစည်းမှုများလို့ထွက်တာလားဗျ ဘာလို့ထွက်တာလဲဗျ ကျွန်တော်အသက်က ၂၀ကျော်ပါ အဖုလေးတွေကများတယ် လည်ပင်း ရင် ဘတ် နောက်ကျော မှာပါ ရေ ကျောက်ဖုနဲ့ လုံးဝမတူပါ ဆရာ အကြံပေးပါဦး

    ReplyDelete
  6. ဆရာကျွန်တော်ရေကျောက်ပေါက်ပြီးနောက် အပူဖုလို့အဖုလေးတွေဆက်ထွက်နေပါတယ် အဖုသေးသေးလေးတွေပါ
    စိတ်ဖိစည်းမှုများလို့ထွက်တာလားဗျ ဘာလို့ထွက်တာလဲဗျ ကျွန်တော်အသက်က ၂၀ကျော်ပါ အဖုလေးတွေကများတယ် လည်ပင်း ရင် ဘတ် နောက်ကျော မှာပါ ရေ ကျောက်ဖုနဲ့ လုံးဝမတူပါ ဆရာ အကြံပေးပါဦး

    ReplyDelete
  7. ဆရာကျွန်တော်ရေကျောက်ပေါက်ပြီးနောက် အပူဖုလို့အဖုလေးတွေဆက်ထွက်နေပါတယ် အဖုသေးသေးလေးတွေပါ
    စိတ်ဖိစည်းမှုများလို့ထွက်တာလားဗျ ဘာလို့ထွက်တာလဲဗျ ကျွန်တော်အသက်က ၂၀ကျော်ပါ အဖုလေးတွေကများတယ် လည်ပင်း ရင် ဘတ် နောက်ကျော မှာပါ ရေ ကျောက်ဖုနဲ့ လုံးဝမတူပါ ဆရာ အကြံပေးပါဦး

    ReplyDelete
  8. ဆရာ ကျွန်တော် အခု ဂရင်ဂျီနာခွဲထားတာ ၁ပတ်လောက်ပဲရှိပါသေးတယ် ! အနာက နာလွန်းလို့ လူတောင် ပိန်သွားပါတယ်! အခု ကျန်တော် ဘယ်ဘက် ခြေထောက်မှာ ရေယုန်တွေ ပေါက်နေပါတယ်! စ စ ချင်း သတိထားမိတာတော့ ဒူးကနေ အနီးကွက်ကြီးစတာပါ! အဲ့ကမှပြန့်သွားတာပါ! လည်ချောင်းတွေလဲ အရမ်းနာပါတယ်! ကျွန်တော်ကြောက်နေတာ HIV များဖစ်နေတာလားလို့ပါ ဆရာ! နောက်တော့ မသိတာလေး မေးပါရစေ ဆရာ HCV Antibody နဲ့ HBs Ag ဆိုပီး ဆေးစစ်ချက်မှာတွေရပါတယ် ၂ခု စလုံးက Negative ပါ! အဲ့ဒါဘာကိုစစ်တာလဲ ဖြေကြားပေးပါအုံးဆရာ !

    ReplyDelete
  9. ဆရာကျွန်တော့်ကလေးတင်ပါးမှာမနာဖြစ်နေလို့ ပါ အဲဒါရေယုန်လို့ အများကပြောတယ်ဟုတ်ပါသလားဆရာ

    ReplyDelete
  10. ကျေးဇူးတင်ပါတယ် ဆရာ
    အခုလိုရှင်းပြတဲ့အတွက်
    မသိတာတွေ
    အများကြီးကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ဆရာ ကျွန်တော့်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီးပူထိထားသလို အရည်ဖုခြေသန်းခွံလောက် လူမမြင်တဲ့နေရာမှာ တက်ပါတယ်
    အစကတော့ မြင် လဲမမြင် ရ
    နာတာယားတာလဲမရှိတော့ အမှုမဲ့အမှတ်မဲ့ပါပဲ
    မနေ့လောက်ကမှ ယားတာကသိသာလညပါတယ် ပုရွက်ဆိတ်ကိုက်သလို ဆစ်ခနဲနာပြီး ရေယုံလိုအဖုတွေပွားလာပါတယ် ဒီနေ့က မနေ့ကထက် ပိုဆိုးလာပါတယ် ရေယုံလိုအဖုလေးတွေပြုံထွက်လာပါတယ်
    အခုတလော စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး stress လဲများတယ် စိတ်ညစ်စရာတွေလဲကြုံရတယ်
    ပြီးရင်
    အစာစားတိုင်း အန်ချင်သလို အစာမကြေဘူး
    ဆိုင်မဆိုင်တော့မသိပေမဲ
    ဘာဖြစ်တာလဲသိချင်ပါတယ်ဆရာ ရေယုံလား
    တကိုယ်လုံးပွားလာမှာလည်းကြောက်ပါတယ် လမ်းလျှောက်ရတာလဲ အဆင်မပြေပါဘူး
    မေ့မေါပျောက်ပျောက်ဖြစ်နေရင် သက်သာပေမဲ့
    လမ်းလျှောက်တာတို့ဖြစ်ဖြစ်ထိမိရင် စပ်ပြီးယားပါတယ် အဲလိဖြစ်လာရင် ပွားလာတယ်လို့လဲထင်မိပါတယ်ပြန်ဖြေပေးပါဆရာ
    ဘယ်လိုကုသရမယ် ပျောက်ဖို့ဘယ်လောက်ကြာတယ်ဆိုတာလည်းသိပါရစေ

    ReplyDelete
  12. ဆရာ ကျွန်တော့်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီးပူထိထားသလို အရည်ဖုခြေသန်းခွံလောက် လူမမြင်တဲ့နေရာမှာ တက်ပါတယ်
    အစကတော့ မြင် လဲမမြင် ရ
    နာတာယားတာလဲမရှိတော့ အမှုမဲ့အမှတ်မဲ့ပါပဲ
    မနေ့လောက်ကမှ ယားတာကသိသာလညပါတယ် ပုရွက်ဆိတ်ကိုက်သလို ဆစ်ခနဲနာပြီး ရေယုံလိုအဖုတွေပွားလာပါတယ် ဒီနေ့က မနေ့ကထက် ပိုဆိုးလာပါတယ် ရေယုံလိုအဖုလေးတွေပြုံထွက်လာပါတယ်
    အခုတလော စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး stress လဲများတယ် စိတ်ညစ်စရာတွေလဲကြုံရတယ်
    ပြီးရင်
    အစာစားတိုင်း အန်ချင်သလို အစာမကြေဘူး
    ဆိုင်မဆိုင်တော့မသိပေမဲ
    ဘာဖြစ်တာလဲသိချင်ပါတယ်ဆရာ ရေယုံလား
    တကိုယ်လုံးပွားလာမှာလည်းကြောက်ပါတယ် လမ်းလျှောက်ရတာလဲ အဆင်မပြေပါဘူး
    မေ့မေါပျောက်ပျောက်ဖြစ်နေရင် သက်သာပေမဲ့
    လမ်းလျှောက်တာတို့ဖြစ်ဖြစ်ထိမိရင် စပ်ပြီးယားပါတယ် အဲလိဖြစ်လာရင် ပွားလာတယ်လို့လဲထင်မိပါတယ်ပြန်ဖြေပေးပါဆရာဘယ်လိုကုသရမယ် ပျောက်ဖို့ဘယ်လောက်ကြာတယ်ဆိုတာလည်းသိပါရစေ

    ReplyDelete
  13. ဆရာခမျာ့ ရေကျောက်ပေါက်နေစဉ်အတွင်း မျက်နှာဖောတာတေရှိပါသလားခင်မျာ ခေါင်းမာပေါက်တဲ့အရေကြည်ဖုလေးတေပျောက်သွားရင်ဆပင်ကပုံမှန်အတိုင်းပြန်ပေါက်မှာလားခင်မျာကျေးဇူးပြုပြီးမသိလို့ဖြေကြားပေးပါခင်မျာ

    ReplyDelete
  14. နှုတ်ခမ်းနားတ၀ိုက်မှာ အရေကြည်ဖုလေးတွေ ပြုံပေါက်လာပြီး တဆစ်ဆစ်နဲ့ နာကျင်တာဟာလည်း
    ရေယုန်နာပေါက်တာပဲလားခင်ဗျာ သိပါရစေ

    ReplyDelete