Wednesday, May 22, 2013

ခွေးကိုက်ခံရတဲ့ အခါ......

အခုတလော ခွေးလေခွေးလွင့်တွေ နေရာတကာမှာ တွေ့နေရတယ်။ အခု ဒီဆောင်းပါးကို ရေးနေချိန်မှာတောင် ခွေးဟောင်သံကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ပတ်ဝန်းကျင်မှာ ခွေးတွေကလည်း ပိုများလာသလိုပဲ။ မြို့တော် စည်ပင်သာယာကတော့ ခွေးလေခွေးလွင့် ရှင်းလင်းရေးတွေ အုပ်စုလိုက်လုပ်တယ်လို့ဆိုတယ်။ ထားပါတော့။ ဆိုလိုချင်တာက မိမိပတ်ဝန်းကျင်မှာ ခွေးလေခွေးလွင့်များခြင်းဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း မကောင်းပြန်ဘူး။ ခွေးဆိုတာ အစုံစားသတ္တဝါ။ နောက်ဆုံးကုန်ကုန်ပြောရရင် ရောဂါပိုးမွှား စုံလင်ပါတယ်ဆိုတဲ့ မစင်ကိုတောင် ချမ်းသာမပေးဘူး။ ဒီတော့ သူ့ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ စုံလင်မယ်ဆိုတာ မေးစရာတောင် မလိုဘူး။ တွေးကြည့်တာနဲ့ကို သိနိုင်တယ်။ 


တချို့က ခွေးကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးကြတယ်။ တကယ့်ကို တယုတယနဲ့ အစားအသောက်၊အနေအထိုင်ကအစ အဆင့်အတန်းမြင့်မြင့် ထားကြတယ်။ တချို့ဆိုရင် လူစားတာထက်တောင် အဆင့်အတန်းမြင့်သေးတယ်။ အိပ်ရင်တောင် အတူတူအိပ်ပြီး သားသမီးရင်းခြာလို ကျွေးမွေးစောင့်ရှောက်တတ်ကြတယ်။ ဖျားရင် တိရစ္ဆာန်ကုဆရာဝန် နဲ့ သေချာပြသပြီး ကာကွယ်ဆေးတွေလည်း ပုံမှန် ထိုးထားတတ်ကြတယ်။ တချို့လူတွေထက်တောင် ကံကောင်းတယ်ဆိုရမလားပဲ။ ဒါပေမယ့် လောကကြီးက အကောင်း နဲ့အဆိုးကို ဒွန်တွဲနေစေတယ်။ ကံကောင်းတဲ့ခွေးတွေရှိသလို ကံဆိုးတဲ့ခွေးတွေလည်းရှိကြတယ်။ လမ်းဘေးမှာ အလွယ်တကူမြင်တွေ့နိုင်တဲ့ ခွေးလေခွေးလွင့်တွေပေါ့။ အရေအတွက်အားဖြင့် သူတို့က ပိုများတယ်။ ရောဂါတွေကလည်း ပိုမိုထူပြောတယ်။ 

ခွေးကတဆင့် ကူးတတ်တဲ့ရောဂါတွေ အများအပြားရှိတယ်။ အဲဒီထဲကမှ လူပြောအများဆုံး လူသိအများဆုံးကူးစက်ရောဂါကတော့ ခွေးရူးပြန်ရောဂါပဲဖြစ်တယ်။လူသိများမယ်ဆိုလည်း များလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုးမွှားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေထဲမှာ ၁၁ ခုမြောက် အသေအပျောက်အများဆုံး ဖြစ်လို့ပါပဲ။ ခွေးကိုက်ခံရပြီဆိုတာနဲ့ လူတွေဟာ ခွေးရူးပြန်ရောဂါကိုပဲ မျက်စိထဲ ပြေးမြင်တတ်ကြတယ်။ 

ခွေးရူးပြန်ရောဂါကို အင်္ဂလိပ်လို rabiesလို့ ခေါ်ပါတယ်။ ဖြစ်စေတာက rabies virus လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ပါ။ rabies virus အုပ်စုဝင် ဖြစ်ပြီး Lyssavirus မျိုးစုထဲမှာပါတယ်။ RNA virus ပဲ ဖြစ်တယ်။ rabies ဆိုတာ လက်တင်ဘာသာက လာတာဖြစ်ပြီး "ဂယောက်ခြောက်ခြား ရူးသွပ်ခြင်း" လို့အဓိပ္ပာယ်ရပါတယ်။
BC 2000လောက်ကတည်းက လူတို့မှတ်တမ်းတင်ခဲ့တယ်။နှစ်စဉ်လူပေါင်း ၆၀,ဝ၀ဝ နီးပါးကို သတ်ဖြတ်လေ့ရှိ တယ်။အိန္ဒိယနိုင်ငံဟာ အသေအပျောက် အများဆုံးနိုင်ငံအဖြစ် နာမည်ကြီးတယ်။ အိန္ဒိယလိုနိုင်ငံမျိုးမှာ ခွေးတွေသာမက မျောက်တွေကလည်း လက်သည်တရားခံအဖြစ် ပါဝင်တယ်။ 

အိန္ဒိယနိုင်ငံမြို့တစ်မြို့ဖြစ်တဲ့ အာဂရာမှာဆိုရင် လမ်းဘေးအုတ်နံရံတွေပေါ်မှာ မျောက်တွေဆော့နေတာ အတိုင်းသား တွေ့မြင်နိုင်တယ်။ တပ်ခ်ျမဟာကိုသွားရင် အာဂရာမြို့ကသွားရတယ်။ သူတို့နိုင်ငံမှာ မျောက်ကုတ်ခံရလို့ ခွေးရူးပြန်ကာကွယ်ဆေး လာထိုးတဲ့လူနာတွေ မနည်းဘူးလို့ဆိုတယ်။ တချို့ကျွန်းစုနိုင်ငံတွေ (အင်္ဂလန်၊ ဂျပန်၊ ဖင်လန်) စတဲ့နိုင်ငံတွေကတော့ ခွေးရူးပြန်ရောဂါကင်းမဲ့တယ်လို့ ကြေငြာတယ်။ 

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူရဲ့တစ်ဝက်ကျော်ဟာ အာရှတိုက်ကပဲ ဖြစ်ပါတယ်။ ခွေးရူးပြန်ဖြစ်စေတဲ့ တိရစ္ဆာန်တွေ အများအပြားရှိသော်လည်း ၉၀ ရာခိုင်နှုန်းကျော်ဟာ ခွေးတွေ၊ကြောင်တွေပဲ ဖြစ်ပါတယ်။တချို့က ၉၉ ရာ ခိုင်နှုန်းလို့ဆိုတယ်။ ဒါကြောင့်လဲ ခွေးရူးပြန်ရောဂါလို့ ခေါ်ဝေါ်ကြဟန်တူတယ်။ သို့သော် ခွေးကိုက်ခံရတိုင်း ခွေးရူးပြန်ဖြစ်တာတော့ မဟုတ်ပါ။ မိမိကိုကိုက်သော ခွေးက ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ကူးစက်ထားမှသာ ခွေးရူးပြန်ရောဂါဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခွေးကိုက်ခံရပါက ကိုက်တဲ့ ခွေးကိုမသတ်ဘဲ ၁၀ ရက်ခန့်စောင့်ကြည့်ပြီးမှသာ ခွေးရူး၊ခွေးကောင်း ပြောနိုင်ပါတယ်။ 

ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခံရခြင်းမှ ကူးစက်တတ်တယ်ဆိုတာ အထူးပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ ခွေးကိုက်ခံရပြီး ဘယ်လို၊ဘယ်ပုံ ကူးစက်ခံရတယ်ဆိုတာ အနည်းငယ် ရှင်းပြလိုပါတယ်။ ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးဟာ ခွေးရဲ့သွားရည်ထဲမှာ စုစည်းနေထိုင်ပြီး ခွေးကိုက်ခံရပါက ပေါက်ပြဲသွားတဲ့ အနာကတဆင့် ဗိုင်းရပ်စ်ပိုး ဟာ လူ့ခန္ဓာကိုယ်ထဲ စတင်ဝင်ရောက်လာပါတယ်။
ဝင်ရောက်လာတဲ့ဗိုင်းရပ်စ်ပိုးဟာ ကြွက်သားထဲထိ ဝင်ရောက်ပြီး တဖြည်းဖြည်းပြန့်ပွားလာပါတယ်။ ထိုမှတဆင့် အာရုံကြောတစ်လျှောက် ဝင်ရောက်လာပြီး အာရုံခံနာဗ်ကြောမကြီး(spinal cord) ထိ ပျံ့နှံ့လာပါတယ်။ အာရုံကြောတလျှောက် ဝင်ရောက်လာပြီး နောက်ဆုံးမှာ ဦးနှောက်ထဲထိ ဝင်ရောက်လာပြီး ရောဂါလက္ခဏာတွေ စတင်ပြသလာတတ်ပါတယ်။ ယေဘုယျအားဖြင့် တစ်ရက်မှာ ၄ လက်မနှုန်း နဲ့ ပျံ့နှံ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် ရောဂါစတင်ဝင်ရောက်တဲ့နေရာဟာ ဦးခေါင်းပိုင်းနဲ့နီးလေ ရောဂါလက္ခဏာ မြန်ဆန်စွာပြဖို့ အခွင့်အလမ်းများလေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရောဂါစတင် ဝင်ရောက်ပြီး တစ်လ၊နှစ်လအတွင်းမှာ လက္ခဏာစတင်ပြသလေ့ ရှိပါတယ်။
တစ်ခါတရံနှစ်နဲ့ချီပြီးတောင် ကြာတတ် ပါတယ်။ 

အစောဆုံးပြသတဲ့လက္ခဏာတွေကတော့ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ မလှုပ်ချင်အောင်နုံးချိမယ်။ အသက်ရှူကျပ်တာ၊ ညအိပ်မပျော်တာဖြစ်မယ်။လည်ချောင်းနာတာတွေဖြစ်မယ်။ ဒါ့အပြင်အကိုက်ခံရတဲ့ နေရာက ထုံတာ၊ ပူတာ၊ နာတာ၊ ယားတာ အစရှိသဖြင့် ဖြစ်ပေါ်လာမယ်။ ဒီလိုလက္ခဏာမျိုး ကို ငါးရက်၊ တစ်ပတ်ခန့် ခံစားရပါမယ်။ ဒီအဆင့်ပြီးတဲ့အခါ ရောဂါလက္ခဏာဟာ ပြောင်းလဲလာတယ်။ ဒေါသအဆမတန် ထွက်လာမယ်။ စိတ်တိုလွယ်လာမယ်။ စိတ်ဂယောက်ခြောက်ခြား၊ ဂဏှာမငြိမ်ဖြစ်လာမယ်။ ဒီလိုဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားပါတယ်။ တစ်ခါတရံ Paralytic rabies ခေါ်တဲ့ အကြောသေတဲ့ပုံစံမျိုးနဲ့လည်း လာတတ်ပါသေးတယ်။ အကိုက်ခံရတဲ့ ခြေထောက်က တဖြည်းဖြည်းထုံလာပြီး မလှုပ်နိုင်အောင်ဖြစ်လာမယ်။ပြီးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ခြေတွေ၊ လက်တွေပါမကျန် အကြောသေပြီး နောက်ဆုံးအသက်ရှူတာ၊ အစာမျိုတာပါ ခက်ခဲပြီး သေဆုံးရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလက္ခဏာမျိုး ပြသသူဟာ ပိုမိုရက်ကြာကြာနေရတတ်ပါတယ်။ ပုံမှန်အားဖြင့် ဦးနှောက်နဲ့ သက်ဆိုင် တဲ့ ရောဂါလက္ခဏာတွေပေါ်ပေါက်ပြီး တစ်ပတ်အတွင်း သေဆုံးတတ်သော်လည်း Paralytic rabiesတွင်နှစ်ပတ်ခန့်အထိ အသက်ရှင်နိုင်ပါတယ်။ 

လက်ရှိအချိန်ထိ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊မရှိ စမ်းသပ်နိုင်ခြင်းမရှိသေးပါဘူး။ ရောဂါလက္ခဏာတွေ ထင်ရှားလာမှသာ ခွေးရူးပြန်ရောဂါဆိုပြီး မှတ်ချက်ချနိုင်ရုံကလွဲလို့  အသက်ကယ်နိုင်တော့မှာ မဟုတ်ပါ။ ခွေးရူးပြန်ရောဂါအတွက် ကုရာနတ္တိ ဆေးမရှိလို့ဆိုရမှာပါပဲ။ဒါဆိုရင် ခွေးကိုက်ခံရပြီး ဆေးထိုးတာကကော ကုသတာမဟုတ်ဘူးလား။ မေးစရာရှိပါတယ်။ ဆေးထိုးတာဟာ ကာကွယ်ဖို့အတွက် သက်သက်ဘဲ ဆေးထိုးတာ ဖြစ်ပါတယ်။ ကုသခြင်းမဟုတ်ပါ။ အကယ်၍ ခွေးကိုက်ခံရပြီးပါက ကာကွယ်ဆေးမထိုးထားဘဲ ရောဂါလက္ခဏာ ပေါ်ပေါက်ပြီးမှ ဆရာဝန်လာပြရင် ဘာမှတတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဗိုင်းရပ်စ်ပိုးဟာ ဦးနှောက်ထဲထိ ပျံ့နှံ့သွားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးခွေးကောင်းမသိတဲ့အခါ မိမိဘက်က ကာကွယ်ဆေးထိုးထားတာ မမှားပါဘူး။ လက်ရှိအချိန်မှာ ကာကွယ်ဆေးငါးကြိမ် (သို့)သုံးကြိမ် ထိုးရင်ဘဲ ကာကွယ်နိုင်ပါပြီ။ ဒါ့အပြင် ကိုက်တဲ့ခွေးကိုလည်း ၁၀ ရက်ခန့် စောင့်ကြည့်သင့်ပါတယ်။ 

ခွေးကိုက်ခံရင် ဘာလုပ်ကြမလဲ။ 
လိုက်နာစရာအချက်သုံးချက်နဲ့ ပြောပါမယ်။
၁။ ခွေးကိုက်ခံရတဲ့ အနာကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ 
-ရေပိုက်ခေါင်းက စီးဆင်းနေတဲ့ရေဟာ အသင့်တော်ဆုံးပါပဲ။ 
-ရေဆေး ပြီးရင် အနာကို ခြောက်သွေ့အောင် သန့်စင်တဲ့အဝတ်နဲ့အသာအယာ ပွတ်တိုက်ပေးပါ။ 
-အနာကို အရက်ပြန်နဲ့ဂွမ်းသုံးပြီး ထပ်မံသန့်စင်ပါ။ 
-အရက်ပြန်ကို ခြောက်သွေ့အောင်ထားပြီး iodine အရည်(Betadine or Septidine) နဲ့ နောက်ဆုံး အဆင့်ဆေးကြောပါ။ 
-ဆေးကြောထားတဲ့အနာကို သန့်စင်တဲ့ပတ်တီးနဲ့ စည်းပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပါ။
- ခွေးကိုက်ခံရပါက ဆရာဝန်ထံ  သွားရောက်ပြသပြီး တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
၂။ ဆရာဝန်ဆီရောက်ပါက ခွေးကိုက်ခံရတဲ့ အနာနားတဝိုက်ကို လိုအပ်ရင် ဆေးထိုးပေးပါလိမ့်မယ်။ 
-Anti-rabies Immunogiobulin (RIG)လို့ခေါ်တဲ့ ဖြေဆေးတစ်မျိုးကို ပေးတတ်ကြပါတယ်။ 
-ဒီဆေးဟာ တစ်ပတ်အတွင်းထိုးပေးရမှာဖြစ်ပါတယ်။ 
-သို့သော် ထိုးသင့်၊မထိုးသင့်ဆရာဝန်ကဆုံးဖြတ်ပါလိမ့်မယ်။ 
-သတိထားရမည့်အချက်မှာ ခွေးကိုက်ခံထားရသောအနာကို မည်သည့်အခါတွင်မှ ချုပ်မပေးရပါ။ 
၃။ နောက်ဆုံးအချက်ကတော့ rabies vaccine ခေါ်တဲ့ ကာကွယ်ဆေး ထိုးပေးခြင်းပါ။ -Essen method နဲ့ Zagreb method ဆိုပြီးနှစ်မျိုးရှိပါတယ်။ 
-ပုံမှန်အားဖြင့် Essen method ငါးကြိမ်ထိုးနည်းကို အသုံးပြုကြပြီး RIG ဖြေဆေးမရှိတဲ့အခါ Zagreb method သုံးကြိမ်ထိုးနည်းကို အသုံးပြုကြပါတယ်။ 
-ပါဝင်တဲ့ဆေးကအတူတူ ဖြစ်ပြီး လက်မောင်းမှာ အသားဆေးထိုး ရမှာဖြစ်ပါတယ်။ 
-ESSEN Method မှာ ရောက်ရောက်ခြင်းတစ်ကြိမ်၊၃ ရက်မှာ တစ်ကြိမ်၊ ၇ ရက်မှာ တစ်ကြိမ်၊ ၁၄ ရက်မှာတစ်ကြိမ်နဲ့ ၂၈ ရက်မှာ တစ်ကြိမ် စုစုပေါင်း ငါးကြိမ်ထိုးပေးရပါမယ်။ 
-Zagreb method မှာရောက်ရောက်ချင်းနှစ်နေရာ (ဘယ်လက်မောင်းနဲ့ ညာလက်မောင်း)တစ်ကြိမ်၊ ၇ ရက်မှာ တစ်ကြိမ်၊ ၂၁ ရက်(သို့) ၂၈ ရက်မှာ တစ်ကြိမ်စုစုပေါင်းသုံးကြိမ် ထိုးပေးရမှာ ဖြစ်ပါတယ်။ 
(ESSEN 0,3,7,14,28 or Zagreb 0,7,21)

ဖော်ပြပါ အချက်များထဲမှ နံပါတ်(၁) အချက်ဟာ လူနာ ကိုယ်တိုင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဖြစ်ပါတယ်။
ကူးစက်နိုင်ခြေများသူများ(Risk person) တွေကို pre-exposure vaccine ခေါ်တဲ့ ကြိုတင်ကာကွယ်ဆေးထိုးပေးနိုင်ပါတယ်။ အနည်းဆုံး သုံးကြိမ်ပေးရမှာ ဖြစ်ပြီး Zagreb method နဲ့ ဆင်တူပါတယ်။ နောက်ပိုင်းလိုအပ်ရင်လည်း ထိုးပေးနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက် မိခင်တို့ကို လည်း ထိုးပေးနိုင်ပါတယ်။ တိရစ္ဆာန်ချစ်တတ်သူများဟာ မိမိတို့ရဲ့ တိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေး ထိုးပေးထားသင့်ပါတယ်။ ခွေးကိုက်ခံရသူရဲ့ ထက်ဝက်ကျော်ဟာ ကလေးများဖြစ်တာကြောင့် အထူးဂရုစိုက်စေချင်ပါတယ်။ ဒါ့အပြင် ရောဂါကာကွယ်ဖို့အတွက် ခွေးလေ၊ခွေးလွင့် ရှင်းလင်းရေးဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အဓိက ပါဝင်ပတ်သက်နေပါတယ်။
"ခွေးလေခွေးလွင့် ကင်းစင်ဖို့၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စို့။" လို့ တိုက်တွန်းပါရစေ။

ဒေါက်တာအေးမင်းထူး
Health Care Journal(3.5.12)

No comments:

Post a Comment