Friday, July 19, 2013

ဆီးပူဆီးအောင့် ဖြစ်နေလို့ပါ


ဒေါက်တာ... ကျနော်အသက်က ၂၀ပါ။
မလေးရှားမှာနေပါတယ်။ဒီရောက်တာ ၂နှစ်ကြာပါပြီ။
ဒီရောက်ကတည်းက ကျန်းမာရေးချူချာပါတယ်ဆရာ။
ဒီမှာက အရမ်းပူတော့ ဆီးရောဂါ ခဏခဏ ဖြစ်တယ်ဆရာ။
ဆေးခန်းသွားတဲ့ အခါလည်း သွားပါတယ်။ အခုတစ်လော မလေးရှားက ပြဿနာတွေကြောင့် အပြင်မထွက်ရဲဘူးဆရာ။
ကျနော် သတိထားပြီးတော့ ရေလည်း မျာများသောက်ပါတယ် ဆရာ။ငရုတ်သီးကိုလည်း ဖြတ်နေပါတယ်။
sunday နေ့က ပိတ်ရက်ဆိုတော့ ရေသောက်ဖို့ လိုသွားတယ်ဆရာ။ အဲနေ့ ညနေကတည်းက အခုထိ ဆီးအရမ်းအောင့်ပါတယ်ဆရာ။
ရေလည်း ကြိုးစားပြီသောက်ပေမဲ့ အဆင်မပြေပါဘူး။ ဆီသွားချင်ပြီးတော့ မထွက်ဘူးဆရာ။ တစ်စက်နှစ်စက်လောက်ထွက်ဖို့ သေမတတ်ခံစားရပါတယ်ဆရာ။
ဆရာ ကျနော် ဆေးခန်းသွားလို့ မရပေမဲ့။ ဆေးဆိုင်နဲ့ နီးပါတယ်ဆရာ။  ကျနော် ဘာဆေးသောက်ရမလည်း ဆိုတာ ညွန့်ကြားပေးပါဆရာ။
ဆေးနာမည်သိရင် ၀ယ်လို့ရနေပါပြီဆရာ။ ကျနော် အလုပ်လုပ်ဆဲမို့ ဒိလောက်ဘဲ အချိန်ရတယ်ဆရာ။ညရောက်ရင် မေးတစ်ဆောင် ထပ်ပို့ပေးပါမယ်ဆရာ။


ဟုတ်ကဲ့ မလေးရှားက မြန်မာတွေအကြောင်းကြားရတာ ကျွန်တော် တကယ်စိတ်မကောင်းပါ။ ဆီးပူတယ်ဆိုတာ ၂ချက် ဖြစ်နိုင်ပါတယ်။ 
၁။အစားအသောက်၊
၂။ရောဂါပိုးဝင်လို့၊

နံပါတ်တစ် အချက်ကြောင့်ဆိုရင် မကြာခဏပြန်ဖြစ်တတ်တယ်။ဖျားတာ မရှိတတ်ဘူး။နေထိုင်မှု၊စားသောက်မှုပုံစံ ပြောင်းပစ်ရတယ်။ ချဉ်တာ၊စပ်တာမျိုး အဓိက ရှောင်သင့်တယ်။ ကော်ဖီလက်ဖက်ရည် ရှောင်ပေးရတယ်။ရေများများသောက်ရတယ်။ ပူတဲ့ဒေသတွေမှာ ရေတခုတည်းသောက်ရုံနဲ့ မလုံလောက်ဘူး။ ချွေးထွက်တဲ့အခါ ဓာတ်ဆားကိုပါ ဖြည့်တင်းရတယ်။ ဒါ့ကြောင့် ဓာတ်ဆားရည်ကို ထည့်သောက်ပေးသင့်တယ်။ 
အကြံပြုချက်
-ရေတခုတည်း မသောက်ပါနဲ့။ ဓာတ်ဆားရေပါ သောက်ပါ။ 
-ချွေးထွက်သလောက် ကာမိအောင်သောက်ပါ။ အလွန်အကျွံသောက်တာလည်း မကောင်းပြန်ဘူး။
-အပူအစပ်၊အချဉ်ပါတာ၊ကော်ဖီ၊လက်ဖက်ရည် ရှောင်ပေးပါ။
-အက်ဆစ်ဓာတ်များတဲ့အခါ ဆီးပူတတ်တယ်။ အယ်လ်ကာလီ ပြန်ဖြည့်ပေးရတယ်။
-cital syrup(disodium hydrogen citrate)ကို တခါသောက် နှစ်ဇွန်း(10ml) ၊တနေ့ နှစ်ကြိမ် သောက်ပေးပါ။
-Kremil S(သို့)antacid ရနိုင်တဲ့ အစာအိမ်ဆေး တမျိုးမျိုး ဝါးစားပါ။ တနေ့၎-၅ကြိမ် ဝါးစားနိုင်တယ်။ 
-ဗိုက်နာရင် meftal-spas tab(dicyclomine 10mg+mefenamic acid 250) တနေ့ သုံးကြိမ် သောက်ပါ။
-မထွက်တာ တခုကို ဇွတ်ညှစ်ဖို့ မကြိုးစားပါနဲ့။ 

နံပါတ်နှစ်ကြောင့် ဖြစ်ရင် ဖျားတတ်တယ်။ အားယုတ်တာ၊နုံးချိ၊နေမကောင်း ဖြစ်တတ်တယ်။ ဆီးသွားတဲ့အခါ ဆီးပူတတ်တယ်။ အထွက်ခက်သလို ဆီးကျန်နေသလို ခံစားရတတ်တယ်။ ဆီးမသွားတာ ကြာလာတဲ့အခါ ပိုးတွေစုပြီး ဆီးလမ်းကြောင်းပိုးဝင်လာတယ်။ ဆီးပူတာ၊အောင့်တာ တော်တော်နဲ့ မသက်သာတတ်ဘူး။ ဒါ့ကြောင့် ပိုးသတ်ဆေး တမျိုးမျိုးထည့်သောက်ပေးရတယ်။
အကြံပြုချက်
-နံပါတ်တစ် အကြံပြုချက်အတိုင်း လိုက်နာပြီး ဆေးတွေသောက်ပါ။
-ထပ်လိုလာတာက ပိုးသတ်ဆေးဖြစ်တယ်။ဆေးနှစ်မျိုး ပေါင်းသောက်သင့်တယ်။
-norbactin(norfloxacin 400mg) တနေ့နှစ်ကြိမ် ၅ရက် သောက်ပါ။
-metronidazole 400mgကို တနေ့ သုံးကြိမ် ၅ရက် သောက်ပါ။
-အများအားဖြင့် သက်သာကြပါတယ်။ 

လိုသေးရင်၊မသက်သာရင် ထပ်မေးပါ။ အဆင်ပြေပါစေ။

ဒေါက်တာ အေးမင်းထူး
၂၅.၆.၁၃


အခုလို မေးပြန်ပေးလို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ် ဆရာ။
မလေးရှားမှာ မြန်မာ ဆေးခန်းတွေ  ရှိပါတယ်ဆရာ။ ဒါပေမဲ့ ဆရာရယ် အခြားလူမျိုးထက် ကိုယ့်လူမျိုးဆိုရင် ပိုက်ဆံ ၃ဆလောက် ပိုတောင်းပါဆရာ။
ကျနော်တို့မှာ ရေမြေခြားရောက်နေတော့ ကိုယ်လူမျိုးတွေ့ရင် ၀မ်းသာအားရ မြန်မာဆရာဝန်ဆိုတော့  ရောဂါအကြောင်း  ကောင်းကောင်းပြောပြလို့ ရတာပေါ့ဆရာ။
ဒါပေမဲ့ ကျနော်တို့ကို ဆေးဖိုးပိုတောင်းလွန်းတော့ သဌေးက မြန်မာဆေးခန်းသွားရင် ပိုက်ဆံ မပေးဘူးတဲ့ဆရာ။ ကျနော်တို့ နိုင်ငံခြားရောက် မြန်မာတွေ အတွက် ကျန်းမာရေး အရမ်းခက်ခဲပါတယ်ဆရာ။ အခုတော့ ဆေးဆိုင်ပိတ်သွားပြီ။ မနက်ဖြန်မှ ကျနော် ဆေးဝယ်လို့ ရမယ်ဆရာ။ အစားအသောက် နဲ့ ရောဂါပိုးဝင်တာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်ဆရာ။ ဆရာ ပြောတာတွေ အားလုံးတိုက်ဆိုင်တယ်။ ဖျားတော့ မဖျားဘူး အားကုန်နုံးနေတယ်ဆရာ။ ကျနော်က ကောက်ဖီလည်းနေ့တိုင်းသောက်တော့ ပိုဆိုးနေတယ် ထင်ပါတယ်ဆရာ။အခုသိလိုက်ရတော့ ကော်ဖီလည်း မသောက်တော့ပါဘူးဆရာ။ကျေးဇူးပါဆရာ။ ကျနော် ဆေးသောက်ပြီးရင် ဆရာကို အကြောင်းပြန်ပါမယ့်။

No comments:

Post a Comment