Saturday, August 17, 2013

အူလှုပ်ရှားမှုမမှန်တာ ပျောက်နိုင်ပါ့မလား


ဆရာခင်ဗျား
              ကျွန်တော်က အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါ ဖြစ်နေတာပါ။ အူလမ်းကြောင်းနဲ့ အစာအိမ်ကိုလဲ မှန်ဘီလူးကြည့်ဖူးပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ ဟုပြောပါသည်။ မနက်တိုင်း ဝမ်း၃ ၄ ခါ သွားပါသည်။ တစ်ခါတစ်လေ ပိုအကြိမ်ရေများပါသည်။ ဝမ်းမှာလည်း တစ်အားပျော့လွန်းပါသည်။ အခုနောက်ပိုင်း အစာမရှိလျှင် ဗိုက်ထဲတွင် လေတွေများလာပြီး သိသိသာသာကို ဖောင်းလာပါသည်။ အစာမှာလည်း တစ်ခါစားလျှင် အရင်လို အများကြီးမစားနိုင်ဘဲ နဲနဲဘဲ စားနိုင်ပါတော့သည်။ ခန ခနလဲ ဆာပါသည်။ ဆရာခင်ဗျား ပျောက်နိုင်မပျောက်နိုင် သိလိုပါသည်။ အဆိုးဆုံးမှာ ဝမ်းသွားခြင်း ဖြစ်ပါသည်။
                                                                                                 လေးစားစွာဖြင့်



ဟုတ်ကဲ့။အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါမျိုး ဆိုတာ အလွန်အဖြစ်များကြပါတယ်။ အသက်အရွယ်ကို လိုက်ပြီး တယောက်နဲ့တယောက် မတူကြပါဘူး။ မှန်ပြောင်းကြည့်ပြီး အထဲမှာ အနာတည်တာ၊သွေးယိုတာမျိုးမရှိရင် သိပ်ကြီးတော့လည်း မစိုးရိမ်ပါနဲ့။ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ရောဂါဆိုတာ IBS(irritable bowel syndrome)ကို ပြောတာ ဖြစ်နိုင်ပါတယ်။ အမှန်က ရောဂါစစ်စစ်တော့ မဟုတ်ပါဘူး။လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့စေစားမှုကို အူတွေက လိုက်လှုပ်နေတဲ့သဘောဖြစ်ပါတယ်။ဘာ့ကြောင့် ဖြစ်စေမှန်း ကောင်းကောင်းမသိရပေမယ့် အဓိက အားဖြင့် စိတ်အပြောင်းအလဲနဲ့ ဆိုင်တတ်ပါတယ်။ စိတ်လှုပ်ရှားတာ၊စိတ်ပူပင်တဲ့အခါ အူလမ်းကြောင်းက ပိုမိုအလုပ်လုပ်လို့ ဝမ်းပိုသွားတာ၊ဝမ်းပျော့တာမျိုး ဖြစ်တတ်ပါတယိ။ တခါတရံ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ ဝမ်းချုပ်သွားတတ်တယ်။ ဗိုက်နာတာမျိုးရှိနိုင်တယ်။ လေထိုး၊လေပွ ဖြစ်တတ်တယ်။ ဆိုလိုချင်တဲ့သဘောက စိတ်ခံစားချက်ပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။ မေးတဲ့ထဲမှာ ပါတဲ့ မကြာခဏ ဆာတတ်တယ်ဆိုတာက အူလမ်းကြောင်း လှုပ်ရှားမှုများတဲ့သဘောမို့ ဖြစ်ပါတယ်။ ပျောက်နိုင်လားမေးရင်တော့ IBSရောဂါဖြစ်ရင်တော့ ပျောက်နိုင်ပါတယ်။ တချို့လူတွေမှာ အချိန်တခုထိ စောင့်ရတာမျိုးဖြစ်နိုင်တယ်။ ဒီရောဂါမျိုးက ခံစားမှုထိန်းနိုင်လေကောင်းလေ၊စိတ်ဖိစီးမှု လျှော့ချနိုင်လေ ကောင်းလေဖြစ်ပါမယ်။

အကြံပြုချက်
-စိတ်ဓာတ်မကျပါနဲ့။ အဖြစ်များပါတယ်။
-အရာရာကို အကောင်းဖက်က တွေးပါ။ 
-ဖြစ်နေတဲ့ဝေဒနာအပေါ် သိပ်မတွေးပါနဲ့။
-အိပ်ရေးဝဝအိပ်ပါ။
-ဝမ်းပျော့တယ်ထင်ရင် အမျှင်ပါတာ လျှော့စားပေးပါ။
-လေထတဲ့အစားအစာတွေ(ပဲသီး၊ပဲတောင့်ရှည်၊စားတော်ပဲ) ရှောင်ပေးပါ။
-အလားတူလေမထအောင် ဗိုက်ဆာမခံပါနဲ့။
-အစာစားရင် တင်းကားအောင်မစားပဲ သင့်တင့်ရုံစားပါ။
-သို့သော် နည်းနည်းစီ မကြာခဏတော့ စားပေးသင့်တယ်။
-အပူအစပ်၊ချဉ်တာ၊ဂျုံစာ ရှောင်ပေးပါ။
-အစာမရှိပဲ ရေတွေသိပ်သောက်တာမျိုးလည်း မလုပ်သင့်ပြန်ဘူး။
-လောလောဆယ်လက္ခဏာသက်သာအောင် duspatin tab(Mebeverine 135mg) တနေ့ သုံးကြိမ် သောက်ပေးနိုင်တယ်။
-carmicide အရည် 10ml(လက်ဖက်ရည် ၂ဇွန်း ) တနေ့နှစ်ကြိမ် သောက်နိုင်တယ်။
-သိပ်ဆိုးရင် ဦးနှောက်အာရုံကြောနဲ့ ဆိုင်တဲ့ဆေးတွေ ပေးရတတ်တယ်။ 
-သို့သော် ဒီဆေးတွေက ဆရာဝန်ညွှန်ကြားချက်နဲ့ သေချာပေးရပါတယ်။
-အကောင်းဆုံးက ဆရာဝန်ပြန်ပြပါ။ 
-တချို့ရောဂါတွေက လူနာကိုယ်တိုင် လိုက်နာကျင့်သုံးမှ သက်သာပါတယ်။ 

နောက်ပိုင်း ကျန်းမာရေးမေးခွန်းတွေမှာ အသက်အရွယ်က အရေးကြီးလို့ ထည့်ပေးစေချင်ပါတယ်။ ဖြစ်တဲ့ကြာချိန်ကောပေါ့။IBSအကြောင်း ရေးပြီးသားရှိပါတယ်။ ဒီမှာ ဖတ်ကြည့်ပါ။ အဆင်ပြေမှာပါ။
http://drayeminhtoo.blogspot.com/2013/02/irritable-bowel-syndromeibs.html ခံစားမှုရဲ့ စေ့ဆော်ရာ အူလမ်းကြောင်းလှုပ်ရှားမှု ရောဂါ


ဒေါက်တာအေးမင်းထူး
၃၁.၇.၁၃

No comments:

Post a Comment