Sunday, November 29, 2015

Height up calcium အွန်လိုင်း အရပ်ရှည်ဆေး

အွန်လိုင်းမှာ အလွန် ကြေငြာအားကောင်းတဲ့ အရပ်ရှည်ဆေးတမျိုး ဖြစ်ပါတယ်။ကြေငြာကောင်း သလို မေးထားသူတွေလည်း မနည်းပါ။ ကြေငြာဆေးတွေမေးခံရတိုင်း ဆေးအကြောင်းပြန်ဖတ်ရပါတယ်။ အွန်လိုင်းကြေငြာဆေးတွေ ပိုဆိုးတယ်။ ဆရာဝန်တွေနဲ့ နီးစပ်တဲ့ဆေးမျိုး မဟုတ်ပါ။ လိုရင် လိုသလို ဆေးကြေငြာဆိုက်ထိ  ဝတ်ဖတ်ရတယ်။ ခက်တာက ဒီဆေးကြေငြာကို နိုင်ငံခြားဆိုက်တွေမှာ လုံးဝမတွေ့ရတာပါ။ ရေးတာမှန်သမျှက မြန်မာလိုရေးထားတဲ့ ကြေငြာတွေချည်း ဖြစ်နေတယ်။ ကြေငြာသဘော ဆေးအကြောင်းထက် ကောင်းကျိုးနဲ့ ရလာဒ်ကိုသာ ဦးစားပေးဖော်ုပထားတယ်။ 


ဆေးတခု ပြောတဲ့အခါ ပါဝင်ပစ္စည်းက အဓိကကျတယ်။ ဆေးအချိုးအဆသိမှ အာနိသင်ကို ချိန်ဆနိုင်တယ်။ height up calcium အကြောင်း ပြောဖို့ ပါဝင်ပစ္စည်းတွေကို ပြန်ရှာဖတ်ရပါတယ်။ ဆေးဗူးမှာ ပါတဲ့အမည်တွေ တွေ့ပါတယ်။ ဒါပေမယ့် ဆေးတခုချင်းစီရဲ့ ပမာဏကို မတွေ့ရပါ။ ပါဝင်တာတွေ ကြည့်တဲ့အခါ Shellfish Calcium, Coral Calcium, Egg Shell Calcium, Collagen Pepuchido, Glutamine ပါတယ်လို့ ဖတ်ရတယ်။ အမှန်တော့ အကုန်လုံး ကယ်စီယမ်ချည်းပါပဲ။တခုချင်းအကြောင်း နည်းနည်းဆက်ပြောပါမယ်။

• Shellfish Calciumဆိုတာ အခွံမာပါတဲ့ ပင်လယ်ရေသတ္တဝါတွေကထုတ်တာကို ခေါ်တာပါ။ oyster shell ကမာခွံက ထုတ်တာများတယ်။ အများအားဖြင့် calcium carbonate နဲ့ vit D ပါလေ့ရှိတယ်။ ပင်လယ်စာမတဲ့သူများ မသောက်သင့်ပါ။ 

• Coral Calciumဆိုတာ သမုဒ္ဒရာကြမ်းပြင်မှာ အနည်ကျတဲ့ ကျောက်တွေက ရတဲ့ကယ်စီယမ်က်ု ပြောတာဖြစ်တယ်။ အများအားဖြင့် Calcium Carbonate နဲ့ magnesium တွေ ပါလေ့ရှိတယ်။ 

• Egg Shell Calciumကို ကြက်ဥ၊ ဘဲဥ၊ငန်းစတဲ့ဥတွေက ရတယ်။ ဗီတာမင်ဒီပါလို့ အရိုးသိပ်သည်းစကို ကောင်းစေတယ်။ 

• Collagen Pepuchidoဆိုတာ hydrolized ကိုလာဂျင်ကိုပြောတာ။ အရေပြားထဲပျံ့နှံလွယ်တယ်။ 

• Glutamine ဆိုတာ အမိုငိနိုအက်ဆစ်တမျိုးပဲ။ ဒါပေမယ့် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ထဲမှာ မပါဝင်ပါ။ Glutamine ဆိုတယ ဆဲလ်တွေ၊ကြွက်သားတွေမှာ ရှိတယ်။ သွေးကြောထဲမှာ လှည့်ပတ်နေတယ်။ စွမ်းအင်ကိုဖြစ်စေလို့ နလန်ထအခြေအနေမှာ ဒီဓာတ်လိုတယ်။ အမဲသား၊ ကြက်၊ငါး၊ နို့၊ကြက်ဥ၊ ဂျုံ၊ ပဲ၊ ဟင်းနုနွယ်စတဲ့ စိမ်းတဲ့အရွက်တွေမှာ တွေ့ရတယ်။ သစ်သီးဖျော်ရည်ထဲမှာည်း ပါတယ်။ 

ကယ်လ်စီယမ်ဆိုတာ လူ့ခန္ဓာကိုယ်မှာ အကြွယ်ဝဆုံး သတ္တုဓာတ်တမျိုးဖြစ်တယ်။ ကယ်စီယမ်ရဲ့ အဓိကတာဝန်က အရိုးနဲ့သွားတွေ ကြီးထွားဖွံဖြိုးဖို့ဖြစ်တယ်။ ကြွက်သားလှုပ်ရှားမှု၊အာရုံကြောစနစ်၊သွေးခဲစနစ်၊ ဆဲလ်အချင်းချင်း ဆက်သွယ်ရာမှာ ကယ်လ်စီယမ်က အရေးပါတယ်။ လူတယောက်ဟာ ပုံမှန်အားဖြင့် နေ့စဉ် calcium 1000mg လောက် လိုအပ်တယ်။ အသက်ကြီးရင့်သူ၊ သွေးဆုံးသူတွေမှာ 1200-1500mg ထိ လိုအပ်နိုင်တယ်။ 2.5g ထက် များရင် ခန္ဓာကိုယ်အတွက် မကောင်းတော့ပါ။ကယ်လ်စီယမ် ချို့တဲ့မှုက အရိုးပွရောဂါဖြစ်နိုင်တယ်။ အရိုးပျော့၊အရိုးကျွတ်ဆတ်ပြီး အရိုးကျိုးလွယ်တယ်။ သွားတွေကို ပျက်ဆီးစေတယ်။ သွေးယိုစေတယ်။ ကယ်လ်စီယမ်က်ု နွားနို့၊ငါးအမျိုးမျိုး ၊ပင်လယ်စာ၊ ပဲပုတ်၊ တို့ဖူး ၊ကိုက်လန်၊ ပန်းဂေါ်ဖီနဲ့ အစေ့အဆန်တွေက ရရှိတယ်။ 

calcium နဲ့ပက်သတ်ပြီး အယူအဆမှားနေတာတွေ နည်းနည်းထပ်ပြောပါရစေ။ ကယ်လ်စီယမ်ဆိုတာ အရိုးကို သန်မာစေတဲ့ အားဖြည့်ဓာတ်တမျိုးသာ ဖြစ်တယ်။ တနည်းအားဖြင့် အရိုးအားဖြညိ့ဆေး ဖြစ်တယ်။ အရပ်ရှည်ဆေးမဟုတ်ပါ။ အရပ်ရှည်ဖို့ တခြား ဗီတာမင် နဲ့ သတ္တုဓာတ်၊ growth factors တွေလိုအပ်ပါတယ်။ ဥပမာ arginine လို အမ်ုင်နိုအက်ဆစ်မျိုး၊ သံဓာတ်နဲ့ ဖော့စဖိတ် ဓာတ်တွေ လိုအပ်တယ်။ 

အရပ်ရှည်ဖို့ အရိုးရဲ့ထိပ်မှာရှိတဲ့ growth plateတွေက အရေးကြီးတယ်။ growth plate ဆိုတာ ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်မှာသာ ပွင့်နေမယ်။ သူတို့ပွင့်နေသ၍ အရပ်ရှည်ဖို့ အခွင့်အလန်းရှိနေပါသေးတယ်။ ဒါပေမယ့် အသက် ၂၃ကျော်ရင် growth plate တွေရဲ့ ကြီးထွားမှု ပိတ်သွားပြီဖြစ်လို့ အရပ်ဆက်မထွက်နိုင်တော့ပါ။  ဒါ့ကြောင့် ဆေး ကြေငြာမှာပါသလို တစ်လအတွင်း ၁-၃လက်မထိ ရှည်စေမယ်ဆိုတာ မဟုတ်သေးပါ။ ယုံတဲ့သူကလည်း ယုံပါတယ်။ ဈေးကွက်သဘောအရ ကြေငြာတာလက်ခံပေမယ့် မဖြစ်နိုင်တာမျိုးတော့ မကြေငြာစေချင်ပါ။ 

နောက်တချက်က ဆေးကြေငြာမှာ အမေရိကားက ထုတ်တဲ့သဘောကြေငြာတာ ဖတ်ရပါတယ်။သိသလောက်ပြောရရင် ယူအက်စ်(USA)က ထုတ်တဲ့ပစ္စည်းမှန်သမျှ နိုင်ငံအလံမတပ်ရပါ။ တပ်ခွင့်မရှိပါ။နောက်ပြီး FDA အသိမှတ်ပြုတာလည်း ဘယ် FDAလည်း သေချာမသိရပါ။ လိုဂိုမှာတော့ အမေရိကား FDAရဲ့ ဆင်တူရိုးမားပုံစံဖြစ်တယ်။ dietary supplement အနေနဲ့ တင်သွင်းတဲ့ဆေးတွေကို လွယ်လွယ်ခွင့်ပြုချက်ပေးပေမယ့် အမေရိကားကထုတ်တဲ့ ဆေးကြေငြာစာရင်းနဲ့ အွန်လိုင်းဆေးနာမည်တွေထဲမှာပါ ဒီဆေးကို လုံးဝမတွေ့ရတာ ထူးဆန်းပါတယ်။ 

high up calcium စာမျက်နှာမှာ အရပ်ရှည်ဖို့ နည်းပေးတဲ့ အကြံပေးချက်ကိုလည်း ဖတ်ရတယ်။ လူစိတ်ဝင်စားအောင် အရပ်ရှည်နည်းဆောင်းပါး တွဲတင်ပေးထားတာ သဘာဝကျပါတယ်။တင်ထားတဲ့ ဆောင်းပါးက သတင်းစာမှာ ကျတော် ရေးထားတဲ့ အရပ်ရှည်နည်းဆောင်းပါး ဖြစ်ပါတယ်။ ဆောင်းပါးတွေ ကူးယူသုံးစွဲတဲ့အခါ ရေးသူနာမည်ပါ ဖော်ပြရပါတယ်။ ဆောင်းပါး အောက်မှာ ရေးသူနာမည်(သို့) ဝက်ဆိုက်လိပ်စာ ဘာတခုမှဖော်ပြမထားပါ။ ဒါ့ကြောင့် နောက်တခါ ကူးယူဖော်ပြတဲ့အခါ ထည့်သွင်းဖော်ပြဖို့ တိုက်တွန်းအပ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဆေးဝါးတွေ ကြေငြာတဲ့အခါ ဖြစ်နိုင်တာကိုသာ မှန်မှန်ကန်ကန်ကြေငြာစေချင်တယ်။ တစ်လအတွင်း ဘယ်လောက်အရပ်ရှည်မယ်ဆိုပြီး မဖြစ်နိုင်တာတခုကို ကြေငြာတာမျိုး မလုပ်စေချင်ပါ။ အလားတူ သုံးစွဲသူတွေဖက်ကလည်း ဖြစ်နိုင်၊မဖြစ်နိုင် သတိထားပြီးမှ သုံးစေချင်တယ်။ အွန်လိုင်းလေလှိုင်းဆေးမှန်သမျှ သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၉.၁၁.၁၅


No comments:

Post a Comment