Sunday, February 15, 2015

ဆေးထိုးတဲ့နေရာက အနာဖြစ်ရင်

ဆရာခင်ဗျာ
ကျနော်သားလေး မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှာမွေးပါတယ်ခင်ဗျာ။ ဆေးရုံမှာ မဆင်းခင်မှာ အသားဝါ ကာကွယ်ဆေးထိုးပေးလိုက်တယ်။ ဒါပြီး ၁ လပြည့်ရင် တခါထပ်ထိုးရအုံးမယ်လို့မှာလိုက်တယ်။ ကျနော်တို့က နယ်မှာတာဝန်ကျနေတဲ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ၁ လပြည့်တဲ့အခါ Entrix-B  ကိုဘဲ့ဒုတိယအကြိမ်ပြန်ထိုးပါတယ်။
ဒါပြီး ဒေသန္တရမှာလည်း ကာကွယ်ဆေးထိုးရမယ်လို့မှာလိုက်ပါသေးတယ်၊ ၂လပြည့်တဲ့အခါ ဒေသန္တရမှာ ၅ မျိုးစပ်ကာကွယ်ဆေးထိုးရပါတယ်။ ထိုးတဲ့အခါ ကလေး ၂ ရက်လောက်တော့ အီပါတယ်၊ဒါပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ခက်တာက အခုဆေးထိုးထားတဲ့နေရာ မှာ ပြည်တွေထွက်လာပါတယ်၊ ကလေးကတော့နာကျင်မှုမရှိပါဘူး၊ ကျနော်တို့က စိတ်ပူနေပါတယ်၊ ရောင်ရမ်းနီနေခြင်းမရှိပါဘူး ဆရာ။



ကာကွယ်ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးကိုယ်ဆီရှိကြပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးက 
-ထိုးတဲ့နေရာမှာ နာတာ၊ရောင်တာ(၂၂ရာခိုင်နှုန်း)၊
-အားယုတ်၊မအီမသာဖြစ်တာ(၁၄ရာခိုင်နှုန်း) ရှိကြတယ်။
ပုံမှန်အားဖြင့် တစ်ရက်၊နှစ်ရက်အတွင်း သက်သာကြပါတယ်။
ပြည်ထွက်တယ်ဆိုတာ ဘက်တီးရိးယားပိုးဝင်လို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့်တော့ ပြည်မထွက်စေဘူး။ ဆေးထိုးစဉ်မသန့်ရှင်းတာ၊ဆေးထိုးပြီး သန့်စင်အောင်မထားမိတဲ့အခါ ပြင်ပက ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်တတ်ပါတယ်။ 
အကြံပြုချက်
-ပြည်ထွက်တဲ့နေရာကို သန့်စင်အောင်ထားပါ
-အရက်ပြန်၊ဘီတာဒင်း ပိုးသတ်ဆေးရည်နဲ့ သန့်စင်ပေးပါ
-အနာထဲဝင်အောင် သန့်စင်သင့်တယ်
-အနာကို ပိုးသန့်တဲ့ အဝတ်မျိုး ကပ်ပေးထားပါ
-အနာက ရောင်ပြီးဖောင်းနေရင် ဆားခပ်ထားတဲ့ရေနွေးဝတ် ကပ်ပေးနိုင်ပါတယ်
-အနာကြီးရင် ပိုးသတ်ဆေး လိမ်းဆေး၊သောက်ဆေးလိုတတ်တယ်
-staphylococcusဘက်တီးရီးယားကြောင့် အဖြစ်များလို့ Cloxacillin(သို့)cephalexin ပါတဲ့ ပိုးသတ်ဆေးမျိုး တိုက်ပေးနိုင်တယ်

ဆေးခန်းမှာ ကာကွယ်ဆေးထိုးသမျှတော့ ယနေ့ချိန်ထိ ပြည်ထွက်တာ မရှိဘူးပါဘူး။ သို့သော် အခန့်အသင့်ရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ကာကွယ်ဆေးထိုးပြီး ပြည်တည်သူတွေဟာ ၁ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကလေးငယ်ဖြစ်လို့ ပိုမိုဂရုစိုက်သင့်တယ်။အကောင်းဆုံးကိုအကြံပြုရရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းမှာ ပြသသင့်တယ်။ 

ရေးပြီးသားစာတွေရှိပါတယ်။ဖတ်ကြည့်ပါ။
ရောဂါ၅မျိုးအတွက် ကာကွယ်ဆေး http://medicineworldforall.blogspot.com/2013/03/pentaxim.html
ပင်နယ်စလင်(Cloxacillin)
http://medicineworldforall.blogspot.com/2013/02/antibiotic-guideline-1-penicillin.html
ပြည်တည်နာ
http://drayeminhtoo.blogspot.com/2013/06/blog-post_26.html

ဒေါက်တာ အေးမင်းထူး
၁၉.၇.၁၃



ဆရာ
ကျေးဇူးတင်ပါတယ်ခင်ဗျား

ကျနော်တိုက ဒေသန္တရကို သွားပြတော့ Paciclox cloxacillin 250-g
ပိုးသတ်ဆေးတောင့်ကို ၄ ပုံ ၁ပုံ ခွဲပြီး ၈နာရီခြား တနေ့ ၃
ကြိမ်တိုက်ခိုင်းတယ်။ ၅ ရက်ဆက်တိုက် သောက်ခိုင်းပါတယ်ဆရာ။

ကျနော်တို့ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းက ပြည်မြို့နဲ့
အနဲငယ်အလှမ်းကွာဝေးတဲ့အတွက် တော်ရုံတန်ရုံဆိုရင်
သင်တန်းကျောင်းနဲ့တမိုင်လောက်ဝေးတဲ့ဒေသန္တရကိုပဲ အားကိုးနေရပါတယ် ဆရာ။ အခု
ခလေးကတော့ ပုံမှန်အတိုင်းပါဘဲ။ ခြေထောက်တွေလည်း
ပုံမှန်အတိုင်းလုပ်ရှားနေပါတယ်။ ပြည်တွေကတော့ ခြင်ကိုက်တဲ့
အဖုပုံစံဖြစ်နေပြီး အဲဒီနေရာကို ဖိကြည့်တော့လည်း နာကြင်ခြင်းမရှိပါဘူး
ဆရာ။ ဆရာမ ပေးတဲ့ပိုးသတ်ဆေးတိုက်ရာမှာလည်း ကလေးကငယ်တော့
ဘေးထွက်ဆိုးဖြစ်မှာကြောက်လို့ပါ။

အစစအရာရာ ကျေးဇူးတင်ပါတယ် ဆရာ
 ....
ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း
မှော်ဇာကျေးရွာ ၊ ပြည်မြို့

No comments:

Post a Comment