Tuesday, October 28, 2014

ယောဂနဲ့ ရောဂါ

ရောဂါတွေကို ယောဂနဲ့ကုရင် ပျောက်ကင်းနိုင်ပါ သလားဆိုတဲ့မေးခွန်းကို သိပ်မကြာခင် လူနာတယောက်က မေးခဲ့ပါတယ်။ မေးခွန်းက တခွန်းထဲဖြစ်ပေမယ့် အဖြေကတော့ တခုတည်းနဲ့ မရနိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ မေးထားတဲ့မေးခွန်းကိုက မပြည့်စုံလို့ ဖြစ်ပါတယ်။ ရောဂါဆိုတဲ့နေရာမှာ ဘယ်လိုရောဂါတွေကို ကုသဖို့လဲ၊ ပျောက်ကင်းချင်တာလဲ ဆိုတာပိုအရေးကြီးတဲ့ အပိုင်းဖြစ်တယ်။ မပြည့်စုံတဲ့ မေးခွန်းတခုအတွက် ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေ အများကြီးရှိပါတယ်။ အကြောင်းအရာပေါင်းစုံ၊ရှုထောင့်ပေါင်းစုံကို  လေ့လာသုံးသပ်ပြီးမှ အမှန်တရားနဲ့ ပိုနီးစပ်တဲ့ အဖြေကို ရမှာ ဖြစ်ပါတယ်။ မေးခွန်းကို မဖြေခင် ယောဂဆိုတာ ဘာလဲအရင်ဆုံး လေ့လာကြည့်ပါ။

ယောဂကျင့်နည်းဟာ လွန်ခဲ့တဲ့ နှစ်ငါးထောင်ကျော်လောက်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဟိန္ဒူနည်းတခု ဖြစ်ပါတယ်။ Yoga ဆိုတဲ့စကားလုံးက yokingက ဆင်းသက်လာတယ်။ အဓိပ္ပါယ်က ရုပ်နဲ့နာမ်ကို ကူးလူး ဆက်သွယ်ပေးတဲ့သဘော သက်ရောက်တယ်။ အခြေခံအားဖြင့် ခွန်အား၊ပျော့ပျောင်းနိုင်စွမ်းနဲ့ အသက်ရှုခြင်းအပေါ်မှာ အာရုံစိုက်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။ ကျင့်တဲ့အခါ ခန္ဓာကိုယ်အနေအထားနဲ့ အသက်ရှုရှိုက်ခြင်းတို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီနည်းရဲ့ အားသားချက်က ပျော့ပျောင်းနိုင်စွမ်းကိုပဲ အခြေခံထားတာပါ။ 
သေချာလေ့ကျင့်ထားသူတယောက်က ပုံမှန်လူတယောက်အံ့သြရလောက်အောင် ခန္ဓာကိုယ် ကွေးညွတ်နိုင်စွမ်းရှိတယ်။ 

ယောဂလေ့ကျင့်ခန်းတွေမှာ ပုံစံအမျိုးမျိုး၊နည်းအမျိုးမျိုး ရှိတယ်။ Ashtanga, Iyengar နဲ့ Sivananda စသည်ဖြင့် နည်းအမျိုးမျိုး ကွဲသွားတယ်။ ဘယ်နေရာမှာ အားပိုစိုက်ရလဲ ဆိုတာပေါ်မူတည်ပြီး နည်းတခုနဲ့တခု မတူညီကြဘူး။ အသက်ရှုတဲ့နေရာ၊မတ်တပ်ရပ်တဲ့နေရာ၊ကွေးညွတ်တဲ့နေရာ စသည်ဖြင့် ပိုအာရုံပိုစိုက်ရတဲ့နေရာတွေ အမျိုးမျိုး ရှိဦးမယ်။ ဆရာတယောက်နဲ့ တယောက်လည်း လေ့ကျင့်တဲ့ပုံစံတွေ မတူညီကြပြန်ဘူး။ တချို့လေ့ကျင့်ခန်းတွေကတော့ ပိုပြင်းနိုင်တယ်။ 

အနောက်တိုင်းကို ၁၉၈၀ကျော်နှစ်တွေရောက်မှ စတင်ခေတ်စားလာတယ်။ ရောက်ခါစက လေ့ကျင့်ခန်းအနေနဲ့သာ လုပ်ကြပြီး သုတေသနလုပ်ထားတာ နည်းပါတယ်။ ဒါပေမယ့် ၂၀၀၀ပြည့်နှစ် နောက်ပိုင်းထွက်လာတဲ့ paperတွေ ကတော့ မနည်းပါ။ အရှေ့တိုင်း၊အနောက်တိုင်း ပေါင်းကြည့်ရင် တွေ့ရှိချက်တွေ အမျိုးမျိုးဆိုပေမယ့် တူညီတဲ့အချက်တခုက ကျန်းမာရေးအတွက် ကောင်းမွန်တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ဘော့စတွန်တက္ကသိုလ်က လေ့လာမှုအရ ယောဂလေ့ကျင့်ခန်းက ဦးနှောက်ရဲ့ ဇီဝကမ္မပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး စိတ်ကျရောဂါကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ယောဂလေ့ကျင့်ခန်းကို ၁နာရီလောက်လုပ်နိုင်ရင် စိတ်ကျရောဂါကို ကာကွယ်ပေးတဲ့ GABA ပမာဏ ၂၇ရာခိုင်နှုန်း တိုးတက်စေတာတွေ့ရတယ်။ တနည်းအားဖြင့် စိတ်နဲ့ပတ်သက်တဲ့ရောဂါ(စိတ်ဓာတ်ကျတာ၊စိတ်ဖိစီးမှုများတာ၊စိတ်ကစဥ့်ကလျားရောဂါ)တွေအတွက် ကောင်းပါတယ်။ နောက်ပြောင်းလဲမှုတခုက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ catecholamine ပမာဏကျဆင်းသွားတာ တွေ့ရတယ်။ ဒီအချက်က နှလုံးနဲ့ သွေးကြောတွေပေါ်သက်ရောက်စေတဲ့ sympathetic activityနည်းစေပြီး သွေးကျစေရုံသာမက နှလုံးခုန်နှုန်းကိုပါ ထိန်းပေးနိုင်တာတွေ့ရတယ်။ အိန္ဒိယမှာ လူနှစ်ထောင်ကျော်ကို လေ့လာတဲ့အခါ ဇရာအရွယ်လူကြီးတွေမှာ တပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကျင့်ကြံရုံနဲ့ ကြွက်သားတွေနဲ့ ခြေဆစ်လက်ဆစ်တွေကို သန်မာစေတယ်။ ခြေချင်းဝတ်၊ဒူးကောက်ကွေး လှုပ်ရှားမှုကအစ အားကောင်းစေပြီး ခန္ဓာကိုယ် ဟန်ချက်ညီစေတယ်။ မိမိခန္ဓာကိုယ်ကို ဟန်ချက်ကျကျ ထိန်းနိုင်တာကြောင့်အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ချော်လဲတာ၊ထိခိုက်ဒဏ်ရာရတာမျိုး နည်းသွားစေပါသတဲ့။ ခါးနာ၊ဇက်ကြောနာ အကြောတင်း နာတာရှည်ဝေဒနာကို သက်သာစေတယ်။

ဒီအချက်တွေကို ယေဘုယျ ကောက်ချက်ချရရင် ယောဂနေ့စဉ်လေ့ကျင့်ခြင်းကြောင့်  နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်။ ခါးနာ၊ဒူးနာ၊နာတာရှည် အရိုးအဆစ်ကိုက်ခဲခြင်းအတွက် ကောင်းတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းကိုလည်း သက်သာစေပြီး တင်းကျပ်နေတဲ့ အကြောအခြင်တွေကို သက်သာပျောက်ကင်းစေတယ်။ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး စိတ်ကျရောဂါ၊စိတ်ကစဥ့်ကလျားရောဂါတွေကို အတန်အသင့်ကာကွယ်နိုင်တယ်။ နှလုံးရောဂါ၊သွေးတိုးရောဂါ လျှာ့ကျစေပြီး နှလုံးကြွက်သား အားကောင်းစေတယ်လို့ တွေ့ရတယ်။ 

ဒါပေမယ့် တချို့လူတွေပြောသလို ကင်ဆာရောဂါကို ကာကွယ်နိုင်တယ် ဆိုတာတော့ နည်းနည်းလွန်သွားတယ်။ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်လိမ့်မယ်လို့ တရားလွန် ကြွေးကြော်နေတဲ့ ယောဂဂုရုတွေ အတွက် နောက်ဆက်တွဲ စာတမ်းတစောင်ထွက်လာပါတယ်။ ဒီလေ့လာချက်မှာ ယောဂကျင့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာခံစားချက်က ဇီဝပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်။ဒါပေမယ့် အဆိုပါပြောင်းလဲမှုက ကင်ဆာရောဂါတွေရဲ့ ဖြစ်တည်ပြောင်းလဲမှုလားရာတွေ အပေါ် သက်ရောက်ခြင်းအလျင်းမရှိပါဘူးလို့ ဖော်ပြထားတယ်။ ဆိုလိုချင်တာကကင်ဆာရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊စိတ်ဒဏ်ရာကိုတော့ အတန်အသင့် လျှော့ပါးသက်သာစေလိမ့်မယ်။ အဲဒီအတွက် ကင်ဆာရောဂါသည်တွေလည်း ကျင့်ကြံနိုင်တယ်။ သို့သော် ယောဂလေ့ကျင့်ခန်းကြောင့် ကင်ဆာရောဂါ ကာကွယ်တာ၊ ကုသတာမျိုးမလုပ်နိုင်ပါဘူး ဆိုချင်တာပါ။ 

ဆေးပညာရှုထောင့်က သုံးသပ်ကြည့်ရင် မျက်စိရေတိမ်ရှိသူတွေမှာ ဇောက်ထိုးအနေအထား ယောဂကျင့်ရတာမျိုး တတ်နိုင်သမျှ ရှောင်အပ်တယ်။ အစာအိမ်ရောဂါအခံမျိုးရှိတဲ့အခါ Hatha yoga ပုံစံမျိုး မကျင့်ကြံသင့်ဘူး။ ဒါတင်မကသေးဘူး။ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ စိတ်လေ့ကျင့်ခန်း အလွန်အကျွံလုပ်မိရင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုတိုးစေတယ်ဆိုတာ တွေ့ရတယ်။ စိတ်ကယောက်ကယက်ဖြစ်တာ၊စိတ်ဆတ်လွယ်တာ၊စိတ်ရှုပ်ထွေးလာတာ၊ခေါင်းကိုက်ပြီး အမြင်အာရုံဝေဝါးတာမျိုးတွေထိ ဖြစ်တတ်တယ်။ ဒီလိုလက္ခဏာမျိုးကို Kundalini Syndrome လို့ ခေါ်ပါတယ်။ 

ထပ်သတိပြုရမှာက လေ့ကျင့်ခန်းလုပ်တဲ့အခါမှာပါ။ ယောဂမကျင့်မှီ အရင်ဆုံး သွေးပူလေ့ကျင့်ခန်း ကောင်ကောင်းလုပ်ဖို့ လိုအပ်တယ်။ အများစုဟာ ဒီလိုနေရာမှာ အားနည်းတာကြောင့် အကြောညှပ်၊အကြောကပ်ဖြစ်ကြတယ်။ဒါ့ပြင် လေ့ကျင့်ခန်းတိုင်းက အရိုးအဆစ်ရောင်တဲ့သူတွေနဲ့ မသင့်တော်ပါဘူး။ ထိုင်ရတဲ့လေ့ကျင့်ခန်း၊ဒါမှမဟုတ် လေ့ကျင့်ခန်းတခုတည်းကို ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းဟာ ခါးနာခြင်းကို ပိုဆိုးစေတာ တွေ့ရတယ်။ မိမိနဲ့ကိုက်ညီမယ့် ယောဂလေ့ကျင့်ခန်းမျိုးပြောင်းလုပ်ပါ။ 

အနောက်နိုင်ငံတွေမှာတော့ အသက်အရွယ်၊အမျိုးအစားပေါ်လိုက်ပြီး အတန်းတွေ သီးသန့် ခွဲပြီးသင်ကြားပေးတာမျိုးရှိပါတယ်။ သင်တန်းတခုစီဟာ နာရီဝက်ကနေ တနာရီခွဲအထိ ကြာနိုင်တယ်။အကြံပေးချင်တာက ယောဂကျင့်တဲ့အခါ တထိုင်တည်း အချိန်ခပ်ကြာကြာကျင့်တာထက် အချိန်နည်းနည်းနဲ့ ခပ်စိတ်စိတ်ကျင့်တာ ပိုကောင်းတယ်။ တပတ်ကို အနည်းဆုံး ၃-၅ကြိမ်လောက် ပြုလုပ်ပေးရတယ်။  လေ့ကျင့်ခန်းမလုပ်ခင် အစားမစားသင့်ဘူး။ ကောင်းတာက အစားနဲ့ အနည်းဆုံး ၂နာရီလောက်ခြားပြီး လေ့ကျင့်ရတယ်။

ယောဂကျင့်ခြင်းဟာ ပြင်းပြင်းထန်ထန်လုပ်ရတဲ့ လေ့ကျင့်ခန်းမဟုတ်တာကြောင့် လူအများစုက သဘောကျကြတယ်။ ကျန်းမာရေးကောင်းကျိုးအတွက် သာမက အသားအရေကိုပါ ကြည်လင်စေတယ်၊ပိန်စေတယ်ဆိုတာမျိုးက လူတိုင်းရဲ့ သည်းခြေကြိုက် စကားလုံးတွေဖြစ်ပါတယ်။ အမှန်တော့ အားကစားလေ့ကျင့်တာပဲဖြစ်လို့ ပိန်ကောင်းပိန်နိုင်ပါတယ်။ အသက်ရှုလေ့ကျင်ခန်းကြောင့် အသားအရေကြည်လင်တယ် ဆိုချင်ဆိုကြပါစေ။သေချာတာတခုက ရောဂါဝေဒနာအချို့ကို သက်သာလျှော့ပါးစေပေမယ့် ပျောက်ကင်းသည်အထိ မစွမ်းဆောင်နိုင်ပါ။ တနည်းအားဖြင့် ရောဂါကုသဖို့ အတွက် အသုံးမဝင်ပါ။ လေ့ကျင်ခန်းပဲ ဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းတာတော့ လက်ခံရမှာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၇.၁၀.၁၄)

No comments:

Post a Comment