မက်ကလောင်ခြစ်နည်းကို တရုတ်အပါအဝင် ထိုင်ဝမ်၊အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊လာအို၊ထိုင်းစတဲ့ အာရှတိုက်နိုင်ငံတွေမှာ အိမ်သုံးနည်းအဖြစ်သုံးစွဲကြပါတယ်။ ဗီယက်နမ်အယူအဆမှာ ဖျားနာခြင်းဟာ "လေမိလို့" ဖြစ်ရတယ်။ ဒီလေတွေကို ခြစ်ထုတ်ပစ်ဖို့ လိုအပ်တယ်လို့ ယူဆကြတယ်။ သူတို့ဆီမှာ မက်ကလောင်ခြစ်တာကို cạo gió (လေတွေခြစ်ထုတ်ခြင်း)လို့ ခေါ်ပါတယ်။ ဗီယက်နမ်လူမျိုး အများစုဟာ ဖျားနာ၊ကိုက်ခဲ တခုခုဖြစ်တာနဲ့ မက်ကလောင်ခြစ်တတ်ကြတယ်။ အင်ဒိုနီးရှားမှာလည်း မက်ကလောင်ကို ရိုးရာကုထုံးအဖြစ်သုံးပါတယ်။ သူတို့ဆီမှာ ဒီလို ခြစ်တဲ့နည်းစနစ်ကို "kerikan"လို့ ခေါ်ပါတယ်။ လာအိုမှာ "Khoud Lam"လို့ ခေါ်ပါတယ်။ အိန္ဒိယလူမျိုးတွေလည်း မက်ကလောင်နဲ့ မကင်းကြပြန်ဘူး။ တိုင်းရင်းနည်းအဖြစ် သုံးပါသေးတယ်။ မြန်မာနိုင်ငံမှာ ရှမ်း၊ကချင်စတဲ့ တိုင်းရင်းသားလူမျိုးတွေ အသုံးပြုကြတယ်။အထူးသဖြင့် တောင်ပေါ်ဒေသနဲ့ ကျေးလက်ဒေသတွေမှာ အဓိကသုံးစွဲကြတယ်။
မက်ကလောင်ခြစ်နည်း အမျိုးမျိုး ရှိမယ်။ အများစုဟာ လည်ပင်း၊ကုတ်၊ကျောပြင်၊ပခုံး၊တင်ပါး၊ခြေ၊လက် စတဲ့နေရာတွေမှာ ပြုလုပ်ကြတယ်။ ကျွမ်းကျင်သူတွေက ရင်ဘတ်၊ဝမ်းဗိုက်စတဲ့နေရာတွေမှာလည်း လုပ်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ သက်ဆိုင်ရာနေရာ အမှတ်တွေကိုလည်း ခြစ်ပေးလို့ရတယ်။ မက်ကလောင်ခြစ်ဖို့ ပစ္စည်းအမျိုးမျိုး အသုံးပြုနိုင်တယ်။ အရေးကြီးဆုံးအချက်က ပစ္စည်းမျက်နှာပြင် ညီညာဖို့ပဲ လိုအပ်တာပါ။ အရင်ခေတ်တွေက အကြွေစေ့၊ဒင်္ဂါးပြားစတာတွေ သုံးပြီးအရေပြားကို ဖိခြစ်ကြတယ်။ တရုတ်လူမျိုးတွေက ကြွေဇွန်းနဲ့ ခြစ်ပေးကြတယ်။ အကြွေစေ့၊တိရိစ္ဆာန်ချို၊ကျောက်စိမ်းပြား စတာတွေကိုလည်း အသုံးပြုကြပါတယ်။ မြန်မာ့နည်းကျတော့ သံဗူးခွံကို အဝချွတ်ပြီး သုံးစွဲကြတယ်။ အိန္ဒိယမှာ ကြေးဇွန်းနဲ့ ရေကို အသုံးပြုပါတယ်။
မက်ကလောင်မခြစ်ခင် အရေပြားကို အရင်ဆုံး lubricant ချောဆီတမျိုးမျိုး လိမ်းပေးရတယ်။ အုန်းဆီ၊နှမ်းဆီ၊ပရုတ်ဆီ ဘယ်ချောဆီမဆို သုံးလို့ရတယ်။ရေကိုသုံးပြီး ခြစ်ထုတ်သူတွေလည်း ရှိပါတယ်။ ချောဆီသုတ်ထားတဲ့ အရေပြားပေါ်ကို အနားညီညာတဲ့ အစွန်းဖက်မျက်နှာပြင်နဲ့၄၅ဒီဂရီစောင်းပြီး ဖိဆွဲပေးရတယ်။ အထက်ကနေ အောက်ဖက်(အရင်းမှ အဖျား)ကို ဒေါင်လိုက်ဆွဲချပြီး ခြစ်ပေးရတယ်။ ဖိအားကို ကြွက်သားတွေထိ သက်ရောက်စေရတယ်။ အခြစ်တခုစီရဲ့ အရှည်ဟာ ၄-၆လက်မ လောက် ရှိသင့်ပါတယ်။ အရေပြားဖောင်းလာ၊ရောင်လာတဲ့အထိ ခြစ်ပေးရတယ်။
လက်တွေ့ကျပြီး သီအိုရီမဟုတ်တဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ပြောရရင် မက်ကလောင်ခြစ်လို့ အလုပ်ဖြစ်တာမျိုး သိပ်မတွေ့ရပါဘူး။ မက်ကလောင်ခြစ်ပြီး ဆေးခန်းလာတဲ့ လူနာတွေကို မကြာခဏ မေးဖြစ်ပါတယ်။ မက်ကလောင်ခြစ်လို့ သိသိသာသာ သက်သာလာသလား ဆိုတာမျိုးပါ။ အများစုက မသက်သာပါဘူးဆိုတဲ့ အဖြေကိုပဲ ပေးပါတယ်။ ဒါပေမယ့် အဲလိုလူနာတွေကပဲ နောက်တကြိမ်ဆေးခန်းလာပြန်တော့ ရှေးရိုးမပယ်နိုင်ဘဲ မက်ကလောင်ခြစ်လာကြပြန်ပါတယ်။ မက်ကလောင်နဲ့ပတ်သက်လို့ မှားယွင်းတဲ့အယူအဆတခုလည်း ရှိသေးတယ်။ မက်ကလောင်ခြစ်ပြီးရင် ဆေးမထိုးရဘူးဆိုတဲ့ အယူအဆမျိုးပါ။ အမှန်က ရောဂါသက်သာဖို့ လိုအပ်ရင် ဆေးထိုးနိုင်ပါတယ်။
နိဂုံးချုပ်သုံးသပ်ချက်
နေမကောင်းတဲ့အခါ မက်ကလောင်ခြစ်ရမယ်ဆိုတာ ရှေးကတည်းက အရိုးစွဲနေတဲ့ အလေ့အကျင့်တခု ဖြစ်လို့ အပြစ်ပြောဖို့မဖြစ်နိုင်ပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်လို့ မိမိယုံကြည်ရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ သို့သော် အများကောင်းတယ်လို့ ယူဆထားတာထက် မိမိကိုယ်တိုင်တကယ် သက်သာသလား အရင်ဆုံးစဉ်းစားကြည့်သင့်တယ်။ သွေးလည်ပတ်မှုကောင်းတယ်ဆိုတဲ့ သီအိုရီ လက်ခံနိုင်လောက်ပေမယ့် တခြားဇီဝကမ္မပြောင်းလဲမှုတွေကို ဆက်လက်လေ့လာဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ လက်ရှိချိန်ထိ လေ့လာမှုတွေအရ ကောင်းကျိုး၊ဆိုးကျိုး ဘယ်လိုမျိုးလည်း ရေရေရာရာ မပြောနိုင်သေးဘူး။ အနောက်တိုင်း ဆေးပညာအရ မက်ကလောင်ခြစ်တာမျိုးဟာ နာကျင်မှုကို လမ်းလွှဲတာမျိုး ဖြစ်တယ်။ ဒါ့ပြင် မသန့်ရှင်းတဲ့ပစ္စည်းတွေကြောင့် ပိုးဝင်လာနိုင်တယ်။ ဖျားလာနိုင်တယ်။ သွေးဆိပ်တက်ပြီး လူ့အသက်အန္တရာယ်ကို ဒုက္ခပေးသည်ထိ ဖြစ်လာနိုင်တာမို့ သတိထားဖို့လည်း လိုအပ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၁၆.၆.၁၄)
No comments:
Post a Comment