Thursday, May 30, 2013

အဖြစ်များလာတဲ့ အသည်းရောင်အသားဝါအေ ရောဂါ

လူနာတစ်ယောက် အသားဝါပြီးလာတယ်၊ မျက်လုံးဝါပြီးလာတယ်ဆိုရင်  အသည်းရောင်အသားဝါပိုးတွေ စစ်ဆေးကြတယ်။ တခါတရံ သွေးစစ်တဲ့အခါ ရောဂါတချို့ ထည့်စစ်ဆေးဖို့ မေ့သွားတတ်တယ်။ မှတ်မှတ်ရရ တခါက သွေးစစ်ဖို့ အသည်းရောင်လူနာတစ်ယောက်ကို လွှတ်လိုက်တော့ အသည်းရောင်အေပိုး ထည့်စစ်ဖို့ မေ့သွားခဲ့တယ်။ လူနာအခြေအနေကြောင့်လည်း တပိုင်းတော့ ပါတယ်။ အသည်းရောင်အေ စစ်တာ သောင်းဂဏာန်းလောက် ကုန်ကျတယ်။ လူနာက အရက်သောက်တတ်တော့ အရက်ကြောင့် အသည်းရောင်တယ်ပဲ စိတ်ထဲကထင်ပြီး ဘီပိုး၊ စီပိုးလောက်နဲ့  တခြားလိုအပ်တဲ့ testတွေ လုပ်ခိုင်းလိုက်မိတယ်။ ဗိုက်လည်းနာနေတော့ ultrasound ပါ တခါတည်းစစ်ခိုင်းလိုက်တယ်။
အက်ထရာဆောင်းကြည့်ပေးတဲ့ ဆရာဝန်က အက်ထရာဆောင်းကြည့်ပြီး  အသည်းရောင်တယ်ဆိုတာ ရေးပေးလိုက်တယ်။ အောက်က မှတ်ချက်နဲ့ အသည်းရောင်အေ၊ဘီ၊စီ စစ်ပါဆိုပြီး ရေးပေးလိုက်တယ်။ သွေးစစ်ပြီး အဖြထွက်လာတော့ အသည်းရောင်အေ ရောဂါပိုးကူးစက်ခံရတာ တွေ့ရတယ်။ ရုတ်တရက်အသည်းရောင်တဲ့ လူနာတွေရဲ့ ၄၀ရာနှုန်းလောက်က အသည်းရောင် အေပိုးကြောင့် ဖြစ်ကြတာ သတိပြုသင့်တယ်။ဒါ့ကြောင့် နောက်ပိုင်းမှာ သွေးစစ်တဲ့အခါ တော်တော် သတိထားတယ်။ လူနာမတတ်နိုင်တဲ့အခါမျိုးမှာ လုပ်ရတဲ့ဘောင်က တော်တော်ကျဉ်းတယ်။ ရှိတာနဲ့ ဖြစ်အောင်လုပ်ရတယ်။  တခါတရံ လူနာရဲ့ အခြေအနေကြောင့် သွေးအဖြေအကုန်မစစ်နိုင်တဲ့အခါ လွတ်သွားတတ်တယ်။ တချို့အသည်းရောင်အေလူနာတွေဟာ အဖျားလုံးဝမရှိဘူး။ ပျို့ချင်အန်ချင်ဖြစ်ပြီး နုံးချိတာလောက်သာရှိတယ်။မျက်လုံးဝါတယ်။ တခါတရံ ဗိုက်နာတာမျိုးလည်း ရှိသေးတယ်။အခုနောက်ပိုင်းလည်း ဆေးခန်းမှာအသည်းရောင်အေတွေ တော်တော် တွေ့နေရတယ်။အထူးသဖြင့် သင်္ကြန်အပြီးမှာကို သုံး၊လေးယောက်လောက် က အသည်းရောင်အေ ဖြစ်နေကြတယ်။

အသည်းရောင်အသားဝါအေဆိုတဲ့ နာမည်အတိုင်းပဲ အသည်းရောင်စေသလို အသားအရေကိုလည်း ဝါစေတယ်။ အေဆိုတာတော့ နောက်ထပ်ပိုးတွေဆက်တွေ့လာရလို့ အမှတ်စဉ်အရ ရှေ့ဆုံးရောက်ပြီး အေဖြစ်လာတယ်။ အသည်းရောင်ရောဂါပိုး အများစုက ကူစက်လွယ်တယ်။ တမျိုးနဲ့ တမျိုး ကူးစက်ပုံမတူကြဘူး။
အသည်းရောင်အေပိုးက faecal-oral routeအစာလမ်းကြောင်းကနေတဆင့် ကူးစက်တတ်တယ်။ မသန့်ရှင်းတဲ့ အစားအသောက် ၊မသန့်တဲ့ ရေ၊ရေခဲ၊မချက်ပြုတ်ရသေးတဲ့ အစားအစာတွေကတဆင့်လည်း ကူးစက်ခံရတယ်။၁၉၈၃ခုနှစ်က enterovirus အူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးထဲ ထည့်သွင်းခဲ့ပေမယ့် နောက်ပိုင်း အသည်းရောင်ခြင်းအကြောင်း ပိုမို သိရှိလာတဲ့အခါ hepatovirus အသည်းရောင်ပိုးအမျိုးအစားထဲ ပြောင်းလဲသတ်မှတ်ခဲ့တယ်။ သိပ္ပံနည်းကျလေ့လာကြည့်တဲ့အခါ အသည်းရောင်အေပိုးဟာ RNAဗိုင်းရပ်စ်ပိုး တမျိုး ဖြစ်ပါတယ်။ အရွယ်အစားက 27-29nm ခန့်သာရှိတယ်။ electron microscopeအောက်မှာ အနည်းဆုံး အဆ တစ်သိန်းကျော်လောက် ချဲ့ကြည့်မှ တွေ့ရတယ်။

 လူလူချင်းထိတွေ့မှု၊ရောဂါပိုးရှိတဲ့အစားအသောက် စားသုံးခြင်းကြောင့် ကူးစက်စေတယ်။မသန့်တဲ့အစားအစာမှာ ပါလာတဲ့ပိုးဟာ အစာလမ်းကြောင်းကတဆင့် အသည်းထဲ ရောက်လာတယ်။ ဝင်လာတဲ့ပိုးဟာ အသည်းထဲရောက်တဲ့အခါ ဇာတိပြလာတယ်။ အသည်းမှာ ပိုးတွေပွားများလာရုံမကပဲ ပတ်ဝန်းကျင်က အသည်းဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးလာစေတယ်။ ပိုလျှံလာတဲ့ အသည်းရောင်အေဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကတဆင့် အူလမ်းကြောင်းထဲကို ရောက်ရှိလာပြန်တယ်။ဝမ်းကတဆင့် ရောဂါ ကူးစက်နိုင်ချေ ပိုမိုမြင့်မားလာတယ်။ အထူးသဖြင့် ရောဂါမပြခင် ၂ပတ်အလိုကနေ ရောဂါပြသပြီး ၁ပတ်အတွင်း ကူးစက်နိုင်ခြေ အမြင့်မားဆုံးဖြစ်တယ်။ အသည်းကို အဓိက ပျက်စီးစေတာကြောင့် ပုံမှန်လုပ်ငန်းလုပ်ဆောင်မှု တဖြည်းဖြည်း အားနည်းလာတယ်။ နောက်ပိုင်းမှာ အသည်းမှာ လုပ်ဆောင်ရတဲ့ bilirubinအဝါဓာတ်တမျိုးဟာ ခန္ဓာကိုယ်ထဲ ပျံနှံ့သွားပြီး အသားဝါ၊မျက်စိဝါတာတွေဖြစ်လာတယ်။ အသားဝါလာပြီးနောက်ပိုင်း ဝမ်းထဲမှာ ပိုးအရေအတွက်နည်းလာသလို ကူးစက် နိုင်ခြေတဖြည်းဖြည်းကျလာတယ်။ နောက်ဆုံးမှာ လုံးဝပျောက်ကွယ်သွားတယ်။

ကလေးတွေဟာ အများအားဖြင့် လက္ခဏာပြလေ့မရှိဘူး။လေ့လာမှုတစ်ခုအရ ကူးစက်မှုမြင့်မားတဲ့ နိုင်ငံတွေမှာ အသက် ၁၀နှစ်အောက်ကလေးငယ်တွေရဲ့ ၉၀ရာခိုင်နှုန်းဟာ အသည်းရောင်အေ ကူးစက်ခံရပြီး ဖြစ်ပါတယ်။ရောဂါလက္ခဏာက အသက်အရွယ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။အသက်၆နှစ်အောက် ကလေးငယ်တွေဟာ ရောဂါပြသမှုနည်းတယ်။ ၆-၁၄နှစ်အတွင်း ၄၀ရာခိုင်နှုန်း၊  လူကြီးတွေဟာ ၈၀ရာခိုင်နှုန်း အသီးသီး လက္ခဏာတွေ ပြကြတယ်။အသက်ကြီးလေ ရောဂါရင့်လေဖြစ်လာတယ်။ ၅၀ကျော်မှဖြစ်ရင် ရောဂါပိုခံစားရတယ်။ပုံမှန်အားဖြင့် ပိုးကူးစက်ခံရပြီး ၂ပတ်-၆ပတ်အတွင်း လက္ခဏာစတင် ပြသမယ်။ 

 အဓိကလက္ခဏာရပ်က အားယုတ်လာတာ၊အားမရှိသလို ခံစားလာရတယ်။ အစာကောင်းကောင်းမစားနိုင်၊မသောက်နိုင် ဖြစ်လာတယ်။ ပျို့ချင်အန်ချင်တွဲလာတယ်။  တချို့က ငွေ့ငွေ့လေးဖျားလာတတ်တယ်။ ဆီးရောင်ရင့်တာ၊ဝမ်းရောင်ဖျော့တာ ရှိလာတယ်။ ဗိုက်နာလာတတ်ပြီး ဝမ်းချုပ်တာ၊ဝမ်းသွားတာမျိုး ဖြစ်လာမယ်။၇၀ရာခိုင်နှုန်းမကသူတွေက အသားဝါလာမယ်။အရက်သမားများ အသားဝါတာနဲ့ မှားလာတတ်တယ်။ ဆင်တူယိုးမှား အတုအပလည်း သတိပြုလာရတယ်။ သွေးမစစ်ပဲ ယတိပြတ်ပြောဖို့ ခက်လာတယ်။ 
သွေးစစ်တဲ့အခါ total anti-HAV Ab စစ်တာထက် acute phaseမှာ anti-HAV IgM စစ်တာက ပိုအသုံးဝင်တယ်။ ဈေးနှုန်းအရ ကွာခြားချက်ကြီးကြီးမားမား မရှိဘူး။ IgMက ပိုးဝင်ပြီး တပတ်နေရင် သွေးထဲမှာ စတင်တွေ့ရှိနိုင်တယ်။ ၃လလောက်ထိ သွေးထဲမှာ ကျန်နေနိုင်သေးတယ်။ Ig Gဆိုတဲ့ Ab တမျိုးတွေ့ရှိရင် တချိန်က အေပိုး ဝင်ခဲ့ဘူးတယ်လို့ သိရှိရသလို ရောဂါပြီးနေပြီလို့ သိရှိနိုင်တယ်။ ပိုးဝင်နေတုန်းမှာ အသည်းမှာ ရှိတဲ့ အင်ဇိုင်းဓာတ်တမျိုး ALTသိသိသာသာ တက်နေတာ တွေ့ရှိရမယ်။ ကျန်တဲ့resultတွေ ကောင်းနေနိုင်တယ်။ လိုအပ်ရင် အသည်းအခြေအနေသိဖို့ အက်ထရာဆောင်း လိုလာတယ်။ အခန့်မသင့်ရင် ဒါမှမဟုတ် လူနာက ကံဆိုးတဲ့အခါ fulminant hepatitis ရုတ်တရက်အသည်းရောင်ရာက လုပ်ငန်းပျက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတတ်တယ်။ တခုကောင်းတဲ့အချက်က ဘီပိုး၊စီပိုးလို နာတာရှည် အသည်းရောင်တာ၊ရောဂါပိုးသယ်ဆောင်တာတွေ မရှိတတ်ဘူး။

ရောဂါသေချာပြီဆိုရင်  အရင်အားပေးရတယ်။အသည်းရောင်အေဖြစ်တဲ့အခါ ကုသတယ်ဆိုတာထက် လူနာကို ကူညီတာ၊အကြံပေးတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆောင်ရန်၊ရှောင်ရန် တပါးတည်း မှာကြားရတယ်။ အများစုဟာ တစ်လလောက်နေရင် သိသိသာသာ သက်သာလာတယ်။ တခါတရံ သက်သာပျောက်ကင်းဖို့ အချိန်ပိုယူရတယ်။
- အနားများများ ယူခိုင်းရတယ်။
-အရည်များများသောက်ခိုင်းရတယ်။
-ကော်ဖီ၊လက်ဖက်ရည်၊ ဂက်စ်ပါတာ ရှောင်သင့်တယ်။
-အသီးအရွက်၊သစ်သီးဝလံ စားပေးရတယ်။
-အဆီများတဲ့ အစားအသောက် ရှောင်ရတယ်။
-အရက်ဆိုရင် လုံးဝရှောင်ခိုင်းရတယ်။
-အသည်းရောင်သက်သာအောင် အသည်းအားဆေးလိုလာတတ်တယ်။
-အသည်းကို ပျက်ဆီးစေနိုင်တဲ့ ဆေးတွေ လောလောဆယ် ဖြတ်ထားခိုင်းရတယ်။
-ရောဂါခံစားရတာ အနည်းဆုံး ၂ပတ်က ၃လထိ ကြာနိုင်တာ ကြိုတင်သတိပေးထားရတယ်။
-လူနာစုစုပေါင်းရဲ့ ၈၅ရာနှုန်းလောက်က ၃လအတွင်း သက်သာလာသလို အားလုံးနီးပါးက ၆လအတွင်း ဝေဒနာတွေ သက်သာသွားကြတယ်။ 

Faecal-oral routeပါးစပ်က ဝင်တဲ့ပိုးတိုင်းဟာ  ရောဂါကာကွယ်ဖို့ အပြောလွယ်သလောက် အလုပ်ခက်တယ်။တကိုယ်ရည် သန့်ရှင်းရေး အရေးကြီးတယ်။ရောဂါ ကာကွယ်ဖို့အတွက် အိမ်သာကထွက်တဲ့အခါတိုင်း၊အစားအသောက်မပြင်ခင် အချိန်တွေမှာ လက်ကို သေချာဆေးသင့်တယ်။အတူနေအိမ်သားရှိရင် ပိုမိုဂရုစိုက်သင့်တယ်။ ပတ်ဝန်းကျင်သန့်ရှင်းဖို့လိုသလို အစာသန့်၊ရေသန့်၊အိမ်သာသန့်ဖို့လည်း လိုအပ်တယ်။ အပူပေးခြင်းဟာ ရောဂါမပြန့်ပွားအောင် ကာကွယ်ဖို့အကောင်းဆုံးဖြစ်တယ်။အပူချိန် ၈၅ဒီဂရီ ဆဲလ်စီးယပ်မှာ ၁မိနစ်လောက်အပူပေးရုံနဲ့ ရောဂါပိုးကို သတ်နိုင်တယ်လို့ ဆိုပါတယ်။

အသည်းရောင်အေအတွက် ကာကွယ်ဆေးတွေ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ အသည်းရောင်အေ ကာကွယ်ဆေးကို အသက် ၁နှစ်အရွယ်က စတင်ထိုးပေးနိုင်တယ်။ ဆေးထိုးပြီး ၂ပတ်အကြာမှာ ရောဂါကာကွယ်နိုင်တယ်။ ၁လအကြာမှာ ရာနှုန်းပြည့်နီးပါးကို ကာကွယ်ပေးနိုင်တယ်။  ပထမဆေးထိုးပြီး နောက် ၆-၁၂လအကြာမှာ ဒုတိယတကြိမ်ထပ်ထိုးရတယ်။ဒုတိယအကြိမ်ထိုးပြီး နောက်ပိုင်း  နှစ်၂၀လောက်ထိ ရောဂါကာကွယ်ပေးနိုင်တယ်။ကာကွယ်ဆေးထိုးဖို့ လုံလောက်တဲ့အချိန်မရှိရင် immunoglobulin ဆိုတဲ့ အင်တီဘော်ဒီတမျိုးကို ထိုးပေးနိုင်တယ်။ အသက်တစ်နှစ်အောက်တွေလည်း လိုအပ်ရင် အသုံးပြုနိုင်တယ်။0.02ml/kgနဲ့ တွက်ထိုးပေးရတယ်။ခုခံနိုင်စွမ်း ၃လအထိကျန်နိုင်တယ်။သုံးလကျော်ရင် 0.06ml/kgနဲ့ တွက်ထိုးပေးရတယ်။ ၅လနေလို့ လိုအပ်သေးရင် ထပ်ထိုးရမယ်။ ကိုယ်ဝန်ဆောင်မှာလိုအပ်ရင် သုံးစွဲနိုင်တယ်။ အတွေ့များတာကြောင့် ဆေးရုံ၊ဆေးခန်းတွေမှာ အသည်းရောင်အေ ကာကွယ်ဆေး ကြိုတင်ထိုးထားဖို့ အကြံပြုပါရစေ ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(31.5.13)

No comments:

Post a Comment