Friday, July 19, 2013

ဘာကြောင့် ကိုယ်ဝန်မရသေးတာလဲ

ဆရာ
ကျွန်မအိမ်ထောင်ကျတာ ၈လ ရှိပါပြီ
ဒါပေမဲ့ ကလေးမရဘူးဖြစ်နေတယ်
တားဆေးလည်း၁လပဲသုံးတယ်
ဘာကြောင့်မရလည်းဆိုတာသိချင်ပါတယ်



နံပါတ်တစ်သိသင့်တာက အကာအကွယ်မသုံး၊တားဆေးမသုံးပဲ ၁နှစ်ကျော်တဲ့ထိ ကလေးမရတာမျိုးဖြစ်ရင် အိုဂျီအထူးကုနဲ့ ပြသင့်ပါတယ်။ တယောက်ယောက်မှာ ချို့ယွင်းချက်တခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ နောက်တချက်က ၃လခံဆေးထိုးခဲ့မိရင် ဖြတ်ပြီးနောက်ပိုင်း အနည်းဆုံး၆လလောက်တော့ ကလေးမရတတ်ဘူး။ တတိယအချက်က အိမ်ထောင်ကျတဲ့အသက်အရွယ်ပါထည့်တွက်ရတယ်။ အသက်၃၅နှစ်အထက်ဖြစ်ရင် ကလေးရနိုင်ချေကျဆင်းလာတယ်။ နောက်အတူနေတဲ့ရက်လည်း အရေးကြီးတယ်။ သိပြီးသားဖြစ်မယ်တော့ထင်ပါတယ်။ ၂၈ရက်တခါ ရာသီပုံမှန်လာရင် ၁၁ရက်မြောက်နေ့ နဲ့ ၁၉ရက်နေ့တွေအတွင်း ရက်တွေမှာ အတူနေနိုင်ရင် ပိုကောင်းတယ်။ ထပ်တိကျချင်ရင် သားဥကျွေတဲ့ရက်စမ်းပြီး အတူနေပါ။ ဒီအကြောင်းရေးပြီးသားရှိပါတယ်။ကလေးရမယ်၊မရဘူးဆိုတာ ဟော်မုန်းနဲ့ အဓိကသက်ဆိုင်ပါတယ်။ တခြားအကြောင်းအရာတွေလည်းအများကြီးရှိတယ်။အိပ်ရေးပျက်တာ၊အစားအသောက်ပျက်တာလိုမျိုး၊ ဒါ့အပြင် ရောဂါကြောင့်လည်း ဖြစ်နိုင်ပြန်တယ်။ ယတိပြတ်ပြောဖို့ မဖြစ်နိုင်ဘူး။

အကြံပြုချက်
-အိမ်ထောင်ကျတာ ၈လဘဲရှိသေးလို့ စိတ်မပျက်ပါနဲ့။ တချို့ဒီလိုပဲဖြစ်တတ်တယ်။
-ကြိုးစားဖို့အချိန်တွေကျန်ပါသေးတယ်။
-အသက်အရွယ်မသိရလို့ ပြောရတော့ခက်ပါတယ်။ ၃၅အောက်ဖြစ်ရင် ပိုကောင်းတယ်။
-အတူနေတဲ့ရက်တွေကို ဂရုစိုက်ကြည့်ပါ။ ရာသီလာပြီး ၁၁ရက်မြောက်နဲ့ ၁၉ရက်အတွင်း အတူနေနိုင်အောင်ကြိုးစားပါ။
-အထူးသဖြင့် သားဥကြွေတဲ့ test stripလေးနဲ့ စမ်းသပ်ပြီး ဥကြွေတဲ့ရက်တွေမှာ အတူနေပါ။ ဈေးကွက်ထဲမှာ အလွယ်ဝယ်လို့ရပါတယ်။ 
-နှစ်ယောက်လုံး အားအင်ပြည့်ဝတဲ့အစားတွေစားသင့်တယ်။အပူအစပ်၊ချိုတာတော့ ရှောင်သင့်တယ်။ လိုအပ်ရင် သွေးစစ်၊ဆီးစစ် လုပ်သင့်တယ်။ 
- ပိုစိတ်ချရအောင် အတူနေသင့်တဲ့ရက်တွေမှာသာ ဂရုစိုက်နေပါ။အရည်အသွေးက အရေအတွက်ထက် ပိုကောင်းတယ်မဟုတ်လား။

အမျိုးသမီးတွေမျိုးဥကြွေရက် သိရှိဖို့ ဆိုတာ ဖတ်ကြည့်ပါ။
http://drayeminhtoo.blogspot.com/2013/05/blog-post.html
လိုသေးရင် ထပ်မေးပါ။ ကံကောင်းပါစေ။

ဒေါက်တာ အေးမင်းထူး
၁၆.၇.၁၃



ဆရာ
 ကျေးဇူးတင်ပါတယ်၊ ကျွန်မအသက်က ၂၆ပဲရှိပါသေးတယ်၊ တားဆေးက ok တံဆိပ်သုံးတာပါ၊ထိုးဆေးလည်းမသုံးဖူးပါဘူး။ ကျွန်မ ကလေးလိုချင်မှန်းသိလို့ အမျိုးသားက နေတိုင်းတော့အတူနေပေးပါတယ် ၊ ဒါပေမဲ့ ကလေးကမရဘူးဖြစ်နေတယ်၊ ကျွန်မအရင်က ဦးနှောက်နှင့်အာရုံကြောဆေးရုံတက်ဖူးတယ်ဆရာ ၊ဆေးကို ၃နှစ်ဆက်တိုက်သောက်ရတယ်၊ပြီးတော့ သွေးအားကအမြဲ ၁၀၀၊၇၀ ပဲရှိတယ်ဆရာ၊ ကျွန်မသွေးအား ၉၀၊၆၀ ထိကျလည်းဘာမှမဖြစ်ဘူးဆရာ၊ အာရုံကြောဆေးမသောက်ရတာတော့ ၃နှစ်ကျော်ပါပြီ၊ အဲဒါကလေးမရတာနဲ့များဆိုင်နေမလားလို့ စိုးရိမ်မိပါတယ်၊ 



အသက်အရွယ်အားဖြင့် ကလေးယူဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ တားဆေးကဒ်တွေက ဖြတ်ပြီးရင် ကိုယ်ဝန်ပြန်ရပါတယ်။ သွေးပေါင်နဲ့ သွေးအားမတူတာ သတိပြုပါ။ သွေးပေါင်ကျတာသိပ်မကောင်းဘူးဆိုပေမယ့် ခန္ဓာကိုယ်အချိုးအစားနဲ့လဲဆိုင်တယ်။ ပိန်တဲ့သူတွေဟာ သွေးပေါင်နည်းနေတတ်တယ်။နောက်တချက်က ရာသီသွေးများတဲ့သူတွေဟာ သွေးအားနည်းတတ်တယ်။သွေးအားနည်းတယ်ဆိုတာ သွေးစစ်ကြည့်မှ သိနိုင်တယ်။ သွေးအားနည်းသူတွေဟာ ကလေးရနိုင်ချေနည်းတယ်။ အာရုံကြောရောဂါကတော့ ဖြစ်တဲ့ရောဂါနာမည်၊ဆေးနာမည်ပြောမှ သုံးသပ်နိုင်မယ်။ ယေဘုယျပြောရရင် ဆေးကြောင့်တော့ အဖြစ်နည်းတယ်။ အရေးကြီးတဲ့အချက်သွားတွေ့တာက နေ့တိုင်းအတူနေတာတော့ သိပ်အားမပေးချင်ဘူး။ အားတွေ ဖြုန်းတီးရာရောက်တယ်။ တကယ်အတူနေသင့်တဲ့ရက်ကို လေ့လာပြီးမှ အတူနေတာ ပိုအကျိုးရှိပါမယ်။ ဖိုသုတ်ပိုးနဲ့ မမျိုးဥပေါင်းမှ ကလေးဆိုတာဖြစ်ပါတယ်။  မျိုးဥကျွေတဲ့ရက်တွေမှာ အတူနေနိုင်မှ ကလေးရပါမယ်။ ကျန်တဲ့ရက်မှာ အကျိုးမရှိနိုင်ဘူး။ နေ့တိုင်းကုန်ဆုံးနေရင် အသစ်ဖွဲ့စည်းမှုတွေ မလုံလောက်မှာ သတိပြုပါ။နှစ်ယောက်လုံးရဲ့ အရည်အသွေးကို အလကားမဖြုန်းပစ်ပါနဲ့။

No comments:

Post a Comment