Friday, November 2, 2012

ရေမကြောက်တတ်ပေမယ့် ရေကျောက်ဆိုတာတော့ဖြစ်တတ်ပါတယ်



        သင်္ကြန်နားနီးလို့ သင်္ကြန်သီချင်းတွေ ဟိုနားတစ်စု ဒီနားတစ်စု ကြာလာရပါပြီ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောတဲ့ ပွဲတော်လို့လူသိများပါတယ်။ နှစ်ဟောင်းကအညစ်အကြေး တွေ   နှစ်သစ်ကိုမပါအောင် ဆေးကြောတဲ့အနေနဲ့ ရေကစားကြတာပါ။ သင်္ကြန်မှာရေနဲ့မြန်မာဆိုတာ  ခွဲခြားလို့ မရပါဘူး။ မြန်မာလူမျိုးအများစုက ရေမကြောက်တတ်ပါဘူး။ ရေကြောက်တယ်ဆိုတာ ရှားပါတယ်။ ရေမကြောက်တတ်ကြပေမယ့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ ရေကျောက်တော့ဖြစ်နိုင်ကြပါတယ်။ သင်္ကြန်ကြောင့် ရေကိုကြောက်ပြီး ရောဂါဖြစ်တာမဟုတ်ပါဘူး။ ရေကျောက်ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့သာ
ရေကျောက်ဖြစ်ရတာပါ။ ကလေးသူငယ်တွေ မှာ အတွေ့ရများပါတယ်။ လူငယ်လူရွယ်တွေလည်း ကိုယ်တိုင်ရေမကြောက်တတ်ဘူးဆိုပေမယ့် ရေကျောက်ရောဂါ ဖြစ်တယ်လို့သတိထားသင့်ပါတယ်။ အထူးသဖြင့် ဆောင်းအကုန်နွေအကူးကာလတွေမှာ အဖြစ်များလေ့ရှိ ပါတယ်။ ရေကျောက်ကို အင်္ဂလိပ်လို chicken pox လို့ခေါ်ပါတယ်။ small pox လို့ဆိုတာလည်း ရှိသေးတယ်။small poxသာဆိုတယ်။ မြန်မာလိုကျတော့ ကျောက်ကြီးတဲ့။ အရင်တုန်းက small pox ဟာ ကပ်ရောဂါအနေနဲ့ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာဖြစ်ပွှားမှု့မရှိတော့ဘဲ ဓာတ်ခွဲခန်းအချို့မှာ ထိန်းသိမ်းထားရုံသာရှိတော့တယ်။ ရေကျောက်ဟာ vericella zoster ခေါ်တဲ့ DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်။ အဖုအပိန့်တွေထွက်လာမယ်။ ထိုအနီဖုလေးတွေက အရမ်းယားတော့ ကုတ်မိတတ်တယ်။ စထွက်ထွက်ခြင်း ဗိုက်၊ ကျော စတဲ့ခန္ဓကိုယ်အစိတ်အပိုင်းတွေထွက်လာပြီး ယားလို့ သတိထားမိတတ်တယ်။ ကုတ်ရင်းနဲ့ တဖြည်းဖြည်းယားလာပြီးတကိုယ်လုံးအနီစက်တွေထွက်လာမယ်။ နောက်ပိုင်း မျက်နှာ၊ နား၊ ပါးစပ်နဲ့ ဦးရေပြားတွေမှာပါအနီဖုလေးတွေပေါက်လာမယ်။ အနီစက်မထုတ်ခင် နှစ်ရက်ခန့်နဲ့ထွက်ပြီး ငါးရက်အကြာမှာရောဂါကူးစက်ဖို့အခွင့်အလမ်းများတယ်။ အနီစက်ကဖြစ်လာတဲ့ အနာတွေက ထွက်တဲ့အရေထဲမှာ ဗိုင်းရပ်စ်ပိုးတွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ အဓိကကူးစက်တတ်တာကတော့ လေထဲက ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ တဆင့် ကူးစက်တတ်ပါတယ်။ ကူးစက်ခံရပြီး နှစ်ပတ်အကြာမှ ရောဂါလက္ခဏာတွေ စတင်ပြသလာပါတယ်။ ငွေ့ငွေ့လေးဖျားမယ်။ တခါတရံ အပြင်းဖျားတတ်တယ်။ ကြွက်သားတွေနာမယ်၊ ခေါင်းကိုက်မယ်။ တခါတရံ လည်ချောင်းနာလို့ နားကိုက်လိုက်ဆိုပြီး လာတတ်တယ်။ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နှုံးချိနေမယ်။ မရှေးမနှောင်းမှာဘဲ ခန္ဓကိုယ်မှာအနီစက်တွေပေါက်လာတာ သတိထားမိမယ်။ပြီးရင်ယားလာမယ်။ စဖြစ်ဖြစ်ချင်းတော့ အနီစက်၊ အနီဖုလေးတွေဘဲ တဖြည်းဖြည်း ထွက်လာပြီး အရေကြည်ဖုလေးတွေပေါက်လာတတ်တယ်။ တကိုယ်လုံးမှာလည်း အလားတူအနီစက်အဖုလေး တွေ ထွက်လာမယ်။ အရေကြည်ဖုလေးတွေပေါက်ပြီးရင် ပျောက်သွားတတ်တယ်။ ကုတ်ရင်းနဲ့ ညိုမဲပြီး အနာဖြစ်သူတွေလည်းရှိတယ်။ အဲ့လိုဖြစ်ရင်ရေယုန်နဲ့မှားတတ်တယ်။ ရေယုန်ဖြစ်စေတဲ့ hepes zoster virus ၊ရေကျောက်ဖြစ်စေတဲ့ varicella zoster ကို ဝက်သက်မှာဖြစ်တဲ့ အနီစက်နဲ့လည်းမှားတတ် ပြန်တယ်။ အနီစက်ကနေ အနီဖု၊ အဲ့ဒီကနေ အရေကြည်ဖု ဖြစ်ပြီး သုံးလေးရက်အကြာမှ ပေါက်သွာတယ်။ ပြီးရင်တဖြည်းဖြည်း ချပ်သွားတယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန်ပျောက်သွားကြတယ်။ သတိထားရမှာ တစ်ခုက ကလေးဘဝမှာ ရေကြောက်တစ်ခါဖြစ်ဖူးရင် လူကြီးဘဝမှာ ရေယုန်ဖြစ်တတ်တယ်ဆိုတာပါဘဲ။ ရာခိုင်နှုန်းအားဖြင်း ၂၀%၊ ရေကျောက်ဖြစ်ဖူးရင်ရေယုန်ဖြစ်ဖို့ လူကြီးငါးယောက်မှာ တစ်ယောက်နှုန်း။ ရောဂါလက္ခဏာတွေ အနီစက်တွေ လုံးဝ ပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါ။ ဒီလိုနဲ့အသက်ကြီးလာပြီးတစ်ချိန်မှာ ခုခံအားကျဆင်းတဲ့အခါဖြစ်ဖြစ်၊ အာဟာရချို့တဲ့ရင်ဖြစ်ဖြစ် ငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။ အများအားဖြင့် အသက်၆၀ကျော်အရွယ်မှာအဖြစ်များပါတယ်။ ရေကျောက်ဖြစ်ဖူးသူတွေအနေနဲ့တစ်ချိန်မှာ ရေယုန် မဖြစ်အောင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ ရေကျောက်ဟာ ကလေးဘဝမှာ အကူးစက်ခံရဆုံးဖြစ်ပါတယ်။ ဖြစ်ပွားသူစုစုပေါင်းရဲ့ ၉၀% ဟာ အသက်၎နှစ်နဲ့၁၀နှစ်ကြား ကလေးငယ်တွေပါ။ ကျန်တဲ့ ၁၀% ကတော့ အသက်၁၈နှစ်အောက်လူငယ်လူရွယ်တွေမှာ တွေရပါတယ်။ အမျိုးသားတွေမှာပိုမိုတွေ့ရှိရပါတယ်။ ရောဂါမဖြစ်ပွှားသေးသူ ၁၈နှစ်အောက်လူငယ်များကို ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာဖြစ်ပါတယ်။ အသက်၅နှစ်အောက်ကလေးငယ်များ ကိုလည်း တစ်နှစ်သားမှာတစ်ကြိမ်၊ ၅နှစ်သားမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွှားနှုန်း ၉၀%ခန့်လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့သော်ကိုယ်ဝန်ဆောင်မိခင်များ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများနဲ့ lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကို ကာကွယ်ဆေးထိုးမပေးသင့်ပါဘူး။ ကိုယ်ဝန် ၂၈ပတ်အတွင်း ရောဂါကူးစက်ခံရရင် မွေးလာမယ့်ကလေးမှာ congenital varicella symdrome ကဲ့သို့မွေးရာပါလက္ခဏာတွေဖြစ်တတ်ပါတယ်။ လက်ချောင်း၊ ခြေချောင်းတွေတိုနေတာ အစာအိမ်နဲ့အူလမ်းကြောင်းဖွံ့ဖြိုးမှု့မရှိဘဲ၊ ကြီးထွားမှု့ နှေးကွေးတာ တွေအပြင် ဦးနှောက်နဲ့အာရုံကြော၊ မျက်လုံး၊ အရေပြားစတာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေမှ ကာကွယ်နိုင်အောင် ရေကျောက်ဖြစ်ပွားဖူးခြင်းမရှိသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁လ အလိုမှာအာကွယ်ဆေးအပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားနိုင်ပါတယ်။ ဒီလိုကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင်တီထွင်ထုတ် လုပ်ပေးခဲ့ပါတယ်။ ရေကျောက်ကူးစက်ခံရပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာ အနာခြောက်ပြီး သူ့ဘာသာပျောက် ကင်းသက်သာသွားမှာပါ။ ဖျားရင်အဖျားကျဆေး paracetamol တွေ အသုံးပြုနိုင်ပေမယ့် aspirin, Ibuprofen လို အကိုက်ခဲပျောက်ဆေးတွေ အသုံးမပြုသင့်ပါဘူး။ အဖုအပိန့်တွေ အရမ်းများလာရင် calamine lotion လို၊ zinc oxide လိုလိမ်းဆေးတွေလိမ်းနိုင်ပါတယ်။ တစ်ခါတစ်ရံ ရေနွေးနဲ့ရေချိုးရင်လည်း သက်သာစေနိုင်ပါတယ်။ ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးနိုင်ပါတယ်။ သိပ်ဆိုးရင် antihistamine လို့အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးများမပေးသင့်ပါဘူး။ တခါတရံ ပိုဆိုးလာပြီး ရက်ကြာလာတာတွေဖြစ်တတ်ပါတယ်။ acyclovir, famcyclovir နဲ့ valacyclovir တို့လို ဗိုင်းရပ်စ်သတ်ဆေး တွေကိုတော့ အခြေအနေပေါ်မူတည်ပြီးပေးသင့်ပါတယ်။ အနီစက်ထွက်ပြီးတစ်ရက်အတွင်းပေးနိုင်ရင် အကျိုးများစေနိုင်တယ် ဆိုပါတယ်။ ရောဂါသိပ်ဆိုးလွန်းရင် varicella zoster immunoglobulin ဆေးထိုးပေးနိုင် ပါတယ်။ ထပ်ဆင့်ပိုးဝင်ပါက ပဋိဇီဝပိုးသတ်ဆေး (Antibiotic) တွေပေးထားနိုင်ပါတယ်။ vit. A,C,E ပါတဲ့ multivitamin အားဆေးတွေက လူနာကိုအကျိုးရှိစေပါတယ်။ သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများမှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ ရောဂါမဖြစ်ပွှားခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ ပိုမိုစိတ်ချရပါတယ်။
 လိုက်နာရန်အချက်များ
·         ရေကျောက်မဖြစ်ဖူးသူများ ကာကွယ်ဆေးနှစ်ကြိမ်ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
·         ခန္ဓကိုယ်မှာအနီစက်ပေါက်သူများကို သတိထားဆက်ဆံသင့်ပါတယ်။(အထူးသဖြင့် ကလေးငယ်များ)
·         ရောဂါဖြစ်ပွှားပါက အခြားသူများမကူးစက်နိုင်အောင် နှာခေါင်းစည်း( face mask)  တပ်ဆင်သင့်ပါတယ်။
·         လူကြားသူကြားထဲသွားခြင်းမှ ရှောင်ကြဉ်ပါ။
·         တစ်ပတ်ခန့်အနားယူပါ။
·         နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါနဲ့အုပ်ဆိုးပါ။
·         မိမိအဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။
·         ရေများများသောက်ခြင်း၊ အသီးအရွက်စားခြင်းဟာရောဂါလက္ခဏာသက်သာစေရုံသာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။
·         လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။
·         အနာကိုကုတ်မိသူများ လက်သည်းညှပ်သင့်ပါတယ်။
သင်္ကြန်မှာအားလုံးပျော်ပျော်ပါးပါး ကျန်းကျန်းမာမာဆင်နွှဲနိုင်ကြပါစေ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(6.4.2012)

No comments:

Post a Comment