Monday, June 29, 2015

ဝမ်းနှုတ်ဆေး စွဲနေပြီလား

"ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူး"ဆိုတာ မြန်မာအယူအဆမှရှိ တယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ ဒါပေမယ့် ဝမ်းကောင်းဖို့အတွက် နေ့စဉ် ဝမ်းနှုတ်ဆေးတွေသောက်နေဖို့တော့ မလိုအပ်ဘူး။ ဘာ့ကြာင့်လဲဆိုတော့ ဝမ်းနှုတ်ဆေး ကြာရှည်သောက်ရာက ဆေးစွဲနိုင် လို့ဖြစ်ပါတယ်။ ဆေးစွဲတယ်ဆိုတာ ဆေးမသောက်ရရင် ဝမ်းမသွားတော့ဘူးဆိုတဲ့ ခံစားချက်မျိုးဖြစ်လာတာ။ တနည်းအားဖြင့် ဆေးအပေါ် မှီခိုလွန်းပြီး ဆေးစွဲလာတာမျိုးပဲ။ တော်တော်များများက ဒီအချက်ကို သတိမထားမိကြဘူး။


ဘာ့ကြောင့် ဆေးစွဲလဲ
ပုံမှန်ဝမ်းသွားဖို့ အူလမ်းကြွက်သားတွေကို အလုပ်လုပ်ဖို့ လိုပါတယ်။ အစာဟောင်းရှိမှ အူက လှုံ့ဆော်ပြီး အပြင်ကို ထုတ်ပေးတာ။ အူမကြီးက ညှစ်ပြီး အစာဟောင်းကို အောက်ကို ဆင်းစေတယ်။ အဲလိုညှစ်ဖို့ အူလမ်းကနေ လှုံ့ဆော်မှု(signal)တခုလိုပါတယ်။ ဝမ်းနှုတ်ဆေးတွေ ကြာရှည်သောက်တဲ့အခါ ဒီဖြစ်စဉ်တွေ ပျက်သွားတတ်တယ်။ ဝမ်းနှုတ်ဆေး သုံးပါများရင် အူထဲမှာ အစာမရှိတော့ဘူး။ တကယ့် ပြဿနာက ဒီကစတယ်။ ဆေးမသောက်ရင်ကို ဝမ်းမသွားတော့ဘူးဆိုတာ ဖြစ်လာတယ်။အဲဒီမှာ ဝမ်းနှုတ်ဆေး စွဲလာတယ်။ မသုံးရမနေနိုင်ဖြစ်လာတယ်။

တကယ်တော့ မြန်မာလူမျိုးတွေတင် မကပါဘူး။ အမေရိကန်တွေလည်း ဝမ်းနှုတ်ဆေးတွေကို အလွန်အကျွံအသုံးပြုကြတယ်။  လတ်တလော လေ့လာမှုတွေအရ သူတို့နိုင်ငံက တခြားနိုင်ငံတွေထက် ဝမ်းနှုတ်ဆေး ပိုသုံးကြသတဲ့(မြန်မာနိုင်ငံပါဟန်မတူပါ)။အဲလိုဆေးဈေးကွက်ကနေ နှစ်စဉ်ဒေါ်လာ သန်း(၇၀၀)ကျော်ဖိုးလောက် ရောင်းနေရတယ်။ ဒီထဲမှာ သုံးစွဲသူတွေရဲ့ ၄၀ရာခိုင်နှုန်းလောက်က ဆေးဝါးတလွဲသုံးနေတာ။ အထူးသဖြင့် ဆယ်ကျော်သက်တွေက ဝိတ်ချဖို့နဲ့ အဆိပ်အတောက်ကင်းစင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးကြတယ်။ တကယ်က အယူအဆမှားနေတာ။ လက်တွေ့မှာ အဆီမကျပဲ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်၊ဆားဓာတ်တွေသာ ခန်းခြောက်သွားတယ်။ နောက်ဆက်တွဲ သွေးပေါင်ကျ၊ နှလုံးခုန်မြန်၊မူးမိုက်ပြီး ရှော့ခ်ဝင်တတ်တယ်။ အနောက်နိုင်ငံမှာ ဝမ်းလျှောဆေးရုံရောက်သူရဲ့ ၁၅ရာခိုင်နှုန်းဟာ ဝမ်းနှုတ်ဆေး ကြောင့် ဖြစ်ပါတယ်။ 

ဝမ်းနှုတ်ဆေးသဘောက အူထဲမှာ အစာမရှိအောင် လုပ်ပေးတာပါ။ ဝမ်းသွားစေတဲ့နည်းတွေ မတူကြဘူး။
Stimulant laxatives ဆိုတာ အူလမ်းကြောင်းကို ညှစ်ပြီး ဝမ်းသွားစေတာ ဖြစ်တယ်။အသုံးများဝမ်းနှုတ်ဆေးတွေက bisacodyl (Dulcolax)နဲ့ senna (ပွေးကိုင်း)တွေ ဖြစ်ပါတယ်။  
ဒီဆေးတွေက အူမကြီးမှရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပြီး ဝမ်းသွားစေတာကြောင့်  အချိန်ကြာ မသုံးသင့်ဘူး။ ကြာရင် အူက အလုပ်မလုပ်တော့ဘူး။ နောက်အသုံးများတဲ့ဆေးက phenolphthalein ပါတဲ့ဝမ်းနှုတ်ဆေးပါ။ ပန်းရောင်တရုတ်ဝမ်းနှုတ်ဆေး ခေါ်တယ်။ ဒီဆေးကို တခြားနိုင်ငံတွေမှာ လုံးဝမသုံးတော့ဘူး။ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိတယ်လို့ သိထားလို့ပါ။ 

Bulk laxativesဆိုတာ အမျှင်ဓာတ်များတဲ့ ဝမ်းနှုတ်ဆေးတွေကိုခေါ်ပါတယ်။ ဝမ်းသွားရလွယ်တယ်။ အရည်မသွားပဲ ဝမ်းလုံးက ပျော့ပျော့လေး ခဲနေမယ်။ အမျှင်ဓာတ်ပါလို့ ပိုစိတ်ချရပြီး ရေရှည်သုံးလို့ရတယ်။ ကြာရှည်ဝမ်းမှန်ဆေး အနေနဲ့ အမျှင်ဓာတ်ပါတဲ့ psyllium (Metamucil) polycarbophilနဲ့  methylcellulose (Citrucel)က ပိုကောင်းပါတယ်။ ရင်ပူ၊အနီစက်ထွက်၊ဓာတ်မတဲ့တာ ရှိနိုင်လို့ သတိပြုသငိ့တယ်။

Osmotic laxatives ဆိုတာ ဝမ်းပျော့ဆေးလို့ပြောရင် ပိုမှန်တယ်။ အူလမ်းမှာ ရေကိုစုပ်ယူပြီး ဝမ်းကို ပျော့စေတယ်။ အများသုံးနေတဲ့ MOMဆိုတာ ဒီအမျိုးအစားပဲ။ polyethylene glycol နဲ့ magnesium hydroxide solution (milk of magnesia) တွေက Osmotic laxatives အမျိုးအစားတွေ ဖြစ်ပါတယ်။ညသောက် မနက်ဆိုရင် ဝမ်းပျော့ပျော့တွေ သွားပြီ။ ဒါပေမယ့် ကျောက်ကပ်ရောဂါ အခံရှိရင် သတိထားသင့်တယ်။

Lubricant laxativesဆိုတာက ချောဆီသဘောမျက်နှာပြင်ကို ချောမွေ့စေတာကြောင့် ဝမ်းသွားရလွယ်တယ်။ Glycerin suppositories ကို စအိုထဲထည့်ပေးရင် နာရီဝက်အတွင်း ဝမ်းသွားစေတယ်။ ဝမ်းမာသူတွေမှာ ဒီနည်းသုံးလို့ရတယ်။ ဘာမှမရှိရင် ကလေးဆပ်ပြာသုံးပါ။

ဝမ်းချုပ်တာ ရောဂါလား
အများစုက ရောဂါမဟုတ်ဘူး။ အနေအထိုင်၊အစားအသောက်ကြောင့် အဖြစ်များတယ်။ 
ဒါပေမယ့် နာတာရှည် ဝမ်းချုပ်တာကတော့ ရောဂါအခံတခုခုကြောင့် ဖြစ်နိုင်တယ်။ အူမကြီးကင်ဆာ၊အူလှုပ်ရှားမှုမမှန်တဲ့ရောဂါ(Irritable bowel syndrome)၊ပါကင်ဆန်ရောဂါ၊ ဆီးချို၊ လည်ပင်းကြီး၊လည်ပင်းကြီး၊ခါးဆစ်ရိုးထိသူတွေမှာ လည်း ဖြစ်တတ်တယ်။ ဆေးစစ်ဖို့ လိုပါတယ်။ ဘိန်းပါတဲ့ဆေး၊သံဓာတ်အားဆေးနဲ့ သွေးကျဆေးတွေကနေလည်း ဖြစ်တတ်တယ်။ 

ဝမ်းချုပ်ရင် ဘယ်ဆေးတွေရွေးမလဲ
အမျှင်ဓာတ်များတဲ့ psyllium ကို ဦးစားပေးရွေးပါ။ အူလမ်းကြောင်းအတွက် အဆင်ပြေတယ်။
ဝမ်းပျော့ဆေး docusate ပါတာသုံးပါ။ ဝမ်းမချုပ်အောင် ကာကွယ်ပေးမယ်။ရေတိုအစားထိုးတဲ့နည်းက ပွေးကိုင်း လက်ဖက်ရည်(senna tea)သောကိပါ။ ဒါပေမယ့် senna (ပွေးကိုင်း) နဲ့ bisacodyl (Dulcolax)ပါတာတွေ သောက်တဲ့အခါ တပတ်ထက် စွဲမသောက်ပါနဲ့။ ပိန်ဆေးတွေထဲမှာ ပွေးကိုင်းပါရင် ဂရုစိုက်သင့်တယ်။ အသက်ငယ်လွန်းသူ၊ကြီးလွန်းသူတွေမှာ mineral oil မပေးသင့်ဘူး။ ကိုယ်ဝန်ဆောင်မှာ stimulant laxatives(ဥပမာ ပွေးကိုင်း)လိုဆေးမျိုးပေးရင် ကလေးစောမွေးတတ်တယ်။ 

ဝမ်းနှုတ်ဆေးတွေက စနစ်တကျနဲ့ ရေတိုသောက်ရင် ကောင်းတယ်။ လိုမှသောက်၊မလိုရင် မသောက်နဲ့။ တတ်နိုင်သမျှ အစားအသောက်၊အနေအထိုင်အရင် ပြောင်းပါ။  မပြောင်းနိုင်ဘူးထင်မှ ဝမ်းနှုတ်ဆေးသောက်ပါ။ သောက်တဲ့အခါ တပတ်ထက် ပိုမသောက်မိစေနဲ့။ လချီသောက်ရင်တော့ ဖြတ်ဖို့ ကြိုးစားပါ။ဝမ်းနှုတ်ဆေးဖြတ်ခါစမှာ ဝမ်းချုပိတာ၊ရင်ပြည့်တာ၊ယာယီဝိတ်တက်တာမျိုး ဖြစ်နိုင်တယ်။ မသောက်ရင်ပဲ အဆီတွေနဲ့ပြည့်နေသလို ခံစားရတယ်။ ဒီလက္ခဏာတွေကို 

laxative withdrawal symptoms လို့ခေါ်ပါတယ်။  ဆေးကို တလကျော်သောက်ပြီး ဖြတ်ရင် စတင်ခံစားရတယ်။ပုံမှန်အားဖြင့် ၂-၅ရက်လောက်သာ ခံရတယ်။ နှစ်ချီစွဲသောက်သူတွေမှာ လချီခံစားရနိုင်တယ်။ သေချာတာတော့ ဖြည်းဖြည်းချင်းဖြတ်လို့ရတယ်.။ 


ဝမ်းနှုတ်ဆေးတွေ ဘယ်လိုဖြတ်မလဲ
၁။အမျှင်ဓာတ်(fibre)များများ စားပါ။ တရက်ကို ဖိုင်ဘာ 30g စားသင့်တယ်။ ဖိုက်ဘာများတဲ့ထဲမှာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးပဲ။ တချို့အစေ့အဆန်တွေမှာလည်း ဖိုက်ဘာပါကြတယ်။ သတိပြုရမှာက အမျှင်ဓာတ်များရင် ရင်ပြည့်ရင်ကယ်ဖြစ်နိုင်တယ်။ ဗိုက်နာစေတတ်တယ်။ 
၂။အစားစားတဲ့အခါ နည်းနညိးစီ စားပါ။ တရက်ကို (၅)ကြိမ်လောက် ခွဲစားပါ။ ဒါမှ အူလမ်းကြောင်းကို လှုံ့ဆော်ရာရောက်တယ်။ အစားအသောက်ထဲမှာ အသားတတ်နိုငိသမျှ လျှော့စားပါ။ ဝမ်းနှုတ်ဆေး ဖြတ်ပါ။တရကိကို အနညိးဆုံး ရေ(၈)ခွက် နေ့စဉ်သောက်ပါ။
၃။အစားစားပြီး တနာရီလောက်နေရင် လှုပ်ရှားမှုတခုခုလုပ်ပေးသင့်တယ်။ လေ့ကျင့်ခန်းနည်းနည်းစီလုပ်လို့ရတယ်။ လျေ့ကင့်ခန်းက ခန္ဓာကိုယ်သွေးလျှောက်မှုကောင်းစေတယ်။ endorphins ဆိုတဲ့ ဟော်မုန်းတမျိုးထွက်စေတယ်။အူလှုပ်ရှားမှုကို အားပေးမယ်။ 
၎။ဝမ်းသွားချင်စိတ်ပေါ်လာတာနဲ့ အောင့်မထားပဲ ချက်ချင်းသွားလိုက်ပါ။ ဒါမှ အူက အမြဲလှုပ်ရှားနေမယ်။ နောကိပိုင်း တဖြညးဖြည်း ဝမ်းမှန်လာမယ်။
၅။ကိုယ့်ကိုယိကို အမြဲအားပေးပါ။ ဝမ်းနှုတ်ဆေးမသုံးတော့ဘူးလို့ သေချာနေပါစေ။ ဗိုက်ဆာတဲ့အခါ သစ်သီးဝလံသာ အားပြုစားပါ။ ကော်ဖီ၊လက်ဖက်ရည်က မသောက်သင့်ဘူး။ အူလမ်းကြောင်းက ရေတွေကို စုပ်ယူနိုငိတယ်။ အသင့်စားတွေကလညိး ဝမ်းချုပ်စေတယ်။
၆။မနက်စောစော ရေနွေးတခွက် သောက်တဲ့အကျင့်လုပ်ပါ။ ရေထဲကို ပူစီနံ နဲ့ လက်ဖက်စိမ်း ထည့်ပြီး သောက်ပါ။ မနက်စာမစားခင် နာရီဝက်အလို မက်ခွက်တခွက်စာ သောက်ပါ။ အူလှုပ်ရှားမှုကောင်းစေပြီး အပူအပုပ်ကင်းစေတယ်။ နောက်ပိုငိး တဖြည်းဖြည်းနဲ့ ဝမ်းမှန်လာပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၅.၅.၁၅)

No comments:

Post a Comment