Monday, April 21, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၃)

Vitamin Kဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တမျိုး ဖြစ်တယ်။ လူသတ္တဝါတွေအတွက် သွေးခဲစေတဲ့ ပရိုတင်းဓာတ်တွေကို ထုတ်လုပ်ပေးတယ်။သဘာဝအတိုင်း တွေ့ရတဲ့ ဗီတာမင်ကေ နှစ်မျိုးရှိပါတယ်။ vitamin K1နဲ့ vitamin K2တို့ ဖြစ်ကြတယ်။ vitamin K1ကို စိမ်းတဲ့အရွက်တွေမှာ အဓိကတွေ့ရတယ်။ phylloquinone, phytomenadione, phytonadioneစသည်ဖြင့် အမျိုးမျိုး ခေါ်ပါတယ်။ vitamin K2ကို အသား၊နို့၊ဒိန်ချဉ်၊ကြက်ဥစတာတွေမှာ တွေ့ရတယ်။ အူမကြီးထဲမှာ ရှိတဲ့ E.coliလို ဗက်တီးရီးယားတွေကလည်း vitamin K1ကတဆင့် vitamin K2အဖြစ်ပြောင်းလဲနိုင်တယ်။ vitamin K2ကို menaquinones အုပ်စုဝင်တွေအဖြစ် လူသိများတယ်။  လူ၊တိရိစ္ဆာန်တွေက သိုလှောင်ပေးတယ်။ vitamin K3,K4,K5 ဆိုပြီး ထပ်ရှိသေးတယ်။ဓာတ်ခွဲခန်းက ထုတ်လုပ်ထားတဲ့ ဗီတာမင်မျိုး ဖြစ်တယ်။ 

Vitamin K1ကို ၁၉၂၉မှာ Henrik Damဆိုသူက စတင်တွေ့ရှိခဲ့ပါတယ်။ အမှန်က တိရိစ္ဆာန်တွေကို လေ့လာရင်းနဲ့ စတွေ့ခဲ့တာပါ။ ကြက်တွေမှာ ကိုလက်စတောလုံးဝမပါဝင်တဲ့ အစားအစာကျွေးကြည့်တဲ့အခါ သိပ်မကြာခင်ပဲ သွေးယိုလာတာ တွေ့ရတယ်။ ထပ်ပြီး ကိုလက်စတောသီးသန့်ပါဝင်တဲ့ အစားအစာကျွေးတဲ့အခါလည်း မသက်သာပြန်ဘူး။ ဒါ့ကြောင့်အစားအသောက်ထဲမှာ အဆီဓာတ်အပြင် သွေးခဲစေတဲ့ အခြားဓာတ်တမျိုးပါဝင်မယ်လို့ မှန်းဆနိုင်ခဲ့တယ်။ သွေးခဲစေတဲ့ဓာတ်ဖြစ်လို့ coagulation vitaminလို့ ခေါ်ခဲ့ကြတယ်။ ဒီတွေ့ရှိချက်ကို ဂျာမဏီကထုတ်ဝေတဲ့ ဂျာနယ်တစောင်မှာ Koagulationsvitamin ဆိုပြီး ဖော်ပြလိုက်တော့ vitamin Kဆိုပြီး ဖြစ်လာတယ်။ vitamin Kဆိုတာ ဂျာမန်စကား Koagulationရဲ့ ရှေ့ဆုံးစကားလုံးကိုယူသုံးထားတာ ဖြစ်ပါတယ်။ 

လူ့ခန္ဓာကိုယ်မှာ သွေးခဲစေဖို့ vitamin Kက အရေးပါတယ်။ သွေးခဲစေတဲ့ပစ္စည်း(clotting factors II, VII, IX , X)တွေ ဖွဲ့စည်းဖို့ ကူညီပေးတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိလည်း ရှိတယ်။ vitamin Kက သွေးကြောတွေရဲ့ကျန်းမာရေးအတွက် အရေးကြီးတယ်။  သွေးကြောနံရံတွေကို မာကျောမလာအောင် တားဆီးပေးတယ်။ နှလုံးကိုလည်း ကာကွယ်ပေးတယ်။ အရိုးတွေကို သန်မာစေတယ်။ သိပ်သည်းစေတယ်။ လတ်တလော လေ့လာချက်တွေအရ အရိုးပွရောဂါမှာ အသုံးပြုနိုင်တယ်။ အသက်ကြီးသူတွေအဖြစ်များတဲ့ အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးတယ်။ အမျိုးအစား(၂)ဆီးချိုဖြစ်ပွားမှုကို ၂၀ရာခိုင်နှုန်း ကာကွယ်တားဆီးပေးတယ်လို့ ဆိုပါတယ်။ 

Vitamin Kကို သံလွင်ဆီ၊ပဲပုပ်၊ပဲအမျိုးမျိုး၊ကိုက်လန်၊ဟင်းနုနွယ်၊ပန်းဂေါ်ဖီ၊လက်ဖက်စိမ်း၊စတော်ဘယ်ရီ၊အသား၊အသည်း၊ဒိန်ချဉ်၊မလိုင်ခဲ စတာတွေမှာ တွေ့ရတယ်။ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ စတာတွေကတဆင့် vitamin K1ကို ရရှိတယ်။ အသား၊အသည်း၊နို့၊ဒိန်ချဉ်စတဲ့ထဲမှာ vitamin K2ဆိုတာ ပါဝင်တယ်။အပူပေးခြင်းက vitamin Kရဲ့အာနိသင်ကို မထိခိုက်စေဘူး။ဒါပေမယ့် အအေးခံခြင်းကြောင့် အာနိသင် ယုတ်လျှော့စေတယ်။
နေ့စဉ်လိုအပ်ချက်
မွေးကင်းစမှ၆လထိ 2mcg၊ ၆လ-၁နှစ်ထိ 2.5mcg, ၁-၃နှစ်ထိ 30mcg၊ ၃-၈နှစ်ထိ 55mcg၊၈-၁၃နှစ်ထိ 60mcg၊၁၃-၁၈နှစ်75mcg၊၁၈နှစ်အထက် 90mcg ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေမှာ 90mcg အသီးသီးလိုအပ်ပါတယ်။သတိပြုရမှာက vitamin Kဟာ မိခင်နို့ထဲမှာ ပါဝင်မှုမရှိသလောက်နည်းပါးတယ်။ ဒါ့ကြောင့် မွေးကင်းစကလေးတွေမှာ vitamin Kထိုးပြီး ကာကွယ်ရတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မလိုအပ်ပဲ နေ့စဉ်လိုအပ်ချက်ထက် ပိုမသောက်သင့်ဘူး။ သွေးကြောတွေ ပိတ်ဆို့နိုင်တယ်။G6PDရောဂါ ရှိသူတွေအနေနဲ့ vitamin Kပါဝင်တဲ့ ဆေးတွေသောက်တဲ့အခါ သတိပြုသင့်တယ်။

Vitamin K ချို့တဲ့မှုက ရှားတယ်။ ဒါ့ကြောင့် ဖြည့်စွက်အားဆေးအများစုမှာ ပုံမှန်အားဖြင့် ထည့်သွင်းလေ့မရှိကြဘူး။ Vitamin Kချို့တဲ့နိုင်သူအများစုဟာ မွေးကင်းစ ကလေးငယ်တွေ ဖြစ်ကြတယ်။ မွေးပြီးတပတ်အတွင်းအဖြစ်များတယ်။ သည်းခြေအိတ်ရောဂါ၊အူလမ်းကြောင်းရောဂါ၊အသည်းရောဂါတွေကြောင့်လည်း ချို့တဲ့နိုင်တယ်။ သွေးကျဲဆေး(warfarin), အကိုက်အခဲပျောက်ဆေး(salicylates), တီဘီဆေး(rifampin, isoniazid)စတာတွေကလည်း vitamin Kချို့တဲ့စေတယ်။
ဗီတာမင်ကေချို့တဲ့ခြင်းကြောင့် သွေးယိုလွယ်တယ်။ သာမန်ထိခိုက်မိရုံနဲ့ သွေးယိုနိုင်ချေ ပိုများလာတယ်။ သွေးခြေဥလွယ်တယ်။ နှာခေါင်း၊သွားဖုံးသွေးယိုမယ်။ ဆီးသွားရင် သွေးပါနိုင်တယ်။ အူလမ်းကြောင်းမှ သွေးယိုနိုင်တယ်။ 

Vitamin Kအုပ်စုဝင်တွေဟာ ပုံမှန်အားဖြင့် စိတ်ချရတယ်။ ဒါပေမယ့် vitamin K3 (menadione)ကြောင့် ကလေးတွေကို အဆိပ်အတောက် အနည်းအကျဉ်းဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် မွေးကင်းစတွေမှာ ဆေးထိုးတဲ့အခါ vitamin K3 ကို ထိုးမပေးရဘူး။ ဖြည့်စွက်ဆေးပေးတဲ့အခါ vitamin K2ကိုသာ အသုံးများကြတယ်။ အသီးအရွက်မှာ ပါဝင်တဲ့ Vitamin K1က အသည်းကို ရောက်တဲ့အခါ သွေးခဲစေဖို့ကူညီပေးတယ်။ အသည်းရောဂါဝေဒနာရှင်တွေမှာ vitamin K1ဖြည့်စွက်ပေးတဲ့အခါ သွေးခဲစေတဲ့ဓာတ်ကို မြင့်တက်လာတယ်။ ၂၀၀၃ခုနှစ်က Vitamin K2ရဲ့အာနိသင်ကို အဆုတ်ကင်ဆာရောဂါသည်တွေမှာ လေ့လာခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ vitamin K2က ကင်ဆာဆဲလ်ပြန့်ပွားမှုကို နှေးကွေးစေတယ်။၂၀၀၈ခုနှစ်က လေ့လာမှုအရ vitamin K2က ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးသတဲ့။ နယ်သာလန်မှာ အရိုးပွသူတွေကို လေ့လာတဲ့အခါ vitamin K2က vitamin K1ထက် အာနိသင်သုံးဆလောက် ပိုတာတွေ့ရတယ်။ အရိုးပွသူတွေအတွက် ကယ်လ်စီယမ်သာမက vitamin Dနဲ့ vitamin Kတို့ကလည်း အရေးကြီးတာ မမေ့အပ်ဘူးလို့ဒီလေ့လာချက်က ထောက်ပြထားပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၁.၄.၁၄)

No comments:

Post a Comment