ဆောင်းတွင်းမှာ ဗက်တီးရီးယားထက် ဗိုင်းရပ်စ်ရောဂါတွေ ပိုအဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကခရမ်းလွန်ရောင်ခြည်(UV light)ကို ခံနိုင်စွမ်းမရှိပါဘူး။ ဆောင်းတွင်းမှာ နေ့တာတိုပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှု နည်းပါးခြင်းကြောင့် ဗိုင်းရပ်စ်ပေါက်ဖွားနိုင်ချေ ပိုများပါတယ်။ ကမ္ဘာပေါ်မှာ လူနဲ့ နို့တိုက်သတ္တဝါတွေကိုကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါင်း (၃၂၀၀၀၀) ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဗိုင်းရပ်စ်က နေရာတိုင်းမှာရှိနိုင်ပြီး လူပေါင်းများစွာကို ကူးစက်စေနိ်ုင်ပါတယ်။ ၁၉၁၈မှာ စပိန်တုပ်ကွေးဖြစ်တော့ လူပေါင်းသန်း၅၀လောက်ကို သေဆုံးစေခဲ့ဖူးတယ်။ ပထမကမ္ဘာစစ်ဖြစ်တော့ သေဆုံးသူဦးရေက ၁၆သန်းပဲ ရှိလို့ ရောဂါကပ်ကြောငိ့ သေဆုံးသူက သုံးဆလောက် ပိုများတဲ့သဘောပါ။
တကယ်တော့ လူသားရယ်လို့ မဖြစ်ခင် သက်ရှိမျိုးစိတ်တွေ စတင်ကတည်းက ဗိုင်းရပ်စ်ပိုးတွေရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာ သိပ်မကြာသေးဘူး။ ၁၈၉၂မှာ ရုရှားဇီဝပညာရှင် Dmitry Ivanovsky က ဆေးရွက်ကြီးမှာ ပါတဲ့ ပိုးမွှားတွေကို စတင်သတိထားမိခဲ့တယ်။ ၁၈၉၈ရောက်မှ ဒတ်ချ်လူမျိုးMartinus Beijerinck က ဒီပိုးမွှားတွေဟာ ဗိုင်းရပ်စ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Friedrich Loeffler နဲ့Paul Frosch တို့က ဗိုင်းရပ်စ်ပိုးမွှားတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတယ်လို့ ဖော်ထုတ်ခဲ့ပြန်တယ်။
တကယ်တော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေ မနည်းပါဘူး။ အအေးမိ၊တုပ်ကွေး၊ဝမ်းပျက်၊ဝမ်းလျှော၊ရေကျောက်၊ကျောက်ကြီး၊ပိုလီယို၊ရေယုန်၊ခွေးရူး၊သွေးလွန်တုပ်ကွေး၊ဆားစ်၊ဘီပိုး၊စီပိုး၊အေအိုင်ဒီအက်စ်၊အခုနောက်ဆုံး အီဘိုလာကအစ ရောဂါတွေဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီးဖြစ်တဲ့ ရောဂါလက္ခဏာတွေမတူညီကြဘူး။ ထူးခြားချက်က ဗို်င်းရပ်စ်ပိုးအမျိုးအစားလိုက်ပြီးခန္ဓာကိုယ်အစိတ်အပိုင်းတခုက်ုသာ တိုက်ခိုက်ပါတယ်။ဥပမာ ဘီပိုးကူးစက်ခံရသူဟာ အသည်းကို ထိခိုက်စေတယ်။
ဗိုင်းရပ်စ်ဆိုတာ လူ့ဆဲလ်ထက် အဆပေါင်း ရာချီပြီး သေးငယ်လို့ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ ရောဂါပိုးတွေကသေးငယ်လွန်းတော့ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး။ အရွယ်အစားအားဖြင့် နာနိုမီတာ(nanometer)လောက်သာ ရှိလို့electron microscopeနဲ့ ကြည့်မှမြင်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးအများစုက လေထဲကတဆင့် ကူးစက်တယ်။ ဖုန်တွေနဲ့ကပ်ညှိပါလာတတ်တယ်။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးမွားတွေကို ခန္ဓာကိုယ်ကတိုက်ဖျက်ပစ်တယ်။
ဗိုင်းရပ်စ်တွေကို လေ့လာကြည့်ရင် အထဲမှာ မျိုးဗီဇ(DNA or RNA)သယ်ဆောင်တဲ့ protein coatရှိပါတယ်။ အပြင်မှာ အခွံအလွှာပါး(membrane)တထပ်နဲ့ ဖုံးထားတယ်။ ဗိုင်းရပ်စ်ပိုး အခွံက လူ့ဆဲလ်ကို ကာရံထားတဲ့ ဆဲလ်နံရံ(cell wall)နဲ့တူလို့ ခွဲခြားတိိုက်ဖျက်ဖို့ ခက်ပါတယ်။ ဗိုင်းရပ်စ်ဆိုတာ သက်မဲ့(non-living) ဖြစ်လို့ ရှင်သန်ကြီးထွားဖို့လက်ခံဆဲလ်(host cell) လိုအပ်ပါတယ်။ဝင်ရောက်ကူးစက်ခံရတဲ့ ဆဲလ်တွေဟာ မျိုးဗီဇပြောင်းလဲပြီး viral DNAတွေ အဖြစ်ပြောင်းလဲသွားတယ်။ ဗီဇကို ပြောငိးလဲစေရုံသာမက မိနစ်ပိုင်းအတွင်း ဗိုင်းရပ်စ်တွေတဖြည်းဖြည်း ပွားများလာပါတယ်။ ကွဲပွားမှုများတာနဲ့အမျှ နဂိုဆဲလ်တွေ ပေါက်ထွက် ပျက်ဆီးသွားပါတယ်။ ဒီလိုအခါမျိုးမှာ လက္ခဏာတွေ စတင်ပေါ်ပေါက်လာတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ အဖျားအတက်အကျ မြန်တယ်။ သွေးဥမွှား(platelet)တွေ ကျဆင်းလာလို့ အနီစက်ထွက်၊သွေးယိုတာ ရှိတယ်။ ခြေလက်ညောင်းကိုက်တာ၊ခေါင်းမူး၊ခေါင်းကိုက်တာ ရှိတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်က မတိုက်ဖျက်မချင်း ရောဂါပိုးက ရှိနေတတ်တယ်။ ကံကောင်းတာက ဗိုင်းရပ်စ်ပိုးဝင်လာတာနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုက်ဖျက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုင်းရပ်စ်ရောဂါတွေမှာ ခုခံအားက အရေးကြီးဆုံးဖြစ်ပါတယ်။အထူးသဖြင့် Virusပိုး တိုက်ဖျက်ဖို့ ခုခံအားစနစ် NK cell ကထွက်တဲ့ ဓာတုပစ္စည်းတွေက အရေးကြီးပါတယ်။တချို့ရောဂါတွေမှာ ဒီဓာတုပစ္စည်းထွက်အောင် လှုံ့ဆော်ပေးရတယ်။
ဆေးပညာ သီအိုရီအရ သွေးက အယ်လ်ကာလီဖက် ရောက်လေလေ ရောဂါပိုးတွေကို ရှင်းလင်းနိုင်စွမ်းပိုကောင်းလေ ဖြစ်တယ်။ တနည်းအားဖြင့် အောက်စီဂျင်ကြွယ်ဝတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်တာမျိုးပါ။ Oxygen high concentration ပေးခြင်းက ဗိုင်းရပ်စ်ပိုးတွေ သေစေနိုင်တဲ့ အစွမ်းရှိတယ်။အကယ်၍ သွေးတွင်း အောက်စီဂျင် 90% ထက်နည်းရင် ဗိုင်းရပ်စ်ကို ခုခံမှု၊တိုက်ဖျက်နိုင်စွမ်း ကျဆင်းလာတယ်။ ဒီအခါ သွေးကို အယ်လ်ကာလီ ရောက်အောင် ပြုလုပ်ပေးသင့်တယ်။ သွေး၊ပြန်ရည်ကြောနဲ့ တံထွေးစတာတွေက အယ်လ်ကာလီဖက်ရောက်လေ ခုခံအားကောင်းလေ ဖြစ်ပါတယ်။ ဆားရည်က baseဖြစ်လို့ ပိုးသေစေတယ်။ ရေတခွက်ထဲကို ဆိုဒါ တဇွန်းရဲ့ ၄ပုံတပုံထည့်သောက်ရင် အယ်လ်ကာလီရည်ကို ဖြစ်စေတယ်။ လိမ္မော်သီး၊ရှောက်သီးစတာတွေဟာ အက်ဆစ်ဓာတ်ရှိပေမယ့်ခန္ဓာကိုယ်ထဲရောက်တဲ့အခါ အယ်လ်ကာလီပြောင်းသွားတယ်။ ဒီလိုအစားအစာမျိုးစားပေးသငိ့တယ်။ထပ်လိုအပ်တာက ရေများများသောက်ဖို့ပါ။ ပရိုတင်းက ခုခံအားကို ဖြစ်စေတယ်။ ဒီအတွက် ကြက်ဥနှစ်များများစားပါ။ တုပ်ကွေးနဲ့ ရေယုန်နာ အတွက် bovine colostrum(နွားနို့ရည်ကြည်)က အကောင်းဆုံးဖြစ်ပါတယ်။ လေ့လာမှုတွေအရဗီတာမင် အေ၊စီ၊အီး၊ဇင့်၊selenium၊CoQ10နဲ့ probiotics စတဲ့ဓာတ်တွေ ခုခံအားကို တက်စေတယ်။ အင်ဇိုင်းတွေထဲမှာ Proteolytic enzyme တွေက ဗိုင်းရပ်စ်ပိုးခွံကို တိုက်ခိုက်နိုင်စွမ်း အားကောင်းတာတွေ့ရတယ်။
ဗိုင်းရပ်စ်က်ု တိုက်ဖျက်နိုင်တဲ့ သဘာဝဆေးနည်းတွေကို သိပ္ပံနည်းကျ စမ်းသပ်နေပါတယ်။ အမျိုးပေါင်း(၁၉၆)မျိုးလောက်ကို စမ်းသပ်ကြည့်တဲ့အခါ ရဲယို၊ရှားစောင်းလက်ပတ်၊ဂျင်ဆင်း၊မှို၊ဆေးပြောင်းပန်း၊ကြက်သွန်ဖြူစတာတွေက ဗိုင်းရပ်စ်နိုင်တဲ့ အာနိသင်ရှိတာ တွေ့ရတယ်။ အနောက်နိုင်ငံတွေမှာ ဆေးပြောင်းပန်းကတော့ အသုံးများတယ်။ ခုခံအားကို တက်စေတယ်။ အရှေ့တိုင်းမှာ လက်ဖက်စိမ်း(green tea)ကလည်း အသုံးဝင်တာ တွေ့ရတယ်။ ဓာတ်ခွဲလေ့လာကြည့်တော့ green teaမှာပါတဲ့ catechinsဓာတ်က ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကိုတားဆီးပေးတယ်။ အထူးသဖြင့် တုပ်ကွေးရောဂါမျိုးမှာ ကောင်းပါတယ်။ မြေထဲနိုင်ငံတွေက သံလွင်ဆီကို သုံးကြတယ်။ သံလွင်ရွက်(olive leave)မှာပါတဲ့ elenoic acidဆိုတဲ့ ဓာတ်တမျိုးက ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းနိုင်တဲ့ အစွမ်းရှိတယ်။
ဂျင်းလက်ဖက်ရည်ထဲကို ငရုတ်ကောင်း၊ပျားရည်၊ရှောက်ရည်ရောသောက်ရင် လည်ချောင်းနာ၊ချောင်းဆိုး၊နှာရည်ယိုနာပိတိခြင်းကို သက်သာစေတယ်။ အနောက်နိုင်ငံတွေက တုပ်ကွေး၊ချောင်းဆိုးတဲ့အခါ အယ်ဒါသီးရည်ကိုစောစောသောက်၊ရောဂါအမြန်ပျောက်တယ်လို့ လက်ခံလာကြတယ်။ အယ်ဒါသီးအနှစ် 60ml နေ့စဉ်သောက်ရင်တုပ်ကွေးလက္ခဏာတွေက်ု ၁ပတ်အတွင်း ကောင်းမွန်စေသတဲ့။ မြန်မာတိုင်းရင်းဆေးတွေမှာ ပါလေ့ရှိတဲ့ နွယ်ချိုကလည်း မခေပါဘူး။ နွယ်ချိုမှာပါတဲ့ glycyrrhizin နဲ့ ဗိုင်းရပ်စ်ဆေး ribavirin နှိုင်းယှဉ်တဲ့အခါ အာနိသင်သိ်ပ်မကွာတာ တွေ့ုတယ်။ ရေရှည်မှာ နွယ်ချိုက ဘေးထွက်ဆိုးကျိုး ပိုနည်းတာတွေ့ရတယ်။ အတည်မပြုရသေးတဲ့သတင်းတခုမှာ နွယ်ချို ၂.၅ဂရမ် တနေ့သုံးကြိမ်(750 mg glycyrrhizin) စားသုံးပေးခြင်းက ဘီပိုး၊စီပိုးတွေအတွက်အထူးကောင်းမွန်သတဲ့။ နောက်ဆုံးနည်းတခုက ကြက်သွန်ဖြူကို အနေတော် ခပ်စိပ်စိပ်လှီး၊ပျားရည်နဲ့စိမ်ပြီး ရေများများနဲ့ ဆေးပြားလိုမျိုချရင် ခုခံအားတက်၊ပိုးသတ်ပြီး လည်ချောင်းနာခြင်းကို သက်သာစေတယ်။ကြက်သွန်ဖြူမှာပါတဲ့ စူးရှရှအနံ့ allicinက ဗိုင်းရပ်စ်ကို နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ လူအစုလိုက်အပြုံလိုက်သေကြေစေတဲ့ ကပ်ရောဂါဆိုးအများစုဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ပိုဆိုးတာက ဗိုင်းရပ်စ်ပိုးတွေက ကူးစက်လွယ်သလို ဗီဇပြောင်းလဲလွယ်တယ်။ တိုက်ဖျက်ဖို့ခက်လို့ ဆေးဝါးပေါ်ပေါက်ဖို့လည်း မလွယ်သေးဘူး။ ဒါ့ကြောင့် အကြမ်းဖက်သမားတချို့က ဇီဝလက်နက်အဖြစ်သုံစွဲကြတယ်။ဂျာမနီမှာ ဟစ်တလာခေတ်ကောင်းတော့ ဗိုင်းရပ်စ်တွေကိုသုံးပြီး လူပေါင်းများစွာကို စမ်းသပ်ခဲ့ဖူးတယ်။ စမ်းသပ်သူတွေက ရေမရောတဲ့ ဆရာဝန်စစ်စစ်တွေ ဖြစ်ပါတယ်။ နောက်ပြီး အာဖရိကမှာ ခေတ်စားနေတဲ့ အီဘိုလာကို ဇီဝလက်နက်အဖြစ် အသုံးချနိုင်တယ်လို့ ဥရောပနိုင်ငံတွေကို သတိပေးထားသေးတယ်။ ဗိုင်းရပ်စ်ပိုးတွေက လူသားတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနိုင်လို့ ရောဂါကပ်ဆိုးမဖြစ်ခင် သတိပြုကာကွယ်ရမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
No comments:
Post a Comment