Tuesday, December 16, 2014

အော်ဂင်းနစ်ဆေး

organic ဆေးရဲ့ကောင်းကိုး  ဆိုကိုးကိုသိချင်ပါတယ်ဆရာ။ကျေးဇူးပြု၍ ဖြေကြားပေးပါ။

organicပင်တွေက ထုတ်လုပ်တဲ့ဆေးကို organic ဆေးလို့ ခေါ်ပါတယ်။ ဆေးတွေမှာ အော်ဂင်းနစ်ဆေးပြောဖို့ ပါဝင်ပစ္စည်းတွေရဲ့ အနည်းဆုံး ၇၀ရာခိုင်နှုန်းဟာ အော်ဂင်းနစ်ပင်တွေက ထုတ်လုပ်ထားတာ ဖြစ်ရမယ်။ ဒါတောင် "made with organic ingredients"လို့သာ ရေးခွင့်ရှိတယ်။ 100% organic ဆိုတာကျတော့ ပါဝင်ပစ္စည်းတခုလုံးက လုံးဝ အော်ဂင်းနစ် ဖြစ်နေဖို့ လိုအပ်တယ်။ 

သဘာဝ(natural)ဖြစ်တဲ့အပင်နဲ့ အော်ဂင်းနစ်(organic)ပင် မတူညီပါဘူး။ USDA organic standards ရဲ့ စံညွှန်းတွေအတိုင်း စနစ်တကျစိုက်ပျိုးပြီး ရရှိလာတဲ့အပင်တွေကိုသာ အော်ဂင်းနစ်ပင်လို့ ခေါ်ပါတယ်။ အော်ဂင်းနစ်ပင်မစိုက်ခင် စိုက်ပျိုးမယ့် ရေနဲ့မြေဆီလွှာကို ပျက်ဆီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ပတ်ဝန်းကျင်မှာ လေထု၊ရေထု ညစ်ညမ်းမှုမရှိအောင် တတ်နိုင်သမျှလျှော့ချရတယ်။ စိုက်ပျိုးတဲ့အပင်ကို ဓာတုဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊အပင်သန်ဆေး ဘာတခုမှထည့်လို့မရဘူး။ သဘာဝအတိုင်းရှင်သန်စေရမယ်။ လိုအပ်ရင် သဘာဝအတိုင်းရတဲ့ သစ်ရွက်ခြောက်၊ကောက်ရိုးစတဲ့ မြေဆွေးမြေသြဇာမျိုးကို ထည့်ပေးနိုင်တယ်။ organicပင်တွေမှာ စိုက်ပျိုး၊ရိတ်သိမ်း၊ချွေလဲတာကအစ သူ့နည်းလမ်းနဲ့သူ သွားရတယ်။ ဓာတုပစ္စည်း၊ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး မသုံးပဲ ရေခံမြေခံကောင်းပြီး သဘာဝအတိုင်း စနစ်တကျပေါက်ရောက်တဲ့ အပင်ကိုသာ အော်ဂင်းနစ်ပင်လို့ ခေါ်တယ်။ အဲဒီကနေ ရယူပြီး ထုတ်လုပ်တဲ့ဆေးကျတော့ အခုဈေးကြီးပေးသောက်နေရတဲ့ organic ဆေးပေါ့။ ဒီလိုဆေးထဲမှာတောင် organic ပစ္စည်း ၉၅ရာခိုင်နှုန်းကျော်ပါဝင်မှ USDA organic အစိမ်းရောင် စာတမ်းပါတဲ့ seal ကို ထုတ်ပေးတယ်။ 

အပေါ်မှာမေးထားသလို ဆေးကိုနှိုင်းယှဉ်တာထက် သဘာဝ(natural)ပင်နဲ့ အော်ဂင်းနစ်(organic)ပင်တို့ကိုသာနှိုင်းယှဉ်သင့်တယ်။ ဒီနှစ်ခုမှာ အာဟာရဓာတ်အရ ကွားခြားမှု သိသိသာသာမရှိဘူး။ အဓိကကွာခြားသွားတာက အော်ဂင်းနစ်ဟာ သေချာဂရုစိုက် စိုက်ပျိုးရတာဖြစ်လို့ ဈေးပိုကြီးသွားတယ်။ နည်းနည်းပိုကောင်းသွားတာက အင်တီအောက်စီးဒင့်တမျိုး ဖြစ်တဲ့ polyphenolicsက ၃၀-၅၀ ရာခိုင်နှုန်းလောက် ပိုများလာသတဲ့။ အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုဓာတ် cadmiumက ၄၅ရာခိုင်နှုန်းလောက် ပိုနည်းသွားတယ်။ nitrateပါဝင်မှု ၃၀ရာခိုင်နှုန်း၊nitriteပါဝင်မှု ၈၀ရာခိုင်နှုန်းထိ နည်းသွားတယ်။ ပိုးသတ်ဆေးအန္တရာယ်ကလည်း ကင်းဝေးသွားတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်ချည်းတော့ organic ဆေးက သဘာဝဆေးထက် သာလွန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဆိုပါအချက်တွေဟာ ကျန်းမာရေးအပေါ် ဘယ်လောက်အကျိုးပြု သက်ရောက်နိုင်လဲ မသေချာလို့ဖြစ်ပါတယ်။ မကောင်းတဲ့အချက်က အော်ဂင်းနစ်ဆေးတွေရဲ့ဈေးက မတန်တဆကြီးမြင့်နေတာပဲ။ အော်ဂင်းနစ်ဆေးနာမည်ခံထားပေမယ့် ဘယ်လောက်ထိအော်ဂင်းနစ်သလဲ ကျွန်တော်တို့မသိကြဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံက အော်ဂင်းနစ်ဆေးဆိုပြီး သိပ်အထင်မကြီးပါနဲ့။ ရရှိမယ့် အကျိုးရလာဒ်နဲ့  အာဟာရဓာတ်က ထူးထူးခြားခြားပြောစမှတ်ပြုရလောက်အောင် ကွာခြားမယ် မဟုတ်ပါဘူး။

ဒေါက်တာအေးမင်းထူး
၁၅.၇.၁၄

No comments:

Post a Comment