Wednesday, February 26, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၆)

Vitamin B6(pyridoxine)
Vitamin B6ကို pyridoxine လို့ ခေါ်ပါတယ်။ pyridineနဲ့ တည်ဆောက်ပုံအမျိုးအစားတူလို့ pyridoxineလို့ နာမည်ပေးလိုက်တယ်။ ၁၉၃၄မှာ ဟန်ဂေရီလူမျိုး Paul Gyorgyက အရေပြားရောဂါကို ကုသနိုင်တဲ့ ဓာတ်တမျိုးကို စတင်တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီတွေ့ရှိတဲ့ဓာတ်ကိုvitamin B6 ဖြစ်လာတယ်။ vitamin B6ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဓိကတာဝန် ငါးခုကို ထမ်းဆောင်ပေးရတယ်။ စွမ်းအင်ထုတ်လုပ်တဲ့ ဖြစ်စဉ်၊histamine ဖွဲ့စည်းမှု၊အာရုံခံဆဲလ် ဖွဲ့စည်းမှု၊ဟေမိုဂလိုဘင် ဖွဲ့စည်းမှုနဲ့ မျိုးဗီဇဖြစ်တည်မှု စတဲ့အစိတ်အပိုင်းတွေမှာ ပါဝင်ကူညီရတယ်။ 


Vitamin B6မှာ ပြောင်းလဲနိုင်တဲ့ ပုံစံကွဲ(၇)မျိုးရှိတယ်။  ဒီအမျိုးအစားတွေအနက် အားဆေးတွေမှာ ပါဝင်တဲ့ pyridoxine ပုံစံနဲ့ စွမ်းအင်ပြောင်းလဲရာမှာ အရေးပါတဲ့ pyridoxal phosphate (PLP) ပုံစံတွေက ပိုမိုအရေးပါတယ်။ PLPက ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဇီဝဖြစ်ပျက်မှုတာဝန်တွေကို ထမ်းဆောင်ပေးရတယ်။ အမိုင်နိုအက်ဆစ် ဖွဲ့စည်းခြင်းကနေ ပြိုကွဲခြင်းထိ အမျိုးမျိုးသော ဇီဝဖြစ်စဉ်ပြောင်းလဲခြင်းမှာ ပါဝင်ဆောင်ရွက်ပေးတယ်။ သိမ်းထားတဲ့အာဟာရထဲက ဂလူးကို့စ်ကို ရယူပြီး စွမ်းအင်ထုတ်လုပ်ပေးနိုင်တယ်။  အာရုံကြောအဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့လည်း ကူညီလုပ်ဆောင်ပေးတယ်။ သွေးနီဥမှာပါဝင်တဲ့ အနီဓာတ် ဟေမိုဂလိုဘင်တည်ဆောက်ခြင်းအတွက် အသုံးပြုရတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တမျိုး ဖြစ်နေပါတယ်။


Vitamin B6ကို ကျွန်တော်တို့နေစဉ်စားသုံးနေတဲ့ အစားအသောက်တွေကနေ အဓိက ရရှိတယ်။ ဝက်သား၊အမဲသား၊ကြက်သား၊ငါး၊အသည်း၊ ကလီစာ၊ကြက်ဥ၊နွားနို့၊ကစီဓာတ်ကြွယ်ဝတဲ့ ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊အစေ့အဆံစတာတွေမှာ ပါဝင်ကြတယ်။ အစားအသောက်တွေထဲမှာ pyridoxal၊pyridoxine၊pyridoxamine စတဲ့ ပုံစံတွေနဲ့ ပါဝင်ကြတယ်။ အစားအစာမှာပါဝင်တဲ့ဓာတ်ကို အူသိမ်ပိုင်း jejunumနဲ့ ileumက စုပ်ယူတယ်။ ပြီးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဇီဝဖြစ်စဉ်တွေမှာ အသုံးချတယ်။

vitamin B6ကို ခန္ဓာကိုယ်က သိမ်းဆည်းနိုင်စွမ်းမရှိလို့ နေ့စဉ်ပုံမှန်လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် 1.5mgလောက် နေ့စဉ်လိုအပ်ပါတယ်။ မွေးကင်းစမှ ၆လထိ 0.1mg၊၆လ-၁နှစ်ထိ 0.3mg၊၁-၃နှစ်ထိ 0.5mg၊ ၃-၈နှစ်ထိ 0.6mg၊၈-၁၃နှစ်ထိ 1mg၊၁၃နှစ်အထက် 1.3mg၊ကိုယ်ဝန်ဆောင်မိခင်မှာ 1.9mg၊နို့တိုက်မိခင်တွေမှာ 2mg အသီးသီးလိုအပ်ပါတယ်။အာရုံကြောအားနည်းရောဂါတွေ၊ဆီးချိုရောဂါသည်တွေမှာ ပိုမိုလိုအပ်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်ချို့တဲ့သူတွေဟာ vitamin B6 10mg-200mgအတွင်း လိုအပ်တယ်။ အချို့လူနာတွေမှာ ပိုလိုအပ်နိုင်တယ်။ 

ဗီတာမင်ဘာ့ကြောင့် ချို့တဲ့ရသလဲ။
အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အစားအသောက်တွေကို အပူပေးခြင်းက vitamin B6ရဲ့ အာနိသင်ကို ယုတ်လျှော့စေတယ်။ ကြော်လှော်ချက်ပြုတ်ခြင်းက အစားအသောက်မှာ ပါဝင်တဲ့ B6ပမာဏကို ၅၀ရာခိုင်နှုန်းမက လျှော့နည်းစေတယ်။ အစေ့အဆံတွေထက် အသား၊ငါးကို  ပြုပြင်ပြောင်းလဲခြင်းက ဗီတာမင်ဓာတ်ကို ပိုမိုဆုံးရှူံးစေတယ်။ ဒါ့အပြင် Vitamin B6ချို့တဲ့ခြင်းဟာ ရောဂါအချို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါသည်တွေမှာ Vitamin B6ချို့တဲ့တာမျိုး တွေ့ရတယ်။အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါသည်တွေမှာ ဗီတာမင် စုပ်ယူမှု ကျဆင်းတတ်တယ်။ အဆစ်အမြစ်ရောင်ရောဂါ၊ခုခံအားဖောက်ပြန်တဲ့ရောဂါအချို့မှာ  ချို့တဲ့မှုများနိုင်တယ်။ အဝလွန်သူ၊ကိုယ်ဝန်ဆောင်မိခင်တွေလည်း အလားတူချို့တဲ့ကြတယ်။ အရက်သောက်သူ၊အရက်နာကျသူတွေမှာ B6 ချို့တဲ့မှု အများဆုံးဖြစ်ပါတယ်။

B6ချို့တဲ့ခြင်းက ဇီဝဖြစ်စဉ်ကို ပြောင်းလဲနိုင်တယ်။ အထူးသဖြင့် အရေပြားရောဂါ၊အာရုံကြောရောဂါနဲ့ သွေးအားနည်းရောဂါတွေကို ဖြစ်စေနိုင်တယ်။ ချို့တဲ့ခြင်းကြောင့် ခြေဖျားလက်ဖျား ထုံကျင်ကိုက်ခဲတာ၊ခေါင်းမူး၊ခေါင်းကိုက်၊အားယုတ်၊နုံးချိ၊မလှုပ်ချင်မကိုင်ချင် ဖြစ်နိုင်တယ်။ပါးစပ်အနာပေါက်တာ၊အရေခွံလန်တာစတဲ့ အရေပြားရောဂါတွေကို ဖြစ်စေနိုင်တယ်။ သွေးအားနည်းရောဂါ(microcytic anaemia)ကို ဖြစ်ပေါ်စေနိုင်တယ်။ဂျပန်နိုင်ငံမှာ လေ့လာမှုတခုလုပ်တဲ့အခါ  B6ချို့တဲ့ခြင်းက စိတ်ကျရောဂါဖြစ်ချေပိုများလာတယ်လို့ တွေ့ရတယ်။ နောက်လေ့လာမှုအရ folic acid ပူးတွဲချို့တဲ့ခြင်းက စိတ်ကျရောဂါကို ပိုဆိုးစေနိုင်တယ်လို့ သုံးသပ်ထားတယ်။ 

Vitamin B6ချို့တဲ့သူအတွက် ဆေးပမာဏ ဘယ်လောက်လိုအပ်ပါသလဲ။
အာရုံကြောအားနည်းတဲ့ ရောဂါဝေဒနာသည်တွေအတွက် pyridoxine 50-500mg သောက်သုံးသင့်တယ်။ဝေဒနာပိုဆိုးသူတွေမှာ ဆေးပမာဏ ပိုမိုလိုအပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်လက္ခဏာဖြစ်တဲ့ ပျို့ချင်၊အန်ချင်(morning sickness)ဖြစ်သူတွေမှာ vitamin B6 10-25mg သုံးကြိမ်မှ လေးကြိမ်ပေးတဲ့အခါ ခံစားရတဲ့ရောဂါဝေဒနာကို သက်သာစေတယ်။ ရောဂါလက္ခဏာသက်သာမှုမရှိရင် doxylamine 10mgကိုပါ ထည့်သွင်းသောက်သုံးသင့်တယ်။ဒါ့ပြင် vitamin B6ကြောင့် နှလုံးရောဂါ၊လေဖြတ်နိုင်ချေ လျှော့နည်းစေတယ်။ ဓမ္မတာနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေမှာ ကြိုတင်ကာကွယ်ဖို့ သောက်သုံးနိုင်တယ်။ ရင်သားတင်းတာ၊ဝက်ခြံအမဲစက်တွေကို ကြိုတင် ကာကွယ်ပေးတယ်။ ဒီလိုဝေဒနာမျိုးမှာ လစဉ် ဓမ္မတာမလာမီ ၁၀ရက်ခန့်စောသောက်ပေးရတယ်။

Vitamin B6ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ပိုလျှံတာတွေကို ဆီးထဲက စွန့်ထုတ်နိုင်ပါတယ်။ သို့သော် နေ့စဉ်ရက်ဆက် အဝင်၊အထွက် မမျှတရင် ခန္ဓာကိုယ်မှာ ပိုလာနိုင်တာ သတိပြုသင့်ပါတယ်။ ကျောက်ကပ်ရောဂါအခံရှိသူမှာ စွန့်ထုတ်နိုင်စွမ်း အားနည်းလို့ ပိုလျှံတာမျိုး ဖြစ်လာနိုင်တယ်။ ဒါ့ပြင် လိုတာထက် ပိုသောက်မိရင် အချိန်ကြာလာတာနဲ့အမျှ ခြေ၊လက်အာရုံခံစားမှုကို ပြောင်းလဲစေတယ်။ ဥပမာ vitamin B6ကို နေ့စဉ်200mgထက် ပိုမိုသုံးစွဲရင် အချိန်ကြာတာနဲ့အမျှ peripheral neuropathyလိုမျိုး အာရုံကြောလက္ခဏာတွေ ကြုံတွေ့လာနိုင်တယ်။ တိရိစ္ဆာန်တွေကို လေ့လာတဲ့အခါ ဆေးပမာဏများတာနဲ့အမျှ dorsal root ganglionကို ဖျက်ဆီးပစ်တယ်။ ပိုဆိုးသူတွေမှာ motor nerveကို ထိခိုက်စေပြီး လှုပ်ရှားမှုကိုပါ နှေးကွေးလာစေတယ်။ ကောင်းတဲ့အချက်က ဆေးသုံးစွဲမှုရပ်တဲ့အခါ နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်လာတယ်။ ဆေးသောက်တဲ့အခါ မလိုအပ်ဘဲ 10mgထက် ပိုမသောက်သင့်ဘူး။ ရေရှည်သောက်သုံးမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၂၄.၂.၁၄)

No comments:

Post a Comment