Thursday, March 28, 2013

ရူမက်တစ် လေးဖက်နာ အဖျားရောဂါ

 Rheumatic ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းလှတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ အထူးသဖြင့် မိုးတွင်းကာလတွေမှာ
လေထုဖိအားရုတ်တရက်ကျဆင်းတာကြောင့် ပိုမိုနာကျင်လာတတ်တယ်။ ဒီလိုအခြေအနေမျိုးကို ရူမက်တစ်ရောဂါတွေမှာ ပိုမိုတွေ့ရတယ်။ ရူမက်တစ်အမျိုးအစားတွေထဲကမှ ကလေးသူငယ်တွေမှာ ပိုမိုတွေ့ရတာက acute rheumatic feverခေါ်တဲ့ ရူမက်တစ်အဖျားရောဂါမျိုးပဲ။ အသက် ၅-၁၅နှစ် အရွယ်ကလေးတွေမှာ ပိုဖြစ်တယ်။ဒီအရွယ်တွေမှာ လည်ချောင်းနာပြီး ၂ပတ်-၁လအတွင်း(အထူးသဖြင့် ၃ပတ်အတွင်း) ရောဂါလက္ခဏာတွေစတင် ပေါ်ပေါက်လာတာ တွေ့ရတယ်။ ရောဂါကြောင့် နှလုံး၊ဦးနှောက်၊အရေပြား၊အဆစ်အမြစ်၊စတာတွေကို ထိခိုက်စေတယ်။ အမှန်က ဝင်လာတဲ့ပိုးကို ခုခံတိုက်ဖျက်ဖို့ ထွက်လာတဲ့ အင်တီဘော်ဒီက အချင်းချင်းပြန်တိုက်ခိုက်လို့ ရောဂါလက္ခဏာတွေ ရလာတယ်။ သိစေချင်တဲ့အချက်က ပိုးကြောင့် လက္ခဏာတွေ တိုက်ရိုက်ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ပိုးကိုတိုက်ဖျက်ဖို့ ထွက်လာတဲ့ Antibody က နှလုံး၊အဆစ်အမြစ်တွေကို မှားယွင်းသတ်မှတ်ပြီး တိုက်ထုတ်ဖို့ ကြိုးစားရာက ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ။နှစ်ရှည် ကာကွယ်ဖို့ပေးတဲ့ ပိုးသတ်ဆေးတွေ ရေရှည်သောက်ရခြင်းဟာ ဝင်မလာအောင် အစတည်းက ကာကွယ်ချင်တဲ့ သဘောမျိုးဖြစ်ပါတယ်။ acute rheumatic feverသေချာစေဖို့ modified Jones criteriaဆိုတဲ့ လက္ခဏာရပ်တွေကို သီးခြားစုစည်း သတ်မှတ်ထားတယ်။ နောက်ပိုင်းမှာ အမေရိကန်နှလုံးဆိုင်ရာ အဖွဲ့အစည်းက revised Jones criteriaဆိုပြီး ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ ရောဂါခွဲခြားဖို့ major criteria နဲ့ minor criteria ဆိုတာသိဖို့လိုပါတယ်။

Major criteriaအဓိက လက္ခဏာရပ်
၁။polyarthritis ခေါ်တဲ့ အဆစ်အမြစ်တွေရောင်ခြင်း
-တံတောင်၊လက်ကောက်ဝတ်၊ဒူး၊ခြေကျင်းဝတ်စတဲ့ အဆစ်ကြီးတွေသာ ရောင်တယ်။
- တနေရာရောင်ပြီး အရင်ရောင်တဲ့နေရာက သက်သာသွားတယ်။နောက်ထပ်တစ်နေရာပြောင်းရောင်မယ်။
-migratory polyarthritis ဟိုပြောင်းလိုက် ဒီပြောင်းလိုက် နာတဲ့သဘောမျိုး ဖြစ်ရမယ်။အများအားဖြင့် အထက်ဖက်ကို တဖြည်းဖြည်းချင်း ရွှေ့နာမယ်။
၂။carditis နှလုံးရောင်တာ
-ဘယ်အလွှာရောင်ရောင် မကောင်းဘူး။
-အတွင်းဆုံးလွှာ endocardium ရောင်ရင် နှလုံးအဆို့ရှင်ထိခိုက်မယ်။ အဆို့ရှင် ကျဉ်းတာ၊ကျယ်တာ ဖြစ်နိုင်တယ်။
-အလယ်က ကြွက်သားmyocardiumရောင်ရင် မောတာ၊အသက်ရှုမဝတာ ဖြစ်မယ်။
-အပြင်ဖက်ဆုံးက pericardiumရောင်ရင် တင်းကျပ်ကြီးနေတာ၊ ရင်ဘတ်အောင့်တာ ဖြစ်နိုင်တယ်။ သုံးလွှာလုံးရောင်ရင် pancarditis ခေါ်တယ်။
၃။subcutaneous nodules အရေပြားအောက်မှာ မာမာခဲခဲ အဖုလေးရှိတယ်။အထူးသဖြင့် လက်ကောက်ဝတ်၊တံတောင်၊ဒူး အပြင်ဖက်ပိုင်း အရိုးပေါ်တွေမှာ အတွေ့များတယ်။ ဖိကြည့်၊ကိုင်ကြည့်ရင် နာကျင်မှု မရှိတတ်ဘူး။
၎။erythema marginatumစက်ဝိုင်းပုံ အနီစက်လေးများ
အပြင်ဖက်ပိုင်းကွင်းက အနီရောင်ရှိတယ်။ အလယ်မှာအရောင်ဖျော့တယ်။
ခန္ဓာကိုယ်အထက်ပိုင်း၊လက်မောင်း စတာတွေမှာ အဓိကတွေ့ရတယ်။ တွန့်လိမ်ပြီး အကွက်လိုက်တည်ရှိတယ်။
၅။Sydenham's chorea လက်၊မျက်နှာစတာတွေ သိစိတ်မဲ့ ရုတ်တရက် လှုပ်ရှားမယ်။ တခါတရံ ကတာနဲ့တူလို့ St. Vitus' danceလို့ ခေါ်ပါတယ်။ကြွက်သား အားပျော့တာ၊ စကားပြော ဝေဝါးတာ ရှိတတ်တယ်။ ရောဂါပိုးဝင်ရောက်ပြီး ၃လခန့်ကြာမှ ပေါ်ပေါက်တတ်လို့ သိပ်အသုံးမဝင်ဘူး။ လက္ခဏာရပ်က ထူးခြားလို့ တွေ့ရင်တော့ ရူမက်တစ်အဖျားရောဂါသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဦးနှောက်မှာ ရှိတဲ့အာရုံကြောတွေ ထိခိုက်တဲ့သဘောဖြစ်ပါတယ်။

Minor criteria သာမည လက္ခဏာရပ်များ
၁။အဖျားကြီးမယ်။အနည်းဆုံး ၁၀၁-၁၀၂ ဒီဂရီ စင်တီဂရိတ် ရှိရမယ်။
၂။အဆစ်တွေ ကိုက်တာ၊ခဲတာ၊နာကျင်တာ ရှိမယ်။
၃။အရင်က အလားတူ လက္ခဏာတွေ ခံစားခဲ့ဘူးမယ်။
၎။သွေးစစ်ကြည့်ရင် ESR(သို့)CRP များမယ်။
၅။သွေးဖြူဥများတာ၊ECGပြောင်းလဲတာ ရှိမယ်။

တခြားလက္ခဏာရပ်တွေ
-တလအတွင်း လည်ချောင်းနာခဲ့ဖူးမယ်။
-ဗိုက်နာတာ၊နှာခေါင်းသွေး ယိုတာရှိနိုင်တယ်။
-မြန်မာတွေ အလွယ်ခေါ်တဲ့ လေးဖက်နာပိုး တမျိုး  ASO titre(Antistreptolysin O)များနေမယ်။ အမှန်က ပိုးမဟုတ်ပါ။ ပိုးကိုတိုက်ဖျက်တဲ့ ဓာတ်တမျိုးသာဖြစ်ပါတယ်။အရင်တုန်းက ဝင်ခဲ့ဖူးတာကို သိမယ်။ASO များတိုင်း ရူမက်တစ်အဖျားရောဂါလို့ မသတ်မှတ်သင့်ပါ။

သတ်မှတ်ချက်အရ major criteriaအနည်းဆုံး ၂ချက်ရှိရင်(သို့) major criteria ၁ချက် နဲ့ minor criteria အနည်းဆုံး ၂ချက်ရှိရင် လေးဖက်နာ အဖျားရောဂါလို သတ်မှတ်ပြီး ကုသပါတယ်။ အခြားသီးသန့် လက္ခဏာတွေ တွေ့ရင်လည်း သတ်မှတ်တတ်ပါတယ်။

ရူမက်တစ် လေးဖက်နာ အဖျားရောဂါဖြစ်ရင် ဆရာဝန်နဲ့ သေချာကုပါ။
-လေးဖက်နာ တခါဖြစ်ဖူးသူဟာ နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်လို့ အထူးသတိထားသင့်တယ်။
-ထပ်ဖြစ်ရင် လက္ခဏာတွေ ပိုဆိုးလာတတ်တယ်။ နှလုံးကို ဒုက္ခပေးမယ်။ အဆို့ရှင်ကျဉ်းတာ အဖြစ်များသလို မလုံတာလည်းဖြစ်နိုင်တယ်။ မောတာပိုဆိုးလာမယ်။ ကြာလာရင် အသက်ဆုံးရှူံးတာထိ ဖြစ်နိုင်တယ်။
-လက္ခဏာသက်သာစေဖို့ သောက်ဆေး၊ထိုးဆေး လိုလာတယ်။
-ယာယီသောက်ရတာရှိသလို နောက်ပြန်မဖြစ်အောင် သုံးစွဲရတာမျိုးလည်း ရှိမယ်။

ဖြစ်လာပြီ ဆိုရင်
-အိပ်ရာထဲမှာ ကောင်းကောင်း အနားယူသင့်တယ်။
-စိတ်အေးလက်အေးနေသင့်သလို စိတ်ညစ်စရာ မတွေးသင့်ဘူး။
-ရုတ်တရက် မောလာရင် ကျောမှီနဲ့ ၄၅ဒီဂရီ စောင်းပြီး ထားရတယ်။
-ဆရာဝန်က အဆစ်ရောင်တာသက်သာဖို့ သောက်ဆေး၊ထိုးဆေးပေးပါမယ်။aspirin၊ibuprofen၊naproxen စတာတွေနဲ့ သက်သာတတ်တယ်။ ပုံမှန်ထက် ဆေးပမာဏ ပိုပေးရတယ်။ 
-အဆစ်ရောင်တာ၊နှလုံးရောင်တာအတွက် steroid ဆေးတွေ လိုတတ်သေးတယ်။
-လည်ချောင်းနာတာရှိသေးရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။ 
ပိုးသတ်ဆေး ပေးတာ ရေတိုဖြစ်နိုင်သလို ရေရှည်လည်း ပေးရတတ်တယ်။ 
-ဆေးတွေ ရေရှည်ပေးတယ်ဆိုတာ ရောဂါကာကွယ်ဖို့သာဖြစ်ပါတယ်။ လုံးဝပြန်မဖြစ်ပါဘူးလို့ အာမခံတာ မဟုတ်ပါ။ လည်ချောင်းနာတဲ့ပိုးကို သာ မဝင်နိုင်အောင် ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်ပါတယ်။
-တချို့က penicillin ထိုးဆေးလိုသလို သောက်ဆေးပေးရတာမျိုး လည်း ရှိပါတယ်။
-Benzathine penicillin တလ တကြိမ်ထိုးတာဟာ pen-V သောက်ဆေးနေ့စဉ်ပေးတာထက် အကျိုးပိုရှိတတ်ပါတယ်။
-ထိုးဆေးကို ၃ပတ်တကြိမ်ထိုးနိုင်ရင် ပိုအကျိုးရှိတယ်လို့ ဆိုပါတယ်။
-မကောင်းတဲ့ဖက်ကကြည့်ရင် နာတာ၊ဆေးမတဲ့တာ ရှိနိုင်ပေမယ့် ကောင်းတာက တလ တကြိမ်သာဆေးထိုးရလို့ လူနာအတွက် အဆင်ပြေပါတယ်။
-ဆေးကြောင့် အပိုလုပ်ရတာလို့ ယတိပြတ်မပြောနိုင်သလို သေချာပေါက် အကျိုးရှိပါတယ်လို့လည်း အာမခံ၍ မရနိုင်ပါ။ အခြားနိုင်ငံတွေလိုပဲ guideline လိုအပ်ချက်အရ ပေးရပါတယ်။ ပိုမဆိုးအောင်၊အဖြစ်နည်းအောင်တော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
-ဘယ်အချိန်ထိ ဆက်သောက်သင့်သလဲဆိုတာတော့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အပြင် လူနာရဲ့ အသက်အရွယ်ပေါ်လဲ မူတည်ပါလိမ့်မယ်။
-အများစုဟာ မိမိဘာသာ ဖြတ်တတ်ကြသလို အခြားဆရာဝန်ရဲ့ ထင်မြင်ချက်အရ ဖြတ်တာမျိုးတွေ အဓိကတွေ့ရတယ်။
-လည်ချောင်းမကြာခဏ နာတတ်သူတွေတော့ အထူးသတိထားဖို့လိုအပ်ပါမယ်။ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။ မကြာခဏဖြစ်တတ်သူဟာ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။
-နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ဆရာဝန်နဲ့ သေချာတိုင်ပင် ကုသဖို့တော့ အကြံပေးပါရစေ။

ဒေါက်တာ အေးမင်းထူး
Health Care Journal(29.3.13)



No comments:

Post a Comment