
😥
ဆရာခိုကိစ္စ အွန်လိုင်းမှာ ခေတ်စားလာကတည်းက ကျွန်တော့်ဆီ မေးခွန်းတွေ ဆက်တိုက်ရောက်လာတယ်။ ဂျာနယ်တချို့လည်း ပါတယ်။ အမှန်တော့ ကျန်းမာရေး၊ ဆေးပညာမေးသမျှပြန်ဖြေပေမယ့် မြန်မာတိုင်းရင်းဆေး မဖြေတာများတယ်။ ကိုယ်မကျွမ်းကျင်တဲ့အပိုင်းဖြစ်လို့ သိပ်မရေးချင်သလို သူများဆေးနာမည် ထိခိုက်သွားမှာ စိုးရိမ်မိလို့လည်းဟုတ်တယ်။ ဒါပေမယ့် ဒီရက်ပိုင်း ပိုအမေးများလာလို့ ရေးဖို့ပြင်ရတယ်။
တိုင်းရင်းဆေးနဲ့ပက်သတ်ပြီး ဆေးကျောင်းတတိယနှစ်မှာ သင်ခဲ့ဖူးတယ်။ အထင်မကြီးနဲ့၊ အပေါ်ယံလောက်ပါ။ဆရာဝန်ဘွဲ့ရတော့ အခြေခံတိုင်းရင်းဆေးအောင်လက်မှတ်( သင်တန်းဆင်းလက်မှတ်) ဆိုတာ တခါတည်း ထည့်ပေးတယ်။ နည်းနည်း ကံကောင်းချင်တော့ ဒီရက်ပိုင်း တိုင်းရင်းဆေးကို နည်းနည်း ပြန်လေ့လာဖြစ်တယ်။ ကုသဖို့မဟုတ်၊ ကျွန်တော့်ဝတ္တုမှာ ထည့်ရေးဖို့ အတွက်ပါ။
တကယ်တော့ တိုငိးရင်းဆေးတွေကို ကျွန်တော်တို့ မမွေးခင် ရှေးဘိုးဘွားဘီဘင်က လက်ခံသုံးစွဲခဲ့တာ ဖြစ်ပါတယ်။ သူ့ဟာနဲ့သူ ကောင်းတာတွေလည်း အများကြီးပဲ။ ဆေးပညာ ၆နှစ်လောက် သင်ပြီး ဝေဖန်လေကန်ရင်တော့ မှားပါတယ်။ ဒါပေမယ့် ဆရာခိုကိစ္စမှာ အများစု ထောက်ပြဝေဖန်တာက လိမ်းဆေးအာနိသင်မဟုတ်ပါ။ အနာလိမ်းဆေးကို သောက်ဆေးအဖြစ်သုံးစွဲနေတာဖြစ်တယ်။
အင်္ဂလိပ်ဆေး(သို့)ဗမာဆေး ဘယ်ဆေးမဆို သူ့အချိုးအဆနဲ့သူရှိတယ်။ လိမ်းဆေးတခုကို ပါးစပ်ထဲထည့်သောက်ရတယ်လို့ ဘယ်တုန်းကမှ မသင်ခဲ့ဖူးပါ။ ဘာ့ကြောင့်လဲဆိုတော့ ပါဝင်ပစ္စည်း၊အချိုးအစား၊ပမာဏတွေ မတူညီကြလို့ ဖြစ်တယ်။ လိမ်းဆေးအကြောင်း ပြောရင် လူ့အရေပြားကို ချန်ထားလို့မရဘူး။ လူ့အရေပြားက နည်းနည်းထူတယ်။ အလွှာသုံးလွှာရှိတယ်။ အင်္ဂလိပ်လို skin ခေါ်တယ်။ အူလမ်းကြောင်းကို ဖုံးထားတာကျတော့ mucosa တဲ့၊ သူက အင်မတန်ပါးတယ်။ စုပ်ယူမှုအားကောင်းတယ်။ ဒါပေမယ့် ထိလွယ်ခိုက်လွယ်တယ်။ အရေပြားအတွက် ပေးတဲ့လိမ်းဆေးတွေက ပါးစပ်ထဲထည့်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေမယ်။ အထူးသဖြင့် mucosa အလွှာပါးကို အရင်ထိခိုက်စေမယ်။ နောက်ဆုံး ပမာဏနည်းနည်းပဲ သုံးတယ် ဆိုဦးတော့၊ ကြာရင် လူကိုဒုက္ခပေးမှာတော့ အမှန်ပဲ။
ဆရာခိုဆေးဗူးမှာ ပါတာတွေကို လေ့လာကြည့်တော့ အောက်ပါအတိုင်း တွေ့ရတယ်။
-နှမ်းဆီ ၂၀ ကျပ်သား
-မုန့်ညှင်းဆီ ၁၃ကျပ်သား
-ထောပတ် ၁၂ကျပ်သား
-လေးညှင်း ၁၂ကျပ်သား
-ပျားဖယောင်း ၁၂ကျပ်သား
-ပရုတ် ၁၂ကျပ်သား
-ဇာတိပ္ဗိုလ် ၁၂ကျပ်သား
-ဒုတ္ထာ ၄ကျပ်သား
-နှမ်းဆီ ၂၀ ကျပ်သား
-မုန့်ညှင်းဆီ ၁၃ကျပ်သား
-ထောပတ် ၁၂ကျပ်သား
-လေးညှင်း ၁၂ကျပ်သား
-ပျားဖယောင်း ၁၂ကျပ်သား
-ပရုတ် ၁၂ကျပ်သား
-ဇာတိပ္ဗိုလ် ၁၂ကျပ်သား
-ဒုတ္ထာ ၄ကျပ်သား
ခြုံကြည့်ရင် ပါဝင်တာတွေက လိမ်းဆေးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်။
• မုန့်ညှင်းဆီ၊ နှမ်းဆီ စတာတွေက လိမ်းဆေးတွေမှာ ပါတတ်တယ်။ သောက်ဆေးအနေနဲ့ သုံးလို့ရတယ်။ ကိစ္စမရှိပါ။
• နောက်တမျိုးက ထောပတ်၊ ထောပတ်က အစိုဓာတ်ထိန်းပစ္စည်းဖြစ်တယ်။ ဆေးတွေထဲမှာ Shea Butter နဲ့ Cocoa Butter တွေသုံးလေ့ရှိတယိ။ နှုတ်ခမ်းဆိုးဆေး၊ အသားလိမ်းဆေးတွေမှာ အရေပြားခြောက်သွေ့ယားယံမှုမဖြစ်အောင် သုံးကြတယ်။ သောက်လည်း ကိစ္စမရှိပါ။
• ပရုတ်မှာ ပရုတ်ပူ(camphol) နဲ့ ပရုတ်အေး(menthol) ဆိုပြီး ရှိတယ်။ ပူ၊စပ်တဲ့ အရသာတွေရှိပြီး ပထဝီ၊တေဇော၊အာကာသဓာတ်တွေပါတယ်လို့ ဖတ်ဖူးတယ်။ အဖျား၊ချောင်းဆိုး၊ဝမ်းပျက်၊ငှက်ဖျား စတဲ့ရောဂါတွေမှာ သုံးတယ်။ ဝမ်းပိတ်စေတယ်။ အကိုက်ခဲပျောက်တဲ့ အာနိသင်ရှိလို့ လိမ်းဆေးတွေမှာ သူပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေမှာ ပါတတ်လို့ သောက်ဆေးအနေနဲ့ သုံးတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် အချိုးအဆတော့ ရှိသေးတယ်။
• လေးညှင်းရဲ့ ရုက္ခဗေဒနာမည်က syzygium aromaticum ဖြစ်တယ်။ဆေးပညာမှာ လေးညှင်းပွင့်ကို အဓိကသုံးတယ်။အရသာက ပူစပ်စပ်ရှိတယ်။ တေဇော၊ဝါယော၊အာကာသဓာတ် ဦးဆောင်တယ်။ ပိုးသတ်တဲ့အာနိသင်ရှိတယ်။ လေထိုး လေအောင့် သွေးမသန့်တာ၊အဖျားရောဂါ၊ သွားကိုက်သွားနာ သက်သာစေသတဲ့။ အနည်းအကျဉ်းပါးစပ်ထဲဝင်တာ ကိစ္စမရှိပါ။ ပမာဏများရင် ရင်ပူ၊ အစာအိမ်ကို အရင်ထိခိုက်စေတယ်။
• ဇာတိပ္ဗိုလ်ရဲ့ ရုက္ခဗေဒနာမည်က Myristica Fragrans Houtt ဖြစ်တယ်။ အင်္ဂလိပ်လို nutmeg လို့ခေါ်တယ်။ ပူ၊စပ်၊ခါး အရသာရှိပြီး တေဇော၊ဝါယောဓာတ်ကို ဦးဆောင်တယ်။ လေးညှင်းလိုပဲ eugenol ဆိုတဲ့ဓာတ်ပါတယ်။ ဘက်တီးရီးယား ပိုးသတ်တဲ့အာနိသင်ရှိတယ်။ သည်းခြေ၊သလိပ်နိုင်တယ်။ မီးယပ်ထိန် သွေးထိန်တာကို ကောင်းစေတယိ။ ဝမ်းပိတ်စေတယ်။ အဖုအကျိတ်ကို သက်သာစေတယ်။ အနာလိမ်းဆေးတွေမှာ အများဆုံး သုံးလေရှိတယ်။ ဇာတိပ္ဗိုလ်မှာ myristicin ဆိုတဲ့ဓာတ်တမျိုးပါတယ်။ ပမာဏ များများဝင်ရင် အမြင်၊အကြားအာရုံဝေဝါးပြီး စိတ်ကစဥ့်ကလျား ထင်ယောင်ထင်မှားဖြစ်မယ်။ ဇာတိပ္ဗိုလ် လက်တဆိတ်စာ(moderate amount)ထက်များရင် လူအတွက် မကောင်းတော့ပါ။ ကြာရှည်သုံးရင် ကိုမာ(coma)လိုဟာမျိုး ဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် မသောက်သင့်ပါ။
• ဒုတ္ထာ ဆိုတာ copper sulphate ကို ခေါ်တာပဲ။ အင်းဆက်ပိုးမွှား၊မှိုပိုးကိုနိုင်လို့ ရောဂါပိုးမွှားတွေကို သေကြေပျက်ဆီးစေတယ်။ အနာလိမ်းဆေး၊အဖုကျတ်ပျောက်ဆေးတွေမှာ ပါလေ့ရှိတယ်။ ကောင်းတာတွေရှိပေမယ့် သတိထားရမယ်။ copper sulphate 50mg/kg ထက်များရင် အဆိပ်သင့်လက္ခဏာတွေ ခံစားရတယ်။ပါးစပ်က သောက်မိရင် အရင်ဆုံး အန်တာဖြစ်မယ်။ ပြီးရင် ဗိုကိနာ၊ဝမ်းလျှော၊ နှလုံးခုန်မြန်လာတယ်။ကြာရင် အဆိပ်အတောက်စွန့်ထုတ်ပေးတဲ့ အသည်းနဲ့ ကျောက်ကပ်လို အင်္ဂါတွေ ပျက်ဆီးမယ်။ ပုံမှန်အားဖြင့် သောက်ဆေးမဟုတ်ပါ။ မသောက်သင့်ပါ။ များများသောက်ရင် သေဆုံးတတ်တယ်။ အပင်ဖြန်းဆေးတွေမှာ ဒီဓာတ်ပါလေ့ရှိတယ်။
• ပျားဖယောင်းဆိုတာ တကယ်တော့ bee wax ကို ခေါ်တာဖြစ်တယ်။ ဘက်တီးရီးယား ဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိတယ်။ အစိုဓာတ်ကိုထိန်းလို့ အရေပြား ခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်တယ်။ bee wax ကို ပျားမကနေ နေရရှိတယ်။ ပန်းဝတ်မှုံရယ်၊အဆီရယ် ပေါင်းပြီး အရောင်ပြောင်းသွားတယ်။ အဝါရောင်(သို့)အရောင် ပိုရင့်တာ အမျိုးမျိုး ဖြစ်နိုင်တယ်။လိမ်းဆေးတွေမှာ paraffin wax ဆိုတာလည်း သုံးကြပြန်တယ်။ paraffin ဆိုတာ ချောဆီဖယောင်း။ ချောဆီဖယောင်းမှာ ဟိုက်ဒရို ကာဗွန်မော်လီကျူးတွေ ပါတယ်။ အရောင်ကင်းမဲ့တယ်။ ပါရာဖင်သဘောက အခန်းအပူချိန်(၃၇ ဒီဂရီ စင်တီဂရိတ်)မှာ ခဲပြီး အပူချိန်တက်လာတာနဲ့ အရည်ပျော်လာတယ်။ ရေနံက ထုတ်တယ်။ ဖယောင်းတိုင်၊ ချောဆီ လုပ်တဲ့အခါ သုံးတယ်။ အနောက်တိုင်း လိမ်းဆေးတွေမှာ paraffin wax ကို အများအားဖြင့် သုံးတယ်။ဆေးထဲမှာပါတဲ့ ပျားဖယောင်းဆိုတာ ဘာသုံးလဲ မသိပါ။
ပြောစရာရှိတာက ဒီဖယောင်းကိစ္စ။ bee wax ဖြစ်ဖြစ်၊ paraffin wax ဖြစ်ဖြစ် ဖယောင်းက ဖယောင်းပဲ။ ဖယောင်းမှန်သမျှ ဗိုက်ထဲရောက်ရင် အူပိတ်တာ ဖြစ်နိုင်တယ်။ နောက်ဆက်တွဲ ပျို့၊အန်၊ဗိုက်နာ၊ဝမ်းချုပ်လာတယ်။ ဒါကို Wax poisoning ခေါ်တယ်။ လူအများထင်သလို ချောဆီပါလို့ ဝမ်းသွားလွယ်တယ် ဆိုတာ မမှန်ပါ။ အူမှာ ဖယောငိးပိတ်ရင် ဝမ်းနှုတ်ဆေးပေး ကုရတယ်။ ဆိုးဆေးပါရင် လည်ချောင်းရောင်၊အသက်ရှုကျပ်တာ ဖြစ်နိုင်တယ်။ ကြာရှည်သုံးရင် မကောင်းတာလည်း အမှန်ပဲ။ အထူးသဖြင့် paraffin wax ပဲ။ ပုံမှန်အားဖြင့် ဖယောင်းပါတဲ့ဆေးတိုင်း ပါးစပ်ထဲ မထည့်သင့်ပါ။
ဆေးညွှန်းကို ထပ်ဖတ်ကြည့်တော့ အထဲမှာ ရေးထားတာက စာကြောင်း နှစ်ကြောင်းတည်းရယ်။
• နို့နာ၊နို့ကျိတ်၊နို့ချောင်းပိတ်၊အနာဆွေးအနာစိမ်း၊အနာပဆုပ်၊အနာပေါက်၊အနာစာဥ၊ အဖုအကျိတ်၊သက်တန့်၊ဝက်ခြံ၊မျက်စိစွန်၊မျက်စိနာ၊နားကိုက်၊နားပြညယို၊အပူနာအမျိုးမျိုး၊ထိခိုက်ရှနာများဖြစ်၍ ညှော်မိ၊ငန်းထ၊ရောင်ရမ်း၊စတာတွေ အတွက်ကောင်းတယ်။
• အနာရင်းနေပါက ပွတ်ရှုလိမ်းပေး၊ငန်းမန်းကြေတဲ့ဆေး၊ မီးပူ ရေနွေးလောင်လျှင် ချက်ချင်းပွတ်လိမ်းပေးပါတဲ့။
ဒါပဲ ရေးထားတယ်။ သောက်လို့ရတယ်ရေးမထားပါ၊ မဖတ်ရပါ၊ မတွေ့ရပါ။ ဆောရီး။
အားလုံးခြုံသုံးသပ်ရရင် အနာရောဂါတွေမှာ သုံးစွဲနိုင်တယ်လို့ပဲ ရေးထားပါတယ်။ ဆီးကင်းစေ့သောက် ဝမ်းမှန်တယ်လို့လည်း မပါ၊ ဗိုက်ချပ်တယ်လို့ လုံးဝရေးမထားပါ။ ကင်ဆာရောဂါ၊ (၉၆)ပါး ပျောက်မယ်လို့လည်း ကြေငြာမထားပါ။ နားမလည်တာက ဆေးညွှန်းမှာ သောက်လို့ရသည် ရေးမထားတာကို ဘာ့ကြောင့် သောက်သုံးကြပါသလဲ။ သေချာတော့ နားမလည်နိုင်သေးဘူး။ နားလည်လိုက်တာတခုက လိမ်းဆေးအဖြစ် ထုတ်လုပ်ထားတာကို သောက်ဆေး အနေနဲ့ မသုံးသင့်ဘူး ဆိုတာပဲဖြစ်တယ်။ ဗမာဆေးဖြစ်ဖြစ်၊အင်္ဂလိပ်ဆေးဖြစ်ဖြစ် သူ့ဆေးညွှန်းအတိုင်းသာ သုံးစွဲစေချင်တယ်။ အပြင်ကဟာ အထဲထည့်ဖို့ မကြိုးစားပါနဲ့။ လိမ်းဆေး သောက်ဆေး ကွဲကွဲပြားပြား သိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၁.၉.၁၅
၁.၉.၁၅
No comments:
Post a Comment