Saturday, December 19, 2015

သွေးတွင်းအဆီဓာတ် များခြင်း

မြန်မာနိုင်ငံမှာ အဆီစားသုံးမှု မြင့်တက်လာတာနဲ့အမျှ အဆီဓာတ်တမျိုးဖြစ်တဲ့ ကိုလက်စတော အကြောင်းသိဖို့ လိုလာပါတယ်။ ကိုလက်စတောဆိုတာ လူတိုင်းနီးပါး ကြားဖူးကြမယ်။ ကိုလက်စတော များရင် မကောင်းတာလည်း  သိကြတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေ နေ့စဉ်စားတဲ့အစားအသောက်လေ့လာကြည့်ရင် အဆီနဲ့ကင်းတာ မရှိပါ။ သူများနိုင်ငံတွေမှာ စားတာထက် သုံးဆလောက်ပိုများလိမ့်တယ်။ ပိုဆိုးတာက သုံးတဲ့ဆီတွေ ဖြစိပါတယ်။ ဆိုင်တွေမှာ အများဆုံးသုံးတာက စားအုန်းဆီတွေ ဖြစ်ပါတယ်။ အဲလိုဆီတွေက လူကို အကြီးအကျယိဒုက္ခပေးတယ်။ ဒါတင်မက ပြန်ကြော်ဆီတွေက ကျန်းမာရေးအတွက် မီးလောင်ရာလေပင့် ပိုဆိုးလာစေတယ်။ 


ကိုလက်စတော(cholesterol)ဆိုတာ ဂရိစကားက  လာတယ်။ chole ဆိုတာ သည်းခြေရည်၊ stereos ဆိုတာ အခဲကိုပြောတာဖြစ်ပါတယ်။ အဝါရောင်အဆီခဲလေးတွေကို ပြောချင်တာ။ အခြေခံ lanosterolအဆင့် ကနေ cholesterol အဖြစ်ပြောင်းဖို့ အဆင့်(၁၉)ဆင့်လောက် ကျော်ဖြတ်ရတယ်။ ကိုလက်စတောဆိုတာ လူ၊တိရိစ္ဆာန် သက်ရှိဆဲလ်တိုင်း ထုတ်နိုင်တယ်။ ဆဲလ်နံရံမှာ ရှိတဲ့ အဆီလွှာက  ရေဓာတ်ကို ထိန်းသိမ်းပေးတယ်။ သူ့ကြောင့် ဆဲလ်ပုံစံက ခိုင်မြဲနေတယ်။ တော်ရုံနဲ့ ပုံမပျက်ပါ။ အသားဟင်းတွေချက်တဲ့အခါ ပုံမပျက်ရှိနေနိုင်တာ ဆဲလ်နံရံမှာပါတဲ့ ကိုလက်စတောအဆီလွှာရဲ့ ကျေးဇူးကြောင့်ဖြစ်တယ်။ အလားတူ အသားတွေ ချက်ပြုတ်တဲ့အခါ ထွက်လာတာ ဒီအဆီတွေပဲ။ ဗက်တီးရီးယားနဲ့ အပင်တွေမှာ ဒီအလွှာမပါဝင်လို့ ပုံစံပြောင်းလဲလွယ်တယ်။ ပျက်ဆီးလွယ်တယ်။ 

ကိုလက်စတောဆိုတာ သွေးကြောထဲမှာ လှည့်လည်သွားနေတယ်။ အဲလိုသွားလာနိုင်ဖို့ lipoprotein ပုံစံပြောငိးလဲရတယ်။ lipoprotein ဆိုတာ အတွင်းမှာ ကိုလက်စတောအဆီကို အပြင်က ပရိုတင်းလွှာဖုံးအုပ်ထားတဲ့ အခဲလေးတွေကိုခေါ်တာ။ ဒါမှ သွေးကြောကနေ ဆဲလ်တွေထဲ အလွယိတကူ ဝင်ရောက်သွားလာနိုင်မှာပါ။lipoprotein တခုရဲ့ အရွယ်အစားက အလွန်သေးငယ်တယိ။ 10-1000 nm လောက်သာရှိတယ်။ဒါဟာ  သွေးနီဥတလုံးရဲ့ ၁၀ ပုံ တပုံ ခန့်သာရှိတဲ့သဘောပါ။ 

ကိုလက်စတောထဲမှာ LDL နဲ့ HDL ဆိုပြီး နှစ်မျိုးရှိပါတယ်။  LDL(low-density lipoproteins )ဆိုတာ မကောင်းတဲ့ အဆီကိုပြောတာ။ ဒီအဆီများတာ ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ကြာလာရင် သွေးကြောထဲမှာ အနည်ထိုင်တယ်။ နောက်ဆုံး သွေးကြောပိတ်မယ်၊ ဒါ့ကြောင့် မကောင်းတာ ဖြစ်ပါတယ်။ HDL(high-density lipoproteins) ဆိုတာကတော့ ကောင်းတဲ့အဆီ။ ဒီအဆီများရင် ခန္ဓာကိုယ်အတွက်ကောင်းတယ်။ ဘယ်လိုကောင်းလဲဆိုတော့ သူက မလိုအပ်တဲ့ အဆီပိုတွေကို အသည်းရောက်အောင် ပို့ဆောင်တယ်။ အသည်းက အဆီကို ချေဖျက်ပစ်မယ်။ ပိုလျှံတာတွေကို သည်းခြေရည်အဖြစ်ပြောင်းလဲလိုက်တယ်။ ဒါ့ကြောင့် HDL ကိုလက်စတော များရင် ကောင်းတယ်လို့ပြောတာပါ။ ကိုလက်စတောဆိုတာ အရွယ်အစား(size)ကြီးတာနဲ့အမျှ သိပ်သည်းဆ(density)နည်းလေ့ရှိတယ်။  ကောင်းတဲ့ကိုလက်စတော HDL က အရွယ်အစားသေးပြီး မကောငိးတဲ့ကိုလက်စတော LDLက အရွယ်သေးတယ်။ တကယ်တော့ ကျန်းမာရေးအတွက် ကိုလက်စတောနှစ်ခုလုံး အချိုးညီဖို့ လိုအပ်ပါတယ်။  

ကိုလက်စတော အကြောင်းပြောပြီး triglyceride အကြောင်းနည်းနည်းရှင်းပါရစေ။ နှစ်ခုလုံးက အဆီတော့ အဆီချည်းပါပဲ။ဒါပေမယ့် မတူပါ။ ကိုလက်စတောဆိုတာ သွေးကြောထဲမှာ လှည့်ပတ်သွားလာနေတဲ့ပုံစံကို ခေါ်တာ။triglyceride ကျတော့ ခန္ဓာကိုယ်ထဲ သိမ်းဆည်းထားတဲ့ အဆီပုံစံတမျိုးဖြစ်တယ်။ သူကစွမ်းအင်ကို သိုလှောင်နိုင်တယ်။ ခန္ဓာကိုယ်အတွက် ပိုလျှံတဲ့အဆီမှန်သမျှကို triglyceride အနေနဲ့သိမ်းဆည်းတယ်။ ဒါ့ကြောင့် ဗိုက်ခေါက်ထူ၊အဆီပိုစုသူအများစုမှာ triglycerideစစ်ကြည့်ရင် များနေတာ ဖြစ်တယ်။ 

ဆရာဝန်လုပ်သူတွေကို သွေးတွင်းကိုလက်စတောကို ဘာ့ကြောင့် ဂရုစိုက်ကြပါသလဲ။ကိုလက်စတောများတာ ဘာဖြစ်မှာမို့လဲ မေးကြတယ်။ သွေးတွင်းအဆီများလာသလို သွေးကြောထဲမှာ အနည်ထိုင်တာမျိုး ရှိတယ်။ အဆီပိုတွေက သွေးကြောက ပိတ်တတ်တယ်။ အထူးသဖြင့် နှလုံးသွေးကြောဆိုတာ အရမ်းသေးတယ်။ ထိခိုက်လွယ်တယ်။ နှလုံးမှာ သွေးကြော ပိတ်ရင် ရုတ်တရက် နှလုံးအမောဖောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်တာကို coronary artery disease (ischaemic heart disease)လို့ခေါ်ပါတယ်။ 

သွေးကြောထဲမှာကိုလက်စတောပမာဏ မြှင့်တက်နေပေမယ့် ဘာလက္ခဏာမှမပြလို့ တော်ရုံမသိကြတာများတယ်၊အဲဒါကြောင့်ပဲ အသက်(၄၀)ကျော်တာနဲ့ နှစ်စဉ် သွေးစစ်သင့်တာဖြစ်ပါတယ်။ သွေးစစ်တဲ့အခါမှ အဖြေထွက်လာတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူအများစု(၇၀ရာခိုင်နှုန်း)ဟာ အသက်(၆၀)ကျော်တာနဲ့ သွေးတွင်း ကိုလက်စတော များနေလေ့ရှိတယ်။ ဒါဟာ စားသောက်နေထိုင်မှုပုံစံကြောင့် ဖြစ်ပါတယ်။

သွေးတွင်းအဆီစစ်တာကို fasting lipid profile ခေါ်တယ်။  စစ်တဲ့အခါ အနည်းဆုံး ၉-၁၂နာရီ အစာမစားပဲစစ်ရတယ်။ အစားအသောက်၊ အချိုရည် ဘာမှမသောက်ရပါ။ ရေတော့ သောက်လို့ရပါတယ်။ ည ၁၀နာရီနောက်ပိုင်း ဘာမှမစားပဲ မနက်စောစော စစ်ရတယ်။ စစ်တဲ့အခါ အဆီအမျိုးအစားလေးမျိုးကို စစ်ပါတယ်။ total cholesterol , LDL , HDL , triglyceride စတဲ့ အဆီတွေ ပါဝင်တယ်။ အဆီပမာဏပေါ်မူတည်ပြီး ဆေးပေးလေ့ရှိပါတယ်။ သိပ်မဆိုးတဲ့သူတွေမှာ နေထိုင်စားသာက်ပုံပြောင်းလဲရုံနဲ့ရတယ်။

လူတွေနေ့စဉ်စားသုံးနေတဲ့ အဆီတွေကို ခွဲခြားလိုက်ရင် ယေဘုယျသုံးမျိုးပဲရှိတယ်။ (၁)unsaturated fat (၂)saturated fat  (၃) trans fat တို့ဖြစ်ပါတယ်။ အဆီတိုင်း မကောင်းတာ မဟုတ်ပါ။ unsaturated fat(မပြည့်ဝဆီ)တွေက ခန္ဓာကိုယ်အတွက်ကောင်းတယ်။ သွေးတွင်းကိုလက်စတောကို ကျဆင်းစေပြီး နှလုံး၊လေဖြတ်ဖြစ်နိုင်ချေ ကျဆင်းစေတယ်။ saturated fat(ပြည့်ဝဆီ) ကတော့ လူတွေစားသုံးဖို့မသင့်တော်ဘူး။ သွေးတွင်းကိုလက်စတော များစေပြီး ကျန်းမာရေးကိုထိခိုက်စေတယ်။ trans fat ဆိုတာ မကောင်းတဲ့အဆီတမျိုးပဲ။ သီးနှံဆီတွေကို ဓာတုနည်းနဲ့ အခဲပုံစံပြောင်းလဲထားတာကို trans fat ခေါ်တယ်။ တနည်းအားဖြင့် ဟိုက်ဒရိုဂျင်ထည့်လိုက်တာပါပဲ။ဒီလိုလုပ်ခြင်းအားဖြင့် အဆီကခဲသွားတယ်။ အစားအသောက်တွေဟာ ကြာရှည်ခံသွားတယ်။ ကိတ်မုန့်၊ဒိုးနတ်၊ကွတ်ကီ၊ ဘီစကစ် စတာတွေထဲမှာ ပါလေ့ရှိတယ်။ ဒီနောက်ပိုင်း trans fat တမျိုးဖြစ်တဲ့ မာဂျရင်းတွေကို ထောပတ်နေရာမှာ အစားထိုးသုံးလာတယ်။ နောက်ပိုင်းမှာ တိရိစ္ဆာန်ဆီတွေကပါ ထုတ်လာတယ်။ ဘယ်ကပဲထုတ်ထုတ် trans fat မှန်သမျှ ခန္ဓာကိုယ်အတွက် အကျိုးမပြုပါ။

Trans fat ဆိုရင် အများစုက Transformed fat လို့ထင်ကြတယ်။ မမှန်ပါ။ trans ဆိုတာ လက်တင်စကားက လာတယ်။ ဟိုက်ဒရိုဂျင်အက်တမ်တွေ (across)ကန့်လန့်ဖြတ်ဆက်သွယ်ထားလို့ trans ဆိုပြီး သုံးတာဖြစ်တယ်။ အမေရိကန်လူမျိုးတွေဟာ trans fat 5.8 grams လောက်  နေ့စဉ် စားသုံးကြတယ်။ အစားအသောက်ထဲမှာ trans fat များရင် မကောင်းတဲ့ကိုလက်စတော (LDL)က မြင့်တက်လာတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေဆက်ဖြစ်တယ်။ ပိုဆိုးတာက LDLကို များစေပြီး HDLကို နည်းစေတာမို့ နှလုံးဖြစ်နိုင်ချေအလွန်မြင့်တက်လာတာ ဖြစ်တယ်။ နောက်ပိုင်းလေ့လာမှုတွေအရ trans fatတွေဟာ ပြည့်ဝဆီတွေထက်ဆိုးကျိုးပိုပေးနိုင်တာ သိလာရတယ်။ ပြည့်ဝဆီသဘောက LDL ကိုများစေရုံသာ ရှိတယ်။ trans fatတွေကျတော့ LDLကို များစေရုံမက HDLကိုပါ လျှော့နည်းစေလို့ ဆိုးကျိုးပိုပေးနိုင်တယ်။ ဒါတင်မက အယ်ဇိုင်းမားရောဂါ၊ ကင်ဆာ၊အဝလွန်၊ ဆီးချို၊စိတ်ကျရောဂါတွေပါ ဆက်ဖြစ်နိုင်တယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ trans fat 0.5g အောက် စားသင့်တယ်ဆိုတဲ့ အယူဆမျိုးရှိပါတယ်။ 

သွေးတွင်းအဆီဓာတ်များလာရင် ဘာလုပ်မလဲ

(၁)လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်
တရက်ကို အနည်းဆုံး နာရီဝက်လမ်းလျှောက်ပါ။ နေ့စဉ် ပုံမှန်လုပ်ခြင်းအားဖြင့် သုံးလအတွင်း သွေးတွငိးအဆီဓာတ်ဟာ ၁၀-၂၀ ရာခိုင်နှုန်းထိ ကျဆင်းစေတယ်။ဝိတ်တက်ရင် ချသင့်တယ်။  သွေးတိုး၊ဆီးချိုသမားတွေ ပိုဂရုစိုက်ပါ။ ကိုလက်စတောများရင် မပေါ့ပါနဲ့။ ဆရာဝန်နဲ့ပြပါ။

(၂)အဆီ၊အသားလျှော့စားပါ
နီတဲ့အသား၊ကလီစာ၊ကြက်ဥနှစ်စတာတွေက ကိုလက်စတောများစေတယ်။အသား၊ငါး ၄-အောင်စထက် ပိုမစားသင့်ပါ။ အထူးသဖြင့် နီတဲ့အသားဖြစ်တယ်။ အဲထဲမှာ ပြည့်ဝဆီအပြင် သံဓာတ်တမျိုးဖြစိတဲ့ heme ဆိုတာပါတယ်။ သူက ဆီးချိုနဲ့ အူမကြီးကင်ဆာကို ဖြစ်စေတယ်။ ထောပတ်၊စားအုန်းဆီ ၊ပြန်ကြောဆီ လုံးဝရှောင်ပါ။ မုန့်တီ၊ဆီထမင်း၊အကြော် မစားသင့်ပါ။ အဆီ ထမင်းစားဇွန်းတဇွန်းမှာ ကယ်လိုရီ (၁၀၀)လောက်ပါလို့ ဝိတ်တက်နိုင်တယ်။  

(၃)အသီးအနှံ၊အစေ့အဆန် များများစားပါ
အသားနေရာမှာ ပရိုတင်းဓာတ်ပြည့်ဝတဲ့ ပဲသီး၊ပဲတောင့်ရှည်၊ပဲပုပ် စတာတွေစားသင့်တယ်။ပဲတောင့်ရှည်က မကောင်းတဲ့ ကိုလက်စတောကျစေပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယိ။ အခွံမာသီး၊ အစေ့အဆန်တွေက မကောင်းတဲ့ LDL ကိုလက်စတော ကျစေတယ်။ဒါပေမယ့် အစေ့အဆန်တွေကို တစ်အောင်စထက် ပိုမစားသင့်ပါ။ အစေ့တစ်အောင်စမှာ ကယ်လိုရီ ၁၅၀ ကျော်လောက်ရှိတယ်။ ကယ်လိုရီများလို့ဝလာတတ်တယ်။ 

(၄)အမျှင်ဓာတ်များများစားပေးပါ
အုတ်ဂျုံ၊ဘာလီ၊ ပဲသီး၊ ပဲတောင့်ရှည်၊ကန်စွန်းဥ၊ ဟင်းသီးဟင်းရွက်များများစားပါ။ပန်းသီး၊လိမ္မော်သီး၊ဘယ်ရီသီး စတာတွေကောင်းတယ်။ ispagulla လို အမျှင်ဓာတ်အားဖြည့်ဆေး လိုရင်သောက်ပါ။အထုပ်လေးတွေနဲ့လာတယ်။ ရေနဲ့ဖျော်၊ချက်ချင်းသောက်ရတယ်။ ထောပတ်သီးကလည်း အမျှင်ဓာတ်ကြွယ်ဝသလို မကောငးတဲ့အဆီပိုကို ဖယ်ရှားနိုင်တယ်။

(၅)ဆေးလိပ်၊အရက်၊ဘီယာဖြတ်ပါ
အရက်က ပုံမှန်အားဖြင့်  သွေးတွင်းအဆီကျဆင်းစေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် မတူပါ။ ဒီနိုင်ငံမှာ အရက်သောက်သူအများစုက အလွန်အကျွံသောက်ကြပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတယောက်ဟာ တရက်က်ု အရက် 30ml ထက် ပိုမသောက်သင့်ပါ။ အရက်၊ဘီယာက triglyceride ပမာဏကိုများစေတာမို့ ကျန်းမာရေးထိခိုကိစေတယ်။ ဆေးလိပ်သောက်ခြင်းက HDL ကိုပါ ကျဆင်းစေတယ်။ နဂိုက အဆီများသူမှာ နှလုံးရောဂါဖြစ်ပွားနိုင်ချေများလာတယ်။ ဒါ့ကြောင့် ဆေးလိပ်သာမက အရက်၊ဘီယာ စတာတွေကို ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၁.၁၂.၁၅)

No comments:

Post a Comment