Tuesday, December 13, 2016

ခေတ်စားလာသည့် DD cream နဲ့ EE cream

BB cream နဲ့ CC cream အကြောင်း အလှအပကြိုက်တဲ့ မိန်းကလေးတွေ သိကြတယ်။ သို့သော် DD cream အကြောင်းတော့ လူသိနည်းတယ်။ သုံးဖူးသူလည်း ရှားတယ်။ DD cream ဆိုတာ Dynamic Do-all ရဲ့ အတိုကောက်ဖြစ်ပါတယ်။ အလှအပပစ္စည်းအားလုံးကို တမျုးတည်းဖြစ်အောင် ရောစပ်ထားတာ ဖြစ်တယ်။ တကယ်က BB နဲ့ CC cream ရဲ့ အာနိသင်ကို ပေါင်းစပ်ထားတာပါ။ မျက်နှာအသားအရေကို နေ့စဉ်ကာကွယ်ဖို့(daily defence)အတွက် အသုံးပြုကြတယ်။ 



DD creamတွေဟာ ၂၀၁၃ မှာ စတင်ပေါ်ပေါက်လာခဲ့တယ်။ သီအိုရီအရ DD cream ကို အသက်ကြီးရင့်သူတွေ သုံးတယ်။မျက်နှာ အရေးအကြောင်းသမားတွေ အဓိကသုံးသင့်တယ်။  နဖူးအရေးအကြောင်းကို သိသိသာသာလျှော့ချပေးသလို နေ့စဉ်သုံးခြင်းအားဖြင့် ငယ်ရုပ်ဆင်သလို ဖြစ်မယ်။Primer အနေနဲ့သုံးနိုင်သလို Concealerသဘော အမဲစက် အသားရေမညီညာတာကို ဖုံးကွယ်တဲ့ အာနိသင်လည်းရှိတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုကာကွယ်တဲ့ Anti-Aging အာနိသင်လည်းပါတယ်။ အသားအရေ တောက်ပြောင်စေတဲ့ Brightener ပါသလို အဆီဂလင်းကိုလည်း ကျဉ်းစေတယ်။ ဒါ့ကြောင့် အဆီထွက်သူတွေ သုံးနိုင်တယ်။

သူ့အရင်လိမ်းဆေး(BB,CC)တွေထက် အားသာတာက နေလောင်ဒဏ်ကို ပိုကာကွယ်ပေးတာ ဖြစ်တယ်။ ယေဘုယျ SPF 50 ထိ ပါလေ့ရှိပါတယ်။ လိမ်းရလွယ်လို့ နေပူထဲထွက်တိုင်း မကြာခဏလိမ်းပေးနေနိုင်တယ်။ အသက်ကြီးရင့်သူ (၄၅နှစ်အထက်)တွေနဲ့ သင့်တော်တယ်။ မကြာခင် BB cream, CC cream တို့နည်းတူ လူသုံးများလာဖွယ် ရှိပါတယ်။

EE cream 
EE cream ဆိုတာ BB , CC နဲ့ DD cream တို့နောက် ထပ်မံဆန်းသစ်တီထွင်ထားတဲ့ လိမ်းဆေးတမျိုး ဖြစ်တယ်။ နောက်ဆက်တွဲဖြစ်သလို အာနိသင်လည်း ပိုလာတယ်။ အီးအီးခရင်မ်တွေရဲ့ အားသာချက်က skin care အဆင့်ဆင့်လုပ်စရာမလိုပဲ လိမ်းဆေးတခုတည်းနဲ့ ပြီးတာဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတယ်။ extra exfoliating, enlighter effect , Even Effect စသည်ဖြင့် နာမည်အမျိုးမျိုးခေါ်ကြတယ်။ tocopherol ပါတာတွေကိုတော့ energy enhancer cream လို့ နာမည်လှလှပေးထားတယ်။ 

EE creamတွေက အပူးမျိုးဆက် အသားလှဆေးထဲမှာ နောက်ဆုံးပေါ်လိမ်းဆေးဖြစ်တယ်။ ဆေးတမျုးထဲနဲ့ အာနိသင်မျိုးစုံရနေမယ်။ Clinelle ကထုတ်တဲ့ EE creamဆိုရင် မိတ်ကပ်လိမ်းစရာမလိုပဲ 15-in-one ခေါ်တဲ့ ဆေးတမျိုးထဲနဲ့ အာနိသင် ၁၅မျိုးလောက် ရနေမယ်။ အလုပ်ရှုပ်မခံချင်သူတွေနဲ့ အထူးသင့်တော်တယ်။ နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်လုပ်ထားတာမို့ အသားဖြူတာ၊ ရေဓာတ်ထိန်းတာ၊ အသားတင်းရင်းတာ၊ နေလောင်ဒဏ်ကို အဆ (၅၀) ကာကွယ်တာ စတဲ့ အာနိသင်တွေ ရရှိစေမှာဖြစ်ပါတယ်။ သီအိုရီအရ အစိုဓာတ်ထိန်းတယ်။ အရေပြားတင်းရင်းစေတယ်။ မည်းညစ်တဲ့ အသားရောင်ကို ကွာစေပြီး အသားအရေသစ်ကိုလည်း ဖြစ်ပေါ်စေတယ်။ အသားအရောင် မညီညာတာလည်း ကာကွယ်ပေးတယ်။
ဆဲလ်သေဖယ်ရှားပေးတယ်။ တခြားလိမ်းဆေးထက် မိတ်ကပ်သားပိုပါတယ်။

EE cream နည်းနည်းယူပြီး မျက်နှာတပြင်လုံး  နေရာအနှံ့ ခပ်ပါးပါးတို့သုတ်ပါ။ ပြီးရင် အသားအရေညီညာအောင် လက်သန်းကြွယ်နဲ့  ခပ်ပြေပြေလိမ်းပါ။ make up base အနေနဲ့လည်း သုံးလို့ရပါတယ်။ သတိပြုရမှာက  EE cream တွေကို မကြာခဏသုံးလို့မကောင်းဘူး။ အပေါ်ယံအရေပြားကို ကွာကျစေလို့ အရေပြားပါးသူတွေမှာ သတိထားရမယ်။ 

နည်းပညာတိုးတက်လာတာနဲ့အမျှ ပိုကောင်းတဲ့ all in one တမျိုးတည်းပြီးတဲ့ လိမ်းဆေးတွေ ထပ်မံပေါ်ပေါက်လာဖွယ်ရှိပါတယ်။ အလှအပကြိုက်သူများအနေနဲ့ ခေတ်နဲ့ မျက်ခြေမပြတ်ဖို့သာ လိုတယ်။ အလုပ်ရှုပ်မခံချင်သူတွေအတွက်တော့ သတင်းကောင်းဖြစ်ပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၂.၁၂.၁၆)

No comments:

Post a Comment