အမျိုးသမီးတွေမှာ သွေးဆုံးတာတော့ ကြာဖူးကြပါလိမ့်မယ်။ လစဉ်ဓမ္မတာသွေးပေါ်တာ ရပ်သွားရင် သွေးဆုံးတယ်လို့ သတ်မှတ်ထားတယ်။ တကယ်က မဟော်မုန်း estrogenနဲ့ progesterone ပမာဏ ကျဆင်းလာလို့ဖြစ်ပါတယ်။အမျိုးသားသွေးဆုံးတာလည်းရှိပါတယ်။ အမှန်က သွေးဆုံးတယ်ပြောဖို့ကျတော့ သိပ်မမှန်ပြန်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေမှာ ဓမ္မတာသွေးဆင်းတာ မရှိလို့ပါ။ သို့သော် male menopauseကို တိုက်ရိုက်ဘာသာပြန်တော့ အမျိုးသား သွေးဆုံးတယ်ဆိုပြီး ဖြစ်သွားတယ်။ တကယ်က testosterone ဟော်မုန်း level ကျဆင်းသွားရာကဖြစ်တဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ရောဂါမဟုတ်ပါ။ ဆေးပညာမှာ andropause, testosterone deficiency, late-onset hypogonadism စသည်ဖြင့် အမျုးမျိုးခေါ်တယ်။ ဒါကိုပဲ အများနားလည်လွယ်အောင် ဘာသာပြန်တဲ့အခါ သွေးဆုံးတယ်ဆိုပြီး ဖြစ်လာတယ်။
ခက်တာတခုက ဆေးခန်းမှာ ဒီလိုရောဂါသည်တွေ လာပြကြတဲ့အခါ ကျတော်တို့ဖက်က တိုက်ရိုက် ပြောဖို့ သိပ်အဆင်မပြေလှပါဘူး။ ဒီတော့ သူတို့ နားလည်လွယ်အောင် ကိုယ့်ဖက်က နာမည်လှလှ ရွေးရပြန်တယ်။ကျတော်ကတော့ male menopauseကို နေဝင်ဆည်းဆာ လက္ခဏာရပ်များလို့ ပေးလိုက်တယ်။ ဆည်းဆာချိန်မှာ အနောက်ဖက်မှာနေမင်းက ဝင်ပြီ။ သို့သော် သူ့မှာလည်း သူ့အလင်းနဲ့သူရှိနေဆဲပါ။ လုပ်နိုင်ကိုင်နိုင်ဆဲပါ။ လှပနေဆဲပါ။
အမေရိကန်နိုင်ငံမှာ သွေးဆုံးသူ အမျိုးသားပေါင်း (၅)သန်းကျော်ခန့် ရှိနေတယ်လို့ ချီကာဂို Northwestern Memorial hospital ကတွက်ချကိထားပါတယ်။ သာမန်အားဖြင့် အသက်(၅၀)ကျော်တာနဲ့ တက်စတ်ုစတီရုန်းပမာဏက သိသိသာသာ ကျဆင်းလာပါတယ်။ အမျုးသမီးသွေးဆုံးတာနဲ့မတူတဲ့အချက်က ဟော်မုန်းပမာဏကျဆင်းတာ ချက်ချင်းကြီးမဟုတ်ဘဲ ဖြည်းဖြည်းချင်းဖြစ်လာတာပါ။ ဒီတော့လက္ခဏာတွေ ချက်ချင်းမခံစားရဘူး။ဖြေးဖြေးချင်းသာ ခံစားရမယ်။
အမျိုးသားတယောက်အတွက် testosterone ဟော်မုန်းက တော်တော်အရေးပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့လိင်စိတ်ကို အဓိကဖြစ်စေတာလည်း ဒီဟော်မုန်းပါ။ဝက်ခြံထွက်စေတာလည်း သူပါပဲ။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ကြွက်သားထုထည်ပိုများတာဟာ တက်စတိုစတီရုန်းအစွမ်းကြောင့်သာ ဖြစ်တယ်။ဒီဟော်မုန်းယုတ်လျှော့လာရင် ပြဿနာတွေ စပေးပါလိမ့်မယ်။
လေ့လာမှုတွေအရ အသက်သုံးဆယ်ကျော်တာနဲ့ အမျိုးသားတယောက်ရဲ့ တက်စတိုစတီရုန်း ပမာဏက တနှစ်ကို(၁) ရာခိုင်နှုန်းနဲ့ ပုံမှန်ကျဆငိးနေသတဲ့။ ဒီပုံသေနည်းအတိုင်းသာဆိုရင် အသက်(၇၀)အရွယ် အမျိုးသားတယောက်ဟာ သူ့အသက် (၃၀)အရွယ်ကထက် တက်စတိုစတီရုန်း (၄၀)ရာခိုင်နှုန်းလောက် ကျဆင်းနေမယ့်သဘော ဖြစ်တယ်။ ဒါဆို ဟော်မုန်းပမာဏကျဆင်းတိုင်း သွေးဆုံးတယ်လို့ ပြောနိုင်လား မေးစရာရှိလာတယ်။ ဖြစ်စဉ်ကဒိလောက် မရိုးရှင်းပါဘူး။ အသက်ကြီးလို့ ဟော်မုန်းကျဆင်းတာကို Androgen Deficiency in the Aging Male (ADAM)လို့ ခေါ်ပါတယ်။ သူတို့မှာ လိင်စိတ်ရှိနေနိုင်သေးတယ်။ လိင်အင်္ဂါတောင့်တင်းနိုင်သေးတယ်။ ဒါကို သွေးဆုံးတယ်လို့ မသတ်မှတ်ပါဘူး။
နယူးအင်္ဂလန်ဂျာနယ်(NEJM)ရဲ့ လေ့လာမှုအရ အမျိုးသားသွေးဆုံးတာရဲ့ အဓိကက္ခဏာက လိင်စိတ်ကုန်ခမ်းတာနဲ့လိင်အင်္ဂါမတောင့်တင်းတာလို့ ခေါ်ပါတယ်။ နေ့စဉ်လုပ်ရှားမှုတွေ အားနည်းလာတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကျဆင်းလာတယ်။ အရင်က တမိုင်အကွာအဝေးကို ကောင်းကောင်းလမ်းလျှောက်နိုင်ပေမယ့် အခုအဲလောက် မလှုပ်နိုင်တော့ဘူး။ မပြေးနိုင်ဘူး။ အလေးအပင်မ"မ"နိုင်ဘူး။ ဒူးကွေးဖို့၊ ထိုင်ရာက ထဖို့ ခက်ခဲတာလေးတွေ ရှိတတ်တယ်။ အာရူံစူးစိုက်မှု မကောင်းတော့ဘူး။ စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျလွယ်တာ၊ ညအိပ်မပျော်တာတွေ ရှိလာတတ်ပြီ။ ဒီလက္ခဏာတွေ ခံစားရရင် အမျိုးသား သွေးဆုံးကိုင် သို့မဟုတ် နေဝင်ဆည်းဆာ လက္ခဏာတွေ ခံစားရပြီလို့ သိနိုင်တယ်။ ဟော်မုန်းကျဆင်းခြင်းရဲ့ နောက်ကွယ်မှာ နှလုံး၊သွေးတိုး၊ ဆီးချို၊ အဝလွန်စတဲ့ ရောဂါတွေလည်း ရှိနေနိုင်သေးတယ်။ ငယ်စဉ်က ဆေးလိပ်၊အရက် သောက်ခဲ့တာမျိုး၊ စိတ်ဖိစီးမှု၊ အာဟာရချုတဲ့မှုနဲ့ အိပ်ချိန်မလုံလောက်မှု စတဲပြဿနာတွေ ပါဝင်နေတယ်။
အမျိုးသား သွေးဆုံးခြင်းမှာ အီစတိုဂျင်ဟော်မုန်းကလည်း အရေးကြီးတယ်။ မိန်းကလေးတိုင်း အီစတိုဂျင်ဟော်မုန်း နည်းလာရင် သွေးဆုံးတဲ့ လက္ခဏာတွေ စတင်ခံစားရတယ်လို့ ပြောခဲ့ပါတယ်။ အမျိုးသားတွေမှာလည်း ဒီဟော်မုန်းက အနည်းနဲ့ အများဆိုသလို သက်ရောက်မှုရှိတယ်။ ပုံမှန်အားဖြင့် တက်စတိုစတီရုန်းကနေ aromatase အင်ဇိုင်းအကူအညီနဲ့ အီစတိုဂျင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုချင်တာက တက်စတိုစတီရုန်းနည်းရင် အီစတိုဂျင်လည်း လိုက်နည်းလာလိမ့်မယ်။ ဒီအချက်ဟာ အမျိုးသားသွေးဆုံးကိုင် လက္ခဏာရဲ့ အကြောင်းရင်းတချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားသွေးဆုံးတဲ့တခါ မျက်နှာပူစပ်ပူလောင်ဖြစ်တာ၊ ချွေးထွက်များတာ၊ အရေပြားလျှော့တွဲရှုံ့တွလာတာမျိုး ဖြစ်လာတာပါ။
သွေးဆုံးတဲ့အခါ ဟော်မုန်းအားဆေးတွေ ပေးရမလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။အမှန်က သွေးဆုံးတိုင်း ဟော်မုန်းဖြည့်ပေးဖို့ မလိုအပ်ပါဘူး။ လူနာအခြေအနေ၊ ရောဂါ လက္ခဏာနဲ့ သူတို့ လိုလားချက်ပေါ်မူတည်ပြီး ပေးရပါတယ်။ ဈေးကွက်ထဲမှာ တက်စတိုစတီရုန်း သောက်ဆေး၊လိမ်းဆေး၊ ထိုးဆေး၊ကပ်ခွာ စသည်ဖြင့် မျိုးစုံလာတယ်။သို့သော် ဟော်မုန်းဆေးတိုင်း ဘေးထွက်ဆိုးကျိုး ကိုယ်စီရှိကြတာချည်းပဲ။ အသက်ကြီးသူတွေမှာ ဒီဟော်မုန်း ပေးတဲ့အခါ နှလုံးရောဂါ၊ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကင်ဆာထိ ဖြစ်တတ်ပါတယ်။ လက်တွေ့ကျကျပြောရရင် ရောဂါမဟုတ်တဲ့ အခြေနေမျိုးမှာ လက္ခဏာ သက်သာစေဖို့သာ ဦးစားပေးရတယ်။ဥပမာ စိတ်ကျလွယ်ရငိ စိတ်မကျအောင် ပေးတဲ့ဆေး(anti depressant drug)တွေ မှီဝဲဖို့လိုသလို ညအိပ်မပျော်တာအတွက် အိပ်ဆေးမျိုးလိုကောင်းလိုပါလိမ့်မယ်။ ဘယ်အချိန် ဘယ်လိုကုရမလဲဆိုတာ ခံစားရသူကို ဘယ်လောက် ဒုက္ခပေးနေသလဲ ဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။ စစ်တမ်းများအရ အမေရိကားမှာ သွေးဆုံးသူရဲ့ (၅) ရာခိုင်နှုန်း ကသာ ကုသမှုခံယူကြပါတယ်။
သွေးဆုံးခြင်းနဲ့ ပက်သတ်လို့ အငြင်းပွားစရာတွေလည်း ရှိပါတယ်။ အမျိုးသား သွေးဆုံးတဲ့ပြဿနာက တကယ်ရော ရှိပါရဲ့လား။ ဒါနဲ့ပက်သတ်လို့ တချူ့် ဆရာဝန်တွေ၊ ဆေးသိပ္ပံပညာရှင်တွေက ငြင်းချက်ထုတ်တာတွေ ရှိပါတယ်။ သွေးဆုံးတာက လက္ခဏာမျိုးသာ ဖြစ်တယ်။ ရောဂါမဟုတ်။ အသက်အရွယ်အရဖြစ်လာတဲ့ တက်စတိုစတီရုန်း နည်းပါးမှုပြဿနာအောက်မှာ male menopause ဆိုတဲ့ ခေါင်းစဉ်ကြီးကြီးတပ်လိုက်တာ တကယ်ရော မှန်ပါရဲ့လား။ လူနာတွေမှာ စိတ်ဒဏ်ရာ ရမသွားနိုင်ဘူးလား။ပညာရှင်အချို့က male menopause နေရာမှာ andropause ကိုသာ သုံးသင့်တယ်လို့ အကြံပေးထားတယ်။ စကားလုံးသုံးစွဲမှုပြဿနာနဲ့ လူထုကျန်းမာရေး ပညာပေးက ဆေးပညာရှင်တွေကြားမှာပဲ ဝိဝါဒ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားသွေးဆုံးကိုင်လက္ခဏာတွေကတော့ တကယ်ရှိနေပါတယ်။ အသက်(၅၀)ကျော်တာနဲ့ နေဝင်ဆည်းဆာ လက္ခဏာရပ်တွေ စတင် ခံစားရနိုင်တာမို့ အမျုးသားတိုင်း သတိပြုကြဖို့ လိုပါတယ်။
ဒေါက်တာ အေးမင်းထူး
၃.၆.၁၇
No comments:
Post a Comment