Monday, November 18, 2013

ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ


ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။

ရေအေးဝတ်ကပ်ခြင်း
ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ ရေခဲ(သို့)ရေအေးဝတ်ကို အသုံးပြုရပါတယ်။ "ice for injury"လို့ မှတ်ထားနိုင်တယ်။ရေအေးဝတ်ကို ဒဏ်ရာရပြီး ၂၄-၄၈နာရီအတွင်း အဓိကအသုံးပြုကြတယ်။ အေးတဲ့အာနိသင်ကြောင့် သွေးကြောတွေကို ကျဉ်းလာပြီး သွေးလျှောက်အားနည်းလာတယ်။ ရောင်ရမ်းခြင်းကို ကျဆင်းစေတယ်။ ဒါ့အပြင် အာရုံကြောတွေ ထုံသွားတဲ့အခါ နာကျင်ခြင်းကို ယာယီသက်သာစေတယ်။ ရေအေးဝတ်ကပ်တဲ့အခါ အကောင်းဆုံးက ဒဏ်ရာရပြီး ၁၀မိနစ်အတွင်း ကပ်ပေးသင့်တယ်။ တခါကပ်ရင် ၁၅မိနစ်ထက် ပိုမကပ်သင့်ဘူး။ လိုအပ်ရင် ၃နာရီတခါ ကပ်ပေးနိုင်တယ်။ သုံးတဲ့အခါ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မကပ်သင့်ဘူး။

အသုံးပြုပုံ
အဝတ်စတခုယူပြီး ရေခဲရေနဲ့ စိမ်ပြီး အသုံးပြုနိုင်သလို ရေခဲတုံးကို အဝတ်နဲ့ပတ်ပြီး အသုံးပြုနိုင်တယ်။ပိုလွယ်ချင်ရင် ရေခဲသေတ္တာထဲက ခဲနေတဲ့ ရေပုလင်းကို အဝတ်စပတ်ပြီး အသုံးပြုနိုင်တယ်။ အပေါ်ယံအရေပြား ထိခိုက်၊ရှနာ၊ဖူးရောင်၊သွေးထွက်ဒဏ်ရာတွေမှာ အဓိကအသုံးပြုနိုင်တယ်။ ခေါင်းကိုက်တဲ့အခါလည်း ရေအေးဝတ်ကို သုံးတယ်။ သွေးထွက်များတဲ့နေရာကို ရေခဲဝတ်ကပ်ရင် သွေးတိတ်စေတယ်။ soft tissue(မျက်စိ၊မျက်နှာ၊နှာခေါင်း၊အင်္ဂါစပ်)တွေမှာ ဖြစ်ရင် ရေအေးဝတ်ကိုသာ အသုံးပြုသင့်တယ်။ သတိပြုရမှာက လည်ပင်း၊နောက်ကျော၊ခါးနဲ့ လက်ပြင်နေရာတွေမှာ ရေအေးသုံးလေ့မရှိဘူး။သွေးလျှောက်နည်းသူ၊ခြေဖျားလက်ဖျားအေးစက်သူတွေမှာ ရေခဲကို ရှောင်ပေးသင့်တယ်။

ရေနွေးဝတ်ကပ်ခြင်း
ကြွက်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ အပူကို အသုံးပြုတယ်။ အလွယ်မှတ်ချင်ရင် "heat for muscle"တဲ့။ အပူကြောင့် သွေးကြောတွေဟာ ကျယ်လာပြီး သွေးလျှောက်ကောင်းလာတယ်။ ဒါ့ပြင် တင်းနေတဲ့ ကြွက်သားတွေဟာ အပူကြောင့် ပြေလျှော့လာပြီး နာကျင်ခြင်းကို သက်သာစေတယ်။ ဒါ့ကြောင့် အကြောတင်းတာ၊ထုံးတာဖြစ်တဲ့အခါ အပူကိုပဲ သုံးတယ်။ တချို့က ပရုတ်ဆီကို လိမ်းကြတယ်။အမှန်က အပူကိုသုံးပြီး ကြွက်သားတွေ အရင်ပြေလျှော့စေတဲ့သဘောပါ။ တင်းတာတွေ လျှော့လာတာနဲ့အမျှ နှိပ်ရတာ ပိုမိုလွယ်ကူလာတယ်။ နာကျင်ခြင်းဟာ တဖြည်းဖြည်း သက်သာလာတယ်။

အသုံးပြုပုံ
ရေနွေးထဲကို သန့်တဲ့အဝတ်စတခုစိမ်၊ပြီးရင် ရေညှစ်ပြီး အသုံးပြုနိုင်တယ်။  မြန်မာ့နည်းက ပုလင်းထဲကို ရေနွေးထည့်ပြီး အဝတ်စတခု ပတ်စည်းထားပြီး အသုံးပြုတယ်။ ဗိုက်နာ၊ဗိုက်အောင့်တဲ့အခါ  ရေနွေးအိတ်ကို အသုံးများတယ်။ ကုပ်ကျော၊ဇက်ကျော၊အုံးလွဲတဲ့အခါ ရေနွေးဝတ်က ပိုကောင်းတယ်။ ပိုးဝင်တာ၊ပြည်တည်နာတွေအတွက် ရေနွေးဝတ်က သင့်တော်တယ်။ အနာမြန်မြန်ပေါက်ချင်ရင် ရေနွေးဝတ်ကို အသုံးပြုတယ်။ chronic caseနာတာရှည်ရောဂါတွေမှာလည်း အပူသုံးပြီး ကုကြတယ်။

အပူနဲ့အအေး ရွေးချယ်ရာဝယ်
ထိခိုက်ဒဏ်ရာရတဲ့အခါ ဖြစ်တဲ့နေရာ၊ကြာတဲ့ အချိန်ပေါ်မူတည်ပြီး သုံးစွဲပုံမတူညီကြဘူး။ယေဘုယျအားဖြင့် extremities(မျက်နှာ၊ခြေ၊လက်)မှာ ဖြစ်ရင် ရေအေးဝတ်ကို အသုံးများကြတယ်။ body(လည်ပင်း၊ကျော၊ရင်ဘတ်၊ဗိုက်၊ခါး)မှာ ဖြစ်ရင် ရေနွေးဝတ်ကို သုံးစွဲတယ်။ ဒါ့ကြောင့် "cold extremities"နဲ့ "warm body"လို့ တွဲမှတ်ထားနိုင်တယ်။ ဒါ့ပြင် လတ်တလောဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေမှာ ရေခဲ(သို့)ရေခဲဝတ်ကို အသုံးပြုတယ်။ နာတာရှည်ဒဏ်ရာတွေမှာ အပူကို အသုံးများတယ်။ ဥပမာအားဖြင့် အားကစားသမားတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ အအေးနည်းနဲ့ အပူနည်းကို ပြောင်းလဲသုံးစွဲပေးရတယ်။ အရင်ဆုံးဖြစ်ကာစမှာ ရေအေးဝတ်တင်တယ်။ အအေးဓာတ်က အတွင်းပိုင်းထိပျံ့နှံ့ပြီး နာကျင်ခြင်းကို ယာယီသက်သာစေတယ်။ နာကျင်တာ သက်သာပြီးနောက်ပိုင်းမှာ အပူပေးပြီး တင်းနေတဲ့ကြွက်သားတွေကို ပြေလျှော့စေတယ်။ သီအိုရီအရ ထိခိုက်ဒဏ်ရာရခါစမှာ အအေးကပ်ပြီး ၄၈နာရီကျော်မှ အပူကပ်ပေးသင့်တယ်။ ဒါ့ကြောင့် acute ရုတ်တရက် ဖြစ်တဲ့အခါ ရေခဲကိုသာ အဓိကအသုံးပြုပြီး subacute နဲနဲကြာတဲ့အခါ အပူကို သုံးစွဲတယ်လို့ သိရှိရတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၈.၁၁.၁၃)

No comments:

Post a Comment