Monday, July 14, 2014

နည်းလမ်းတကျ ဆီးချိုချပါ

ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါ ဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်သူတွေမှာ ဆေးမပေးခင် lifestyle modification ခေါ်တဲ့ အနေအထိုင်၊အစားအသောက်နဲ့ အရင်ဆုံးထိန်းသိမ်းခိုင်းပါတယ်။ ဒါပေမယ့် လူနာအများစုအတွက်တော့ ဒီလိုထိန်းသိမ်းနေရတာကိုက အခက်ခဲဆုံးအပိုင်းဖြစ်နေပါတယ်။ ဆီးချိုဖြစ်သူအများစုဟာ အနေအထိုင်၊အစားအသောက် ပြောင်းလဲရမှာ ထက် ဆေးသောက်ဖို့ကို ပိုအားသန်နေတာတွေ့ရတယ်။ အနေအထိုင် ဆင်ခြင်ပါ။ အစားအသောက်ရှောင်ပါဆိုရင် ဘယ်သူကမှ စိတ်ဝင်တစား မလုပ်ချင်ကြပါဘူး။ ဆေးသောက်ဖို့ကိုသာ ပိုလိုလားကြတယ်။ ဆေးပေးဖို့ အတင်းပူဆာတတ်တယ်။ အကယ်၍ ဆေးသောက်ပြီးရင် ဘာလုပ်တယ် ထင်ပါသလဲ။ ငါတော့ ဆေးသောက်ပြီးပြီ။ လုပ်ချင်ရာ လုပ်လို့ရပြီ ယူဆကြပြန်တယ်။ အစားအသောက် မရှောင်ချင်ကြတော့ဘူး။ အနေအထိုင် မဆင်ခြင်ချင်ကြတော့ဘူး။ စားချင်သလိုစားပြီး ပြန်ခေါ်တဲ့အချိန်တော့ ဆေးခန်းလာပြပါတယ်။ တိုင်းကြည့်တဲ့အခါဂလူးကို့စ် မကျဘဲ အမြဲတက်နေတာ တွေ့ရတယ်။ ဒါကိုဆရာဝန်က
သတိမထားမိဘဲ နောက်ထပ်ဆေးတွေ ထပ်တင်နေရင် လူနာအတွက် ပိုဒုက္ခရောက်ရတယ်။ ဒီထဲမှာမှ ဆေးသေချာမသောက်တဲ့လူနာတွေကလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ 

လူတိုင်း အသက်ရှင်နေထိုင်ဖို့ စားသောက်ရမှာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်တွေကတော့ သူများနဲ့ မတူပဲ အစားအသောက်ကို ပိုဂရုစိုက်ရတယ်။ အာဟာရပြည့်ဝအောင် မျှတမှန်ကန်စွာ စားသုံးပေးရတယ်။ တသက်လုံး လိုက်နာပြီး စားသောက်နေထိုင်ရမှာ ဖြစ်လို့ မိမိစားသောက်တဲ့ပုံစံဟာလည်း သဘာဝကျဖို့ အရေးကြီးပါတယ်။ မှန်ကန်ရမယ်။အစားအသောက် တကယ်ရှောင်နိုင်သူ၊လေ့ကျင့်ခန်းလုပ်နိုင်သူတွေဟာ ဆေးသောက်ဖို့ မလိုအပ်ပဲ ဆီးချိုတကယ်ထိန်းနိုင်တာ တွေ့ရပါတယ်။ဒီဆောင်းပါးမှာ ဆီးချိုရောဂါသည်တိုင်းအတွက် အရေးကြီးဆုံးဖြစ်တဲ့ စားသောက်မှုပုံစံကို အဓိကထားပြောသွားမှာ ဖြစ်ပါတယ်။ 

ဆီးချိုသည်တွေ စားသောက်တဲ့အခါ အဓိကကျတဲ့ အခြေခံအချက်သုံးချက်ကို အရင်ဆုံး သိရှိသင့်ပါတယ်။
(၁)အာဟာရ ဓာတ် ပြည့်ဝတဲ့ အစားအစာမျိုး ဖြစ်ရမယ်။ 
(၂)ကယ်လိုရီနည်းတဲ့အစားအသောက်မျိုးကို ရွေးချယ်စားသုံးသင့်တယ်။
(၃)အဆီများတဲ့အစားအစာ(ပြည့်ဝဆီ)တွေကို လုံးဝရှောင်ကြဉ်သင့်တယ်။

မြန်မာလူမျိုးတွေဟာ တနေ့ကို ထမင်းသုံးနပ်စားကြပါတယ်။ ဆီးချိုရှိလို့ ဘယ်ဆရာဝန်ကမှတော့ ထမင်းတနပ် လျှော့မစားခိုင်းပါ။ ဒီလိုစားတဲ့အခါ လုံးဝ အစား ရှောင်ကြဉ်တာထက် အချိုးအဆနဲ့ တိုင်းတာထားတဲ့ပမာဏကို အချိန်မှန်စားသင့်တယ်။ အယူအဆမှားပြီး အလွန်အကျွံအစားရှောင်တာ၊အစာငတ်ခံတာမျိုးက အစာစားချင်စိတ် ပိုဖြစ်အောင် နှိုးဆွပေးတာ တွေ့ရတယ်။ တနည်းအားဖြင့်ပြောရရင် ကောက်ရိုးမီးလို အစားရှောင်တာမျိုးကို မလုပ်အပ်ဘူး။ဘာ့ကြောင့်လဲဆိုတော့ စားသောက်ချိန်မမှန်တာကလည်း သွေးတွင်းဂလူးကို့စ်ပမာဏကို ပြောင်းလဲစေလို့ ဖြစ်တယ်။

ဒီတော့ ဘယ်လိုအစားအစာမျိုးကို ရွေးချယ်စားမလဲ။ ပမာဏဘယ်လောက်ထိ စားနိုင်လဲ။ ဒါတွေသိဖို့ လိုအပ်လာပါတယ်။ လေ့လာမှုတွေအရ အဝလွန်သူဆီးချိုရောဂါသည်တွေဟာ တနေ့ကို ထမင်း အရွယ်တော်ပန်းကန်လုံး ၃ပန်းကန်လောက် လောက်စားပေးနိုင်တယ်။ သိပ်မဝရင် ဒီထက်ပိုစားနိုင်တယ်။ စားသောက်တဲ့အခါ ဂလူးကို့စ်အတက်မြန်တဲ့ အစားအစာ(နို့ဆီ၊သကြား၊ထန်းလျက်၊မလိုင်၊ချိုတဲ့သစ်သီး)တွေကို ရှောင်ရှားသင့်တယ်။ ဒီလိုအစားအစာမျိုးကို ဆီးချိုတက်နေတဲ့ အချိန်မှာ တတ်နိုင်သမျှ လုံးဝရှောင်ပါ။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ကစီဓာတ်အစားအစာတွေကိုတော့ အသင့်အတင့် စားသုံးနိုင်ပါတယ်။ ဆန်၊ဂျုံ၊ပြောင်း၊အားလူးစတာတွေဟာ နေ့စဉ်စားသုံးရတာဖြစ်လို့ လုံးဝရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။ ဆီးချိုရောဂါသည်တိုင်း အဓိကအားပြုပြီး စားသုံးသင့်တာက ဟင်းသီးဟင်းရွက်၊အမျှင်ဓာတ်များတဲ့အစားအစာတွေ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုကဲသင့်တာက အမျှင်ဓာတ်ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်နေသလို ခံစားရစေမယ်။ ဝမ်းမှန်စေမယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊အစေ့အဆန်စားပေးသင့်တယ်။ 

အမှန်တကယ် လျှော့စားရမှာက အဆီစားသုံးမှု ဖြစ်ပါတယ်။ နေ့စဉ်အဆီစားသုံးမှုကနေ ကယ်လိုရီ(စွမ်းအင်)တွေ ရရှိနေပါတယ်။ အဆီစားသုံးမှုဟာ နေ့စဉ်ကယ်လိုရီရဲ့ ၃၀ရာခိုင်နှုန်းထက် မပိုသင့်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဆီ တစ်ဂရမ်မှာ ၉-ကယ်လိုရီလောက် ပါဝင်နေလို့ ဖြစ်ပါတယ်။ အမှန်တကယ်ရှောင်သင့်တာက ကယ်လိုရီများတဲ့၊အဝလွန်စေတဲ့ ပြည့်ဝဆီတွေ ဖြစ်ပါတယ်။  ဖြစ်နိုင်ရင် ပြည့်ဝဆီစားသုံးမှုကို ၁၀ရာခိုင်နှုန်း အောက် လျှော့ချသင့်တယ်။ ပြည့်ဝဆီဆိုတာကို မြင်လွယ်အောင် ပြောရရင် အခန်းအပူချိန်မှာ ခဲနေတဲ့အဆီတွေဟာ ပြည့်ဝဆီတွေ ဖြစ်ကြတယ်။ ဝက်သား၊ဘဲသားအဆီ၊စားအုန်းဆီ၊ထောပတ်စတာတွေဟာ ပြည့်ဝဆီတွေ ဖြစ်ကြတယ်။ ဝက်သားကို ကြော်ပြီး ထွက်လာတဲ့ဆီဟာ ပြည့်ဝဆီဖြစ်တယ်။ ပြန်ကြော်ဆီတွေကလည်း လူတွေနဲ့ မသင့်တော်လှပါဘူး။ ဒါ့ကြောင့် ဆီးချိုသည်တွေအနေနဲ့ ထပ်ကာထပ်ကာ ကြော်ချက်ထားတဲ့ ဆီကြော်အစားအသောက်တွေကို ရှောင်ကြဉ်သင့်တယ်။ ဆီတွေထဲမှာ စားနိုင်တာက မြေပဲဆီ၊နှမ်းဆီ စတာတွေဖြစ်တယ်။ အိုမီဂါသရီး အဆီပါတဲ့ငါးတွေက သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးတယ်။ ဒါ့ကြောင့် တပတ်ကို နှစ်ကြိမ်လောက် ငါးအဆီစားပေးသင့်တယ်။ ထပ်ရှောင်ကြဉ်ရမှာက အငန်ဓာတ် ဖြစ်ပါတယ်။ တရက်ကို ဆိုဒီယမ် ၂.၃ဂရမ်ထက် ပိုမသားသင့်ဘူး။ အတိုင်းအတာနဲ့ ပြောရင် အိမ်သုံးဆား တဇွန်းထက် ပိုမစားသင့်ဘူး။    

ဆီးချိုရောဂါသည်တိုင်းဟာ အစွန်းနှစ်ဖက်နဲ့ လွတ်ကင်းအောင် နေရပါတယ်။ အစွန်းတဖက်က အစားအသောက် အလွန်အကျွံစားတာမျိုးကို ရှောင်ကြဉ်သင့်တယ်။ နောက်အစွန်းတဖက်က အစားအသောက်လုံးဝမစားဘဲ ရှောင်တာမျိုးကိုလည်း မပြုလုပ်အပ်ပါဘူး။အတွေ့အကြုံတခုကို ပြန်ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကထင်ပါတယ်။ ဆီးချိုရောဂါသည်တယောက် ချွေးတွေတအားထွက်၊သတိလစ်ချင်သလိုဖြစ်ပြီး ဆေးခန်းလာပြဖူးတယ်။ ဂလူးကို့စ်ကို ချက်ချင်းတိုင်းကြည့်တော့ ပုံမှန်အောက်အများကြီးကို ကျနေတယ်။ ပြန်မေးကြည့်တော့မှ ဆရာဝန်က အချိုပါတာ လုံးဝရှောင်ဆိုလို့ ထမင်းရှောင်တာ ၃နပ် မကတော့ဘူး ဆိုတာသိလိုက်ရတယ်။ ဒီကြားထဲ ဆီးချိုကျဆေးလည်း သောက်ထားပါသေးတယ်။ ဒါ့ကြောင့် အစား ရှောင်ခိုင်းတဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေဖက်ကလည်း လူနာလိုက်နာနိုင်အောင် လက်တွေ့ကျကျ ပြုပြင်ပေးသင့်ပါတယ်။ ဥပမာ အရက်သောက်တဲ့လူနာကို မနက်ဖြန်ကစပြီး လုံးဝမသောက်နဲ့ဆိုတာ မှန်ကန်တဲ့နည်းလမ်းမျိုး မဟုတ်ပါဘူး။ အချိုပါတာမျိုးကို လုံးဝရှောင်ခိုင်းတာထက် ဖြည်းဖြည်းချင်း လျှော့စားခိုင်းတာမျိုးက လက်တွေ့တရားနဲ့ ပိုမိုနီးစပ်တယ်။ 

ဆီးချိုရောဂါရှင်တွေမှာ အစားအသောက်အပြင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးနိုင်ရင် ပိုကောင်းတယ်။ ဘာ့ကြောင့်ပါလဲ။ လှုပ်ရှားမှုလုပ်တဲ့အခါတိုင်း စွမ်းအင်ရှိဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ လိုအပ်တဲ့ စွမ်းအင်ရရှိဖို့ ကြွက်သားတွေထဲမှာရှိတဲ့ ဂလူးကို့စ်တွေကို ချေဖျက် သုံးစွဲရတယ်။ လိုအပ်သေးရင် သွေးတွင်းမှာ ရှိတဲ့ ဂလူးကို့စ်ပမာဏကိုပါ ထုတ်ယူသုံးစွဲပါတယ်။ ဒါ့ကြောင့်  လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သွေးတွင်းဂလူးကို့စ်ပမာဏ တဖြည်းဖြည်း ကျဆင်းလာနိုင်တာ ဖြစ်တယ်။ နေ့စဉ် ပုံမှန် မိနစ်(၂၀)လောက် ပုံမှန် လေ့ကျင့်ခန်းလုပ်နိုင်သူတွေဟာ သွေးတွင်းသကြားဓာတ်ကို အမှန်တကယ်ကျဆင်းလာတာ တွေ့ရတယ်။ အချိန်မပေးနိုင်သူတွေမှာ တပတ်ကို နာရီဝက်လေ့ကျင့်ခန်း လုပ်တဲ့အခါ အလားတူအကျိုးသက်ရောက်မှုရှိတာ တွေ့ရတယ်။ ဒါ့ကြောင့် ဆေးမသောက်ပဲ ဆီးချိုထိန်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဘဝတလျှောက်လုံး အမြဲလိုက်နာဆင်ခြင်ရမှာဖြစ်လို့ အစားအသောက်၊အနေအထိုင်နဲ့ နည်းလမ်းတကျ ဆီးချိုချခြင်းမျိုးသာ လူနာတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၄.၇.၁၄)

No comments:

Post a Comment