Sunday, January 5, 2014

မျိုးဆက်သစ်တို့ ကျန်းမာဖို့

နှစ်သစ်မှာ အရေးကြီးဆုံးလို့ ယူဆထားတဲ့ကျန်းမာရေးပြဿနာက မျိုးဆက်သစ်လူငယ်တွေရဲ့ ကျန်းမာရေးဖြစ်ပါတယ်။ မျိုးဆက်သစ်ဆိုတာ အားလုံးအတွက် အနာဂတ်သစ်ပါ။ အနာဂတ်အတွက် မျိုးဆက်သစ်တို့ ကျန်းမာဖို့အရေးကြီးတယ်။ "ယနေ့လူငယ် နောင်ဝယ်လူကြီး"ဖြစ်မယ့် တိုင်းပြည်ရဲ့သားကောင်းရတနာတွေမှာ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့လိုလာတယ်။ အနာဂတ်ကောင်းအောင် ပြင်ဆင်စရာ၊ပြုပြင်စရာတွေကို ဝိုင်းဝန်းပြုပြင်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိချိန်မှာ ကုသနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကုသရခက်ခဲတဲ့ နာတာရှည်ရောဂါတွေကလည်း ခေါင်းခဲစရာ ကျန်းမာရေးပြဿနာ အဖြစ်တည်ရှိနေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတဲ့ တီဘီ၊အိတ်ခ်ျအိုင်ဗွီလိုကူးစက်ရောဂါတွေအပြင် အဝလွန်ရောဂါ၊သွေးတိုး၊ဆီးချို၊ကင်ဆာရောဂါလို အနေအထိုင်၊အပြုအမူကြောင့် ဖြစ်တဲ့နာတာရှည်ကျန်းမာရေးပြဿနာတွေကို စစ်မြေပြင်နှစ်ဖက်ခင်းပြီး ရင်ဆိုင်နေရပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေအပြင် လူငယ်တွေရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းတွေ ကျဆင်းလာတာ တွေ့ရပါတယ်။ စာရိတ္တ၊အတွေးအခေါ်အားနည်းလာကြတယ်။ ဖေ့စ်ဘွတ်သုံးတာ၊တီဗွီဂိမ်းနှိပ်တာ၊
ကိုရီးယားကားကြည့်တာတွေနဲ့ အချိန်ကုန်နေပြီး ကျန်းမာရေးအတွက် လုပ်ရှားမှုအားနည်းလာကြတယ်။ လှုပ်ရှားမှုနည်းပါးလာခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးပြဿနာတွေ ခံစားလာရတယ်။ မိမိကိုယ်ကို ယုံကြည်မှု လျှော့နည်းလာတယ်။ ပတ်ဝန်းကျင်ကို အဆိုးမြင်လာတယ်။ ပြုပြင်တယ်ဆိုတာမျိုးက အချိန်မှီပြုပြင်ဖို့လိုအပ်သလို ထိန်းမတ်ဖို့လည်းလိုအပ်တယ်။ ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာပြီး ကုသကြမလဲ အရေးကြီးလာပြီ။  မျိုးဆက်သစ်လူငယ်တွေရဲ့ ကျန်းမာရေးအရေးကြီးပြီလို့ ခံယူမိတယ်။ 

ရာစုနှစ်နဲ့အပြိုင် သီအိုရီတွေပြောင်း
ရာစုနှစ်တွေတဖြည်းဖြည်းကုန်ဆုံးလာသလို ကျန်းမာရေးယူဆချက်တွေ ပြောင်းလဲလာတယ်။ ၂၁ရာစုမှာ ကူးစက်ရောဂါတွေထက် နှလုံး၊သွေးတိုး၊ဆီးချို၊အဝလွန်ရောဂါလို မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေကို အရေးပေးပြောဆိုလာကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါ(non-communicable disease)အတွက် ၂၀၀၈-၂၀၁၃အတွင်း လမ်းပြမြေပုံတွေနဲ့ အကောင်အထည်ဖော်ခဲ့ကြတယ်။ သို့သော် အောင်မြင်မှုနည်းပါးခဲ့တာ တွေ့ရတယ်။ တွေ့ရတဲ့အချက်တွေကို လေ့လာကြည့်တဲ့အခါ အဓိကအတားအဆီးက ကျန်းမာရေးအသိပညာနည်းပါးမှု၊လိုက်နာဆောင်ရွက်မှုအားနည်းတာ တွေ့ရတယ်။ ဒါ့ပြင် ပတ်ဝန်းကျင်ရဲ့ အားပေးမှုတွေအရေးပါတာ တွေ့ရတယ်။ မိဘတွေရဲ့ လိုက်ပါဆောင်ရွက်မှု၊ ကျောင်းတွေရဲ့ ကျန်းမာရေးအားပေးမှု အားနည်းတာ တွေ့ရတယ်။ လက်ရှိချိန်မှာ ဆယ်ကျော်သက်တွေအတွက် အရေးကြီးကျန်းမာရေးပြဿနာတခုက အဝလွန်ရောဂါဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်မှာ ထွက်ခဲ့တဲ့ New England journal of medicine(NEJM)ရဲ့ အစီရင်ခံစာအရ ကလေးငယ်တွေရဲ့ အဝလွန်မှုပြဿနာဟာ နှစ်(၂၀)အတွင်း ၂ဆလောက်ထိ တက်လာတာတွေ့ရပါတယ်။ အသက် ၆နှစ် ၁၂နှစ်အတွင်း ကလေးငယ်တွေကိုလေ့လာကြည့်တဲ့အခါ ၁၉၈၀ဝန်းကျင်မှာ ၆.၅ရာခိုင်နှုန်း ရှိရာက ၂၀၀၆ခုနှစ်မှာ ၁၇ရာခိုင်နှုန်းထိ များလာတာကို တွေ့ရပါတယ်။ ဒါ့ပြင် ၁၂နှစ်မှ ၁၉နှစ်အတွင်း adolescentအရွယ် ဆယ်ကျော်သက်အရွယ်တွေရဲ့ အဝလွန်နှုန်းဟာ ၅ရာခိုင်နှုန်းမှ ၁၈ရာခိုင်နှုန်းထိ ကြောက်ခမန်းလိလိ တက်လာခဲ့တယ်။ ဒါဟာဘာကိုပြသလဲဆိုရင် နောင်မကြာမှီနှစ်များအတွင်း လူကြီးတွေဖြစ်လာမယ့်၊တိုင်းပြည်တာဝန်ထမ်းဆောင်မယ့် မျိုးဆက်သစ်လူငယ်တွေရဲ့ ကျန်းမာရေးပြဿနာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ အဝလွန်ခြင်းရဲ့နောက်မှာ သွေးတိုး၊ဆီးချို၊လေဖြတ်၊ကင်ဆာတို့လို ရောဂါဆိုးတွေက ကပ်ပါလာကြတယ်။ ဒီရောဂါတွေကြောင့် လူ့သက်တမ်းကို လေးပုံ တစ်ပုံလောက်ထိ လျှော့ကျသွားစေတာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်လာလဲဆိုတာ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားတယ်။ TVကြည့်တာ၊ကွန်ပျုတာနှိပ်တာ၊ဂိမ်းဆော့တာ၊သွားရည်စာ စားတာ၊ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေက အခြေခံအကြောင်းတရပ်အဖြစ် ပါဝင်နေတယ်လို့ ဖော်ပြထားတယ်။ သူတို့နိုင်ငံမှာ လူငယ်တွေရဲ့ ကျန်းမာရေးပြဿနာတွေကို အထူးအာရုံစိုက်ပြီး အဖြေထုတ်လာကြတယ်။ ကလေးငယ်တွေသာမက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ သီအိုရီတွေ စဉ်းစားလာကြတယ်။ ဒါ့ကြောင့် အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းအဖြစ် ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ စားသောက်၊နေထိုင်ပုံတွေကို ထည့်သွင်းလာကြတယ်။ ကလေးဘဝကတည်းက ကျန်းမာရေးအသိပေးတွေ ထည့်လာကြတယ်။ healthy programကို သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းအမှတ်ပေးလာကြတယ်။ ကျောင်းကျန်းမာရေးပညာပေးကို ကလေးအရွယ်ကတည်းက သင်ကြားလာကြတယ်။ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံအချက်တွေကို ထည့်သွင်းပြီး သင်ကြားပေးတယ်။ အစားအသောက်ကြောင့် အဓိကဖြစ်တဲ့ နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊လေဖြတ်ရောဂါ၊ အဝလွန်ရောဂါတွေအပြင် အနေအထိုင်ကြောင့် ဖြစ်တဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၊ ရန်ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာများ၊လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေအကြောင်း အသိပေးဖော်ပြလာကြတယ်။ ကျန်းမာရေး၊သက်လုံကောင်းဖို့ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ တရက်ကို တစ်နာရီစာ အားကစားလှုပ်ရှားမှုတွေ ထည့်သွင်းလာကြတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊သက်လုံကောင်းဖို့လိုအပ်တယ်ဆိုတာ မကြာခင်က ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းမှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ငယ်စဉ်က အခြေခံကောင်းဖို့၊ကျန်းမာဖွံ့ဖြိုးဖို့ health programတွေ လိုအပ်လာပြီ ထင်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေကိုယှဉ်ပြိုင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေး ကလေးအရွယ်က စတင်သင့်တယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်။ ကျန်းမာရေး၊ကြံ့ခိုင်ရေးအတွက် အနေအထိုင်၊အစားအသောက်က ပြုပြင်ပြောင်းလဲပေးနိုင်တာ ဂျပန်တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ တချိန်က ဂျပန်ငပုဆိုသူတွေဟာ သမိုင်းထဲမှာသာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်အတွက် မျိုးဆက်သစ်ကျန်းမာရေး အရေးကြီးဆုံးဖြစ်လို့ အလေးထားသင့်ပြီဖြစ်ပါကြောင်း။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၆.၁.၁၄)

No comments:

Post a Comment