Tuesday, November 13, 2012

ကြွက်တက်လာပြီဆိုရင်

        လူ့ခန္ဓာကိုယ်ကြွက်သားတွေဟာ အစဉ်အမြဲလှုပ်ရှားနေရတယ်။ နားနေတဲ့အချိန်မရှိ၊ လှုပ်ရှားနေတာပဲလား မေးစရာရှိပါတယ်။ တချို့ကြွက်သားတွေဟာ နားချိန်မရှိလောက်အောင် အစဉ်အမြဲ လှုပ်ရှားနေရတယ်။ သူတို့လှုပ်ရှားနေလို့ သာ အစဉ်ပြေပြေနေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နှလုံးကြွက်သားတွေဟာ အမြဲအလုပ်လုပ်နေရတယ်။ ခေတ်စကားနဲ့ပြောရရင် 24/7 တနေကုန် အလုပ်လုပ်နေရတယ်။ တစ်လလုံး၊ တစ်နှစ်ပတ်လုံး၊ တစ်သက်လုံးအလုပ်လုပ်ပြီး အသက်ရှင်ဖို့ မနားမနေကြိုးစားရရှာတယ်။ တခြားလူ့ခန္ဓာတွင်း အစိတ်အပိုင်းတွေ(အစာအိမ်နဲ့အူလမ်းကြောင်း၊ဆီးလမ်းကြောင်း ကြွက်သား) စတာတွေဟာလည်း သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ ထို့အတူ ခြေထောက်လှုပ်တာ၊ လက်လှုပ်တာ၊ လမ်းလျှောက်တာ၊ ထမင်စားတာကအစ ဝမ်းသွားတာအဆုံး
အားလုံးဟာ ဦးနှောက်ရဲ့စေခိုင်းချက်ကို muscle ခေါ်တဲ့ ကြွက်သားတွေက လိုက်လုပ်ပေးနေကြလို့သာ ဖြစ်ပါတယ်။ သို့သော် တခုကွာတာက ခြေထောက်ကြွက်သား၊လက်မောင်းကြွက်သား စတဲ့ ခန္ဓာကိုယ်ပြင်ပ ကြွက်သားတွေဟာ မြင်နိုင်သိနိုင်တဲ့အပြင် သိစိတ်ရဲ့ထိန်းချုပ်မှုအောက်မှာသာ လှုပ်ရှားကြတယ်။ ခန္ဓာကိုယ်တွင်းအဂါင်္ကြွက်သားတွေက သိစိတ်မဲ့ထိန်းချုပ်မှုနဲ့ လုပ်ဆောင်ကြတဲ့အတွက် သတိမမူမိကြဘူး။ ခန္ဓာကိုယ်ပြင်ပ ကြွက်သားတွေပုံမှန်မဟုတ်ပဲ သိစိတ်မဲ့ဖြစ်ပေါ်နေရင်တော့ သတိထားမိတတ်ကြပါတယ်။ ကြွက်သားဆိုတာမျိုးက အရေပြားအောက်၊ အရိုးရဲ့အထက်ဖက်မှာ တည်ရှိပါတယ်။ သူတို့လှုပ်ရှားဖို့ ဦးနှောက်ရဲ့စေစားမှုမှတဆင့် အာရုံကြောရဲ့ ကူညီမှုတွေလိုအပ်ပါတယ်။ ကြွက်သားတွေကို ယေဘုယျသုံးမျိုး ခွဲခြားထားပါတယ်။ skeletal muscle အရိုးစုလှုပ်ရှားမှုကြွက်သား၊ cardiac muscle နှလုံးကြွက်သား၊ smooth muscle ချောမွေ့ကြွက်သား၊ စသဖြင့် ခွဲခြားထားပါတယ်။ သုံးမျိုးမှာ skeletal muscle မှတပါး ကျန်ကြွက်သားတွေဟာ သူ့ဘာသာ သိစိတ်မဲ့လုပ်ဆောင်ကြပါတယ်။ ခန္ဓာကိုယ်မှာ လှုပ်ရှားမှု၊ ရွေ့ရှားမှုတခုဖြစ်ဖို့ အရိုးစုကြွက်သားတွေရဲ့ rhythmic စည်းချက်ကျကျ လုပ်ဆောင်မှုလိုအပ်ပါတယ်။ ခြေလှမ်းတစ်လှမ်း လှမ်းဖို့ ရှေ့မှာရှိတဲ့ကြွက်သားတွေ ကျုံ့ဖို့လိုအပ်သလို နောက်မှာရှိတဲ့ကြွက်သားတွေ ဆန့်ဖို့လိုအပ်ပါတယ်။ အလားတူ ခြေလှမ်းပြန်ရုတ်တဲ့အခါ စည်းချက်ကျကျ ဆန့်ဖို့၊ကွေးဖို့ လိုအပ်လာပါတယ်။ ဒီလိုကြွက်သားတွေရဲ့ အပေးယူမျှမျှ ကွေးကြ၊ဆန့်ကြသဘောမျိုးနဲ့ လူတွေဟာ လှုပ်ရှားသွားလာကြပါတယ်။တခါတရံ ပုံမှန်အကွေးအဆန့်လုပ်တဲ့ကြွက်သားတွေ ကျုံ့ပြီးပြန်မဆန့်နိုင်တဲ့အခါမျိုးမှာ တောင့်တင်းပြီး မလှုပ်ရှားနိုင်ဖြစ်ရပါတယ်။ လွယ်လွယ်ကူကူ muscle cramp ကြွက်တက်တယ် ပြောကြပါတယ်။ဖြစ်ချိန်သိပ်မကြာရင် muscle spasm အကြောကပ်တယ်၊ညပ်တယ် ဆိုတာမျိုးနဲ့ပြီးသွားတတ်ပေမယ့် အချိန်အနည်းငယ်ကြာရင် muscle cramp ကြွက်တတ်တာမျိုးဖြစ်လာပါပြီ။ ကြွက်တက်တဲ့အခါ ကြွက်သားတွေမခံမရပ်နိုင် နာကျင်ပြီး လှုပ်ရှားလို့ မရတော့ဘူး။ အမှန်က ကြွက်သားတွေ contraction ကျုံ့ပြီး ဆွဲညှစ်သလို ဖြစ်တာကြောင့် လှုပ်လို့မရတော့တာပါ။ အများအားဖြင့် မိနစ်ပိုင်းခန့် ကြာတတ်ပြီး တခါတရံနာရီနဲ့ချီပြီး နာကျင်တတ်တယ်။ ဘာဆေးမှမလိမ်း၊ ဘာမှမလုပ်ပဲထားလိုက်ရတောင် သူ့ဘာသာ သက်သာသွားတတ်တယ်။ 


ကြွက်တက်တာ ဘာကြောင့်မို့ဖြစ်သလဲ။
ဖြစ်စေတဲ့အကြောင်းရင်းကို အတိအကျမသိရပဲ သီအိုရီလောက်သာ ဖြစ်နိုင်ခြေကို မှန်းဆရတယ်။ 
-ခန္ဓာကိုယ်တွင်းဓာတ်ဆား မညီမျှမှု၊
-ကြွက်သားတွေ အားအင်ကုန်ခန်းလို့၊
-ရုတ်တရက်လှုပ်ရှားမှုများစေတာ၊ 
-အာရုံကြောရောဂါရှိလို့၊
-သွေးလုံလောက်စွာ မလျှောက်နိုင်လို့၊
-အစားအသောက်၊အနေအထိုင်မမှန်လို့၊
-နှလုံးရောဂါ အခံရှိသူတွေ၊
-ဆေးဝါးသုံးစွဲမှုရဲ့ ဘေးထွက်ဆိုးကျိုး၊
စသဖြင့် အမျိုးမျိုးဆိုကြပါတယ်။

ဘယ်သူတွေက ဖြစ်နိုင်ခြေများလဲ။
အသက်ကြီးတာနဲ့ ဖြစ်နိုင်ခြေပိုများ၊ ပိုဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေလဲ ဘာကြောင့်မှန်းမသိ ဖြစ်တတ်ကြတယ်။ကိုယ်ဝန်ဆောင်နောက်ပိုင်းမှာ အတွေ့ရများတယ်။နှလုံးရောဂါ၊အသည်းရောဂါ၊သွေးတွင်း သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါသည်တွေ အဖြစ်များတယ်။ သွေးလဲကုသရသူတွေမှာလည်း အဖြစ်များပါတယ်။အားကစားသမားတွေ၊ ပူပြင်းတဲ့နေရောင်အောက်မှာ အလုပ်လုပ်ရသူတွေ၊ချွေးထွက်လွန်းသူတွေကို ဖြစ်နိုင်ခြေများသူများအဖြစ် သတ်မှတ်ပါတယ်။ကြွက်တတ်ပြီဆိုတာနဲ့ အများဆုံးဖြစ်စေတဲ့နေရာက ခြေသလုံးကြွက်သားပါ။ ပေါင်ကြွက်သားနဲ့ ခြေထောက်ကြွက်သားတွေဟာလည်း အဖြစ်များတဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေမှာအဖြစ်များပေမယ့် အထက်ပိုင်းကြွက်သားတွေဟာ တော့အဖြစ်နည်းပါတယ်။လေ့လာမှုတခုအရ လူတယောက်ဟာ တကြိမ်မဟုတ် တကြိမ်တော့ ကြွက်တက်ကြဖူးမယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဆေးသုံးစွဲသူတွေလည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ကြွက်တက်တာမျိုး ခံစားရတတ်ပါတယ်။အဖြစ်များတဲ့ဆေးတွေက
-ပန်းနာရင်ကျပ်ပျောက်ဆေး(salbutamol,terbutaline)
-ဆီးဆေး(lasix)
-သွေးကျဆေး(nifedipine)
-အဆီကျဆေး(atorvastatin)
-penicillamine
-အမျိုးသမီး အရိုးပွရောဂါမှာသုံးတဲ့ raloxifene၊
စတာတွေဟာ ကြွက်တက်စေနိုင်ပါတယ်။ဒီထဲမှာ  ဆီးဆေး၊သွေးကျဆေး၊ပန်းနာရင်ကျပ်ပျောက်ဆေးတွေက အတော်အဖြစ်များတာ တွေ့ရပါတယ်။

ကြွက်တက်လာရင် ဘယ်လိုခံစားရလဲ။
ဖြစ်တဲ့နေရာက တောင့်တင်းပြီး မလှုပ်ရှားနိုင်ဖြစ်ရတယ်။ ကိုင်ကြည့်လိုက်ရင် သိသိသာသာမာကျောနေတာကို တွေ့ရပါတယ်။ ဖြစ်စမှာ မခံမရပ်နိုင်နာကျင်စေတယ်။ လှုပ်လေပိုဆိုးလေဆိုပေမယ့် လှုပ်လို့မရတာက များတယ်။ အများအားဖြင့် ဆယ်မိနစ်ခန့်အတွင်း သက်သာသွားတတ်တယ်။ တချို့နာရီပိုင်းထိကြာတတ်သလို အရှင်းမပျောက်သလို ခံစားရတာမျိုးလည်း ရှိတတ်ပါတယ်။အကြောကပ်တဲ့ပုံစံမျိုးနဲ့လည်း လာတတ်တယ်။ ခြေထောက်က ယာယီအသုံးမပြုနိုင်ပဲ သူများကိုကိုင်ပြီး ထော့နဲ့နဲ့ လာတာမျိုး ကြုံရဖူးတယ်။ ဖြစ်ပြီးရင် အများအားဖြင့် ပုံမှန်ပြန်ဖြစ်သွားတယ်။ 

ဖြစ်လာရင် ဘာလုပ်ပေးဖို့လိုသလဲ။
အများအားဖြင့် လုပ်စရာမလိုပဲ သူ့ဘာသာပြန်ကောင်းလာပါတယ်။စိတ်အေးအေးထားပါ။ သို့သော် ဖြစ်တဲ့အစိတ်အပိုင်းကို ပူနွေးအောင်လုပ်ပေးခြင်းက သက်သာတာကို မြန်ဆန်စေနိုင်ပါတယ်။ အလွယ်ကူဆုံးက ပူနွေးအောင်ပွတ်ပေးခိုင်းပါတယ်။ နောက်လုပ်သင့်တဲ့တချက်က ဖြစ်တဲ့နေရာက ကြွက်သားမျှင်တွေကို ဆန့်တန်းပါစေ။ ကြွက်တတ်တာဟာ ကြွက်သားမျှင်တွေတိုပြီး ကျုံ့သွားလို့ ဖြစ်စေတာကြောင့် ဖြည်းဖြည်းချင်း ဆန့်တန်းနိုင်အောင် ကြိုးစားပါ။ အလွယ်ကူဆုံးနည်းက ခြေသလုံးကြွက်တက်တဲ့အခါ ဖြစ်တဲ့ဘက်က ခြေမကို နောက်ချိုးပေးတာနဲ့ သက်သာတာ မြန်ဆန်လာစေပါတယ်။နောက်တချက်က ဖြစ်တဲ့ကြွက်သားကို အလုပ်ပေးဖို့ လုံးဝမကြိုးစားပါနဲ့။အနားယူခိုင်းပါ။ အရည်များများ သောက်ခိုင်းဖို့လိုအပ်ပါတယ်။ ရေထဲရောက်နေရင် ကုန်းပေါ်ရောက်အောင်၊ မှီခိုစရာနေရာတခု အမြန်ရှာပါ။တခါဖြစ်ဖူးရင် သတိထားဖို့လိုအပ်ပါတယ်။ကြွက်တက်တတ်သူတွေဟာ ရေကူးတဲ့အခါ အလွန်သတိထားပြီး ကူးရပါမယ်။အားကစားသမားတွေ၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်သူတွေ ကြွက်မတက်အောင် သေချာဂရုစိုက်သင့်တယ်။ရာသီဥတုအေးခြင်းကလည်း ကြွက်သားတွေကို ကျုံ့စေနိုင်လို့ သတိထားသင့်ပါတယ်။

ဘယ်လို ကုသကြသလဲ။
ချွေးထွက်လွန်ပြီး ကြွက်တက်တဲ့အခါမျိုးမှာ ဓာတ်ဆားရည် သောက်သုံးသင့်ပါတယ်။ သာမန်အားဖြင့် ဓာတ်ဆားရည်သောက်လို့တော့ ဆိုးကျိုးကြီးကြီးမားမား မရှိပါ။ ဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ဂလူးကို့စ် စတာတွေ ချို့တဲ့တာကြောင့် ဆိုရင် ပြန်ဖြည့်ရမယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကြွက်တက်တာအတွက် ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်ဓာတ်ကို  ဖြည့်စွက်ပေးသင့်တယ်။ဆရာဝန်က  ဖြည့်စွက်ဆေးတွေ ပေးလိမ့်မယ်။ဘယ်အရာမဆို ပိုလည်းမကောင်း၊ လိုလည်းမကောင်းတာကြောင့် ချိန်ဆပြီးသုံးစွဲကြရပါတယ်။ ချိန်ဆတဲ့အခါ ဆရာဝန်ရဲ့ အခန်းက  အရေးပါလာပြီ။ ဆရာဝန်က လိုအပ်သလို အကြံပေးခိုင်းစေမယ်။ ဆေးသောက်တာတခုတည်းတင်မက ဖြည့်စွက်စာ၊ဓာတ်စာ၊ရာသီစာတွေ စားဖို့အကြံပေးကောင်း ပေးမယ်။ကျန်းမာရေးဗဟုသုတရှိသူအချို့ဆိုရင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် ချို့တဲ့တာမျိုး သိနေပြီ။ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ အုန်းရည်၊ စပျစ်သီး၊လိမ္မော်သီးတွေ စားသောက်ဖို့ညွန်းတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နွားနို့၊ ချီးစ်၊ဒိန်ချဉ်၊ပင်လယ်စာ စားသုံးဖို့ အားပေးမယ်။သိပ်လိုအပ်တယ်ထင်ရင် quinine လိုဆေးမျိုးကို ဆရာဝန်က ညွှန်မယ်။ ငှက်ဖျားဖြစ်လို့သောက်ခိုင်းတာ မဟုတ်ပဲ ကြွက်တက်တာကို သက်သာစေဖို့ရည်ရွယ်ပါတယ်။quinine 300mg  ညစဉ် တစ်လုံးသောက်ခြင်းက ကြွက်တက်တာကို သက်သာစေပါတယ်။ တစ်လမှ သုံးလထိ လိုသလို ညွှန်ကြားမယ်။quinine ရဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သွေးဥမွှားနည်းစေတဲ့ ပြဿနာကြောင့် အမေရိကား FDA ကတော့ သုံးစွဲဖို့ မသင့်ဘူးဆိုပါတယ်။verapamil နဲ့ gabapentin ဆေးတွဲကို တချို့က သုံးစွဲကြပါတယ်။ burplex,cevit စတာတွေက ဘာဖြစ်ဖြစ်သုံးမယ်ဆိုတဲ့ ကျွန်တော်တို့လူမျိုးတွေအတွက် သက်စောင့်ဆေးဖြစ်လို့ သောက်လိုက သောက်သုံးနိုင်ပါတယ်။ ဂလူးကို့စ် ထိုးဆေး ထိုးပေးတာ၊ calcium gluconate ပူရှိန်းဆေးထိုးတာမျိုးတွေ လိုကောင်းလိုပါလိမ့်မယ်။ အာရုံကြောအားဆေး၊သွေးကြောချဲ့ဆေးအချို့ကလည်း ကြွက်တက်ခြင်းကို သက်သာစေတတ်ပါတယ်။

ကြွက်တက်ခြင်းအတွက် အကြံပေးချက်
-အေးရင်ကြွက်သားတွေ ကျုံ့လာတတ်တာကြောင့် နွေးနွေးထွေးထွေး နေသင့်တယ်။
-လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်းမှ ရှောင်ကြဉ်သင့်တယ်။
- လေ့ကျင့်ခန်းမစမှီ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ပါ။
-ကြွက်သားမျှင်တွေ ဆန့်စေပြီး အကြောလျှော့ပါ။
-လုံးဝ အားအင်ကုန်ခန်းသည်အထိ ကြွက်သားကို အလုပ်မပေးပါနဲ့။
-လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း တိုးပြီးလုပ်ဆောင်ပါ။
-ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆိုရင် တထိုင်တည်း မလုပ်ပါနဲ့။
-ချွေးထွက်ကာမိစေရန် ဓာတ်ဆားရေကို လုံလောက်စွာ သောက်သုံးသင့်တယ်။
-လေ့ကျင့်ခန်းပြီးတိုင်း ကြွက်သားကို ပုံမှန်ဆန့်တန်းပြီး အကြောလျှော့ပေးပါ။
-ညပိုင်းမှ ကြွက်တက်သူတွေ အိပ်တဲ့အခါ ခြေထောက်(သို့)ခြေရင်းကို မြှင့်ထားသင့်ပါတယ်။
-ကြွက်သားမျှင်တွေ ဆန့်တန်းစေတဲ့ လေ့ကျင့်ခန်းမျိုး တနေ့ သုံးကြိမ်ခန့် ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
-ဆေးလိမ်းတာ၊ဖြစ်တဲ့နေရာကို နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
-ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလျှော့တာ၊ ဖြတ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
-အသီးအရွက်စားပြီး ပုံမှန်လေ့ကျင့်ခန်းက ကြွက်တက်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal(9.11.12)


No comments:

Post a Comment