သမီးတို့ကရေဘေးသွားလှုမှာပါ အကျီင်္တွေတော့သူငယ်ချင်းတွေပေါင်းပြီးစုပြီးပါပြီဆရာ.
ဒါပေမယ့်ဆေးဝါးတွေလည်းယူသွားချင်ပါတယ် လှုချင်လို့ပါ.
ဆရာအပမ်းမကြီးဘူးဆိုရင်အသုံးများတဲ့ဆေးဝါး၊သူတို့လိုအပ်နိုင်တယ့်ဆေးဝါးတွေကိုယူသွားချင်ပါတယ်ဆရာ ဆရာ့အနေနဲ့ဘယ်ဆေးဝါးတွေဝယ်သင့်လဲ ဘာတွေဆောင်သွားသင့်လဲ တချက်အကြံပြုပေးပါလားဟင်.သမီးတို့ကသိပ်နားမလည်လို့ပါ
ဆရာအားရင်ဆက်ဆက်ပြန်ဖြေပေးပါနော်.
ဆရာ့ကိုအစဉ်လေးစားခင်မင်လျက်...
သဘာဝဘေးအန္တရာယ်ကြုံတိုင်း လူတွေမလွဲမသွေခံစားရတာက စားဝတ်နေရေးပြဿနာတွေပဲ။ နောက်ကဆက်လိုက်လာတာက ကျန်းမာရေးပြဿနာတွေပေါ့။ ရေဘေးမှမဟုတ်၊ တခြားဘယ်ကပ်ဘေးဆိုက်ဆိုက် ဒီအတိုင်းပဲ။ ဒါ့ကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲမှာ ကြက်ခြေနီဝန်ထမ်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေ အမြဲပါဝင်နေတာဖြစ်တယ်။
သဘာဝဘေးအန္တရာယ်နဲ့ကင်းဝေးတဲ့နိုင်ငံရယ်လို့ ဒီကမ္ဘာမှာ မရှိသေးပါ။ နည်းတာနဲ့ များတာပဲကွာတယ်။ ပျက်ဆီးဆုံးရှုံးမှုတွေကို မကာကွယ်နိုင်ပေမယ့် ဖြစ်လာပြီး ကယ်ဆယ်ရေးတွေ ခပ် မြန်မြန်လုပ်နိုင်ရင် နောက်ဆက်တွဲပြဿနာတွေက အရမ်းနည်းသွားတယ်။ တကယ်တော့ နောက်ဆက်တွဲက ပိုအရေးကြီးတာပါ။ သူက ဒုက္ခအပေးဆုံးပဲ။
လူတဦးတယောက်ဖြစ်စေ၊ နိုင်ငံတနိုင်ငံဖြစ်စေ ability ခေါ်တဲ့ လုပ်ဆောင်နိုင်စွမ်းမှာ ကန့်သတ်ချက်(limit)တွေ ကိုယ်စီ ရှိကြပါတယ်။ စွမ်းဆောင်ရည်တွေက တယောက်နဲ့တယောက် မတူကြပါ။ အရင်ဆုံးဒါကို လက်ခံဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့် limit ကို ကိုယ်သိဖို့နဲ့ နိုင်ငံအခြေအနေကို သိဖို့ပါ။ ကယ်ဆယ်ရေးက အရေးကြီးတယ်။ လိုအပ်ရင် နိုင်ငံခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းရမှာပေါ့။ ရှက်ဖို့မဟုတ်၊အိနြေ္ဒကြီးဖို့ မလိုပါ။
disaster ခေါ်တဲ့သဘာဝဘေးအန္တရောယ်တခုကျရောက်လာရင် ဘယ်လိုစီမံမယ်၊ ဘာတွေလုပ်သင့်လည်းဆိုတာ PSM မှာ သင်ကြားရခဲ့ဖူးတယ်။ သိပ်အထင်မကြီးနဲ့၊အပေါ်ယံလောက်ပါ။ ကြိုတင်ကာကွယ်ရေးတို့ ဆိုရှယ်ဆက်ဆံရေး ဆိုတာလည်း အဲဒီမှာ သီအိုရီအရသင်ခဲ့ဖူးတယ်။ ဆိုရှယ်လူမှုဆက်ဆံရေးနဲ့ပက်သက်လို့ လက်တွေ့ကျင့်သုံးဖြစ်တာတော့ ဆရာဝန်ဖြစ်ပြီးနောက်ပိုင်းနဲ့ စာတွေရေးဖြစ်ပြီးနောက်ပိုင်း ကာလတွေမှပါ။ ဆက်ဆံရေး အရေးကြီးတယ်ဆိုတာ ပိုနားလည်လာခဲ့တယ်။ ဆက်ဆံရေးသဘောက ရှောင်ပြေးတာထက်၊များများ ထိတွေ့လေ ကိုယ့်အတွက် အကျိုးရှိလေပဲ။ လိုအပ်ချက်တွေ သူတို့ခံစားချက်တွေကို ပိုနားလည်လာစေတယ်။ စကားပြောပျင်းလို့မရပါ။ များများပြောရင်တော့အမှားပါတတ်လို့ မပြောပဲနေရင် "အ" သွားတတ်တယ်။ စေတနာအမှား၊ ဝေဒနာအမှားလောက်တော့ လူထုကနားလည်ပြီးဖြစ်လို့ စိုးရိမ်ဖို့မလိုအပ်ပါ။
သဘာဝဘေးအန္တရာယ်တခုဖြစ်တိုင်း အရင်ဆုံးပေးတဲ့ပြဿနာက နေရေးထိုင်ရေး ၊စားရေးသောက်ရေးဖြစ်တယ်။ ဒါ့ကြောင့် ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေးဆိုတာတွေပေါ်လာတာပဲ။ သူတို့ရဲ့တာဝန်က နေရာထိုင်ခင်းစီစဉ်ပေးဖို့နဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ဖြစ်တယ်။ ဖြည့်ဆည်းတယ်ဆိုတာ လိုချင်တာတွေ ဖြည့်ဆည်းခိုင်းတာ မဟုတ်ဘူး၊ လိုအပ်မယ်ထင်တာကို စနစ်တကျ ဖြည့်ဆည်းပေးတာကို ခေါ်တယ်။အစားအသောက် မရှိဘူးလား အဆင်ပြေအောင် လုပ်ပေးမယ်၊ နေစရာမရှိဘူးလား ယာယီနေစရာဖြစ်အောင် စီစဉ်ပေးရမယ်။ အဝတ်အထည် မရှိဘူးလား စေတနာရှင်တွေဆီ ကောက်ခံပေးရမယ်။ လှုတာတွေကို စနစ်တကျ အချိုးကျဝေမျှပေးဖို့လည်း လိုတယ်။ အဲဒီအတွက် တပါးနိုင်ငံကလှုဒါန်းရင်လည်း လက်ခံရပါမယ်။ လှုဒါန်းပစ္စည်း စီးပွားရေးအမြင်နဲ့ အခွန်ကောက်ဖို့မလိုပါ။
အခွန်သဘောက စီးပွားရေးအရ အကျိုးအမြတ်တစုံတရာ ရလို့ နိုင်ငံတော်အတွက် ပြန်လည်မျှဝေပေးရတာကို ခေါ်ပါတယ်။ အဲလိုမျှဝေပေးတဲ့အတွက် နိုင်ငံတော်က လိုအပ်တဲ့အခါ ပြန်လည်ထောက်ပံ့ပေးနိုင်တာဖြစ်တယ်။ တနည်းအားဖြင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုတဲ့သဘောပါ။ ကိုယ်ကျိုးစီးပွားမပါတဲ့ အလှုတွေမှာ အကောက်ခွန်ကောက်ဖို့မလိုပါ။ ကောက်လည်းမကောက်သင့်ပါ။ တိုင်းပြည် အကျိုးမရှိ လှုဒါန်းသူတွေ စေတနာပျက်၊ နောက်ဆုံးထိချုက်နာမှာက ပြည်သူတွေပဲမဟုတ်လား။ ထားပါတော့၊ ပြောလေလမ်းချော်လေဖြစ်မှာမို့လို့ ဒီမှာတင်ရပ်ပါရစေ။
အလွယ်ပြောရရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ရေကြီးပြီး ရေလွှမ်းမိုးတဲ့ဒေသတွေမှာ ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေကို သတ်မှတ်လိုက်တော့ အကြမ်းဖျင်း နှစ်မျိုးပဲ တွေ့ရသတဲ့။ တခုက ရေကတဆင့်ကူးစက်တဲ့ရောဂါ( water-borne diseases) တွေဖြစ်တယ်။ နောက်တခုက ခြင်၊ယင်စတဲ့ အင်းဆက်ပိုးမွှားတွေက ကူးစက်တဲ့ vector-borne diseases တွေပဲ။
၁။water-borne diseases
ရေကတဆင့်ကူးစက်တယ်ဆိုပေမယ့် အစားအသောက်လည်း ထည့်သွင်းတွက်ချက်သင့်တယ်။ တိုက်ဖွိုက်ရောဂါ(typhoid)၊ ကာလဝမ်းရောဂါ(cholera) လက်တိုစပိုင်ရိုးဆစ်(leptospirosis) နဲ့ အသည်းရောင်အေရောဂါ(hepatitis A) တွေက အဖြစ်များတယ်။ သောက်သုံးရေ၊သုံးစွဲတဲ့ရေက သန့်ရှင်းနေရင် ဒီရောဂါတွေ အဖြစ်နည်းတယ်။ တိုက်ဖွိုက်ရောဂါ(typhoid)၊ ကာလဝမ်းရောဂါ(cholera) လက်တိုစပိုင်ရိုးဆစ်(leptospirosis)တွေက ဗက်တီးရီးယားပိုးကြောင့် ဖြစ်တယ်။ ပိုးသတ်ဆေးပေးရင် ကုလို့ရတယ်။ အသည်းရောင်အေရောဂါရောဂါက ဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်တယ်။ ဗိုင်းရပ်စ်မို့ ပိုးသတ်ဆေးပေးဖို့မလို ၊ စောင့်ကြည့်ရတယ်။ ခုခံအားတက်ရင် ပြန်ပျောက်သွားမယ်။ ဒါက ယေဘုယျကျုပြောတာ၊ ရောဂါတွေအကုန်လုံး တကယ်outbreak ဖြစ်လာပြီဆိုရင် ထိန်းဖို့မလွယ်ပါ။ ကာကွယ်ရေးက ကုသရေးထက် ပိုအရေးကြီးတာ ဒါ့ကြောင့်ပါ။
၂။vector-borne diseases
အင်းဆက်ပိုးမွှားတွေကနေကူးစက်တဲ့ရောဂါဖြစ်တယ်။ ရေကြီးရေလျှံဖြစ်တဲ့ဒေသတွေမှာ ခြင်၊ယင် စတာတွေ ပုံမှန်ထက် ပိုမိုပေါက်ဖွားလွယ်တယ်။ အဲဒီကဆင့်ကဲဖြစ်တဲ့ရောဂါတွေအဖြစ်များတယ်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးဆိုတာ ခြင်က ကူးစက်တာ မလား။ရေကြီးကာစမှာ ရေတိုက်စားကာစတွေမှာ ပေါက်ဖွားမှုမရှိပေမယ့် ရေကငြိမ်နေရင်တော့ ခြင်ပေါက်ဖွားမှု ပိုများလာပါတယ်။ ရေကြီးတဲ့ဒေသတွေမှာ ၆-၈ပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ရင် ငှက်ဖျား outbreak ဖြစ်လာနိုင်တယ်။ ဥပမာအားဖြင့် ကော်စတာရီကာမှာ ၁၉၉၁ ခုနှစ် ရေကြီးပြီးတော့ ငှက်ဖျားက တစခန်းထလာသတဲ့။ သွေးလွန်တုပ်ကွေးကလဲ ကြောက်စရာပါ။ ဒီခေတ် သွေးလွန်တုပ်ကွေးတွေက လူကြီး၊လူငယ်အရွယ်မရွေးတော့ပါ။တယောက်ဖြစ်ရင် ပတ်ဝန်းကျင်မှာ နောက်တယောက်ဖြစ်လို့ ရာခိုင်နှုန်းပိုများလာတယ်။ ဗိုင်းရပ်ကြောင့် ဖြစ်လို့ အဖျားအတက်အကျ ကြမ်းတယ်။အသေအပျောက် များတယ်။ သွေးလွန်တုပ်ကွေးမှာ ရေဓာတ်၊ဆားဓာတ် ပြန်လည်ဖြည့်ဆည်းပေးဖို့ အရေးကြီးတယ်။ ဖြစ်ပြီး တပတ်အတွင်း စောင့်ကြည့်ရတယ်။ ဒီကြားထဲ မိသားစုဝင်တွေပါ ဂရိုစိုက်ရတယ်။
(ဒီနေရာမှာ ကျန်းမာရေး ဆောင်းပါးမဟုတ်လို့ ကုသပုံအသေးစိတ်ကို မရေးတော့ပါ။ ကုသနည်းတွေကို ဘလော့ခ်စာမျက်နှာ drayeminhtoo.blogspot.com မှာ ဝင်ဖတ်လို့ရပါတယ်)
ရောဂါတွေလေ့လာပြီး သုံးသပ်ရရင် အောက်ပါဆေးဝါးတွေ လိုအပ်ပါတယ်။
၁။အဖျားကျဆေး(paracetamol, Brucet, ibumol, brupal, ubimol, diclofenac)
၂။ပိုးသတ်ဆေး(amoxycillin, ampiclox, ciprofloxacin, azithromycin, tetracycline, doxycycline, cefexim, metronidazole )
၃။ထိုးဆေး(diclofenac , gentamicin, NS , RL, DS , Glucose, burplex , vit C, tetanus toxoid)
၎။အအေးမိ၊ချောင်းဆိုး၊နှာစေးပျောက်ဆေး
၅။ငှက်ဖျားဆေး၊ ခြင်နိုင်ဆေး၊ အရေပြားလိမ်းဆေးအမျိုးမျိုး၊
၆။ဓာတ်ဆားထုပ်၊ အားဆေးအမျိုးမျိုး၊
၇။ရေသန့်ဆေးပြား(aquatab)၊ကလိုရင်းဆေးရည်၊
၈။ပတ်တီး၊ဂွမ်း၊အရက်ပြန်၊တိပ်၊လက်အိတ် စတာတွေယူသွားပါ။
(first aid kid တခုဆောင်သွားသင့်တယ်)
တခြားလိုအပ်နိုင်တာတွေ
၁။အဝတ်အထည် (အရှည်တွေက ရေဘေးပြည်သူတွေအတွက် ပိုအကျိုးရှိမယ်ထင်တယ်)
၂။စောင်၊ခြင်ထောင်၊ဂွမ်းကပ်၊ဂွမ်းစောင်
၃။ အစားအသောက်(ဆန်၊ဆီ၊ဆား၊အသင့်စား ခေါက်ဆွဲခြောက်)
၎။ဆေးဝါးအမျိုးမျိုး
ဘာတွေလှုမလဲ၊ ဘာတွေလိုအပ်မလဲ ကိုယ့်ဘာသာပြန်မေးကြည့်ပါ၊ ကိုယ်တနေ့လုပ်ဆောင်နေတာတွေက သူတို့အလိုအပ်ဆုံးဖြစ်နေမှာပေါ့၊ ဥပမာ အကျီဝတ်တဲ့အခါ၊ အစားအသောက်စားတဲ့အခါ၊ ရေသောက်တဲ့အခါ သတိရလိုက်ရင် သူတို့လည်း လိုမှာပဲလို့သိလိုက်ပါ။ မက်ဆေ့ခ်ျဘောက်မှာ ပရဟိတသမား တယောက်က သူသွားတုန်းက အခြေအနေကို ဒီလိုပြောပါတယ်။
"ဆရာရေ လောလောဆယ်တော့ စားရေးသောက်ရေးက သူတို့အလိုအပ်ဆုံးပဲဗျာတဲ့"
ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၁၀.၈.၁၅)
No comments:
Post a Comment