Monday, June 9, 2014

မှားနေတာလေးတွေ

ဆရာ့အနေနဲ့ စေတနာဆရာဝန်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်ပါသလဲ။ မြန်မာနိုင်ငံမှာ စေတနာ ဆရာဝန်ဆိုသူတွေ တကယ်ရှိပါသလား။ ကျွန်တော့ အမြင်မှာတော့ စေတနာဆရာဝန်တွေရှားပြီး အသပြာဆရာဝန်တွေ များလာသလို ခံစားရပါတယ်။ ဆရာ့အမြင်လေးကို တချက်ပြောပြပေးပါလား။


နိုင်ငံတိုင်းမှာ ဆရာဝန်ဆိုသူတွေ ရှိကြပါတယ်။ အလားတူ စေတနာထားသူ၊စေတနာမဲ့သူတွေလည်း ရှိကြတယ်။ ဆရာဝန်ဖြစ်လို့ အကုန်လုံးစေတနာရှိသူ ဆိုတာက တကယ့်လက်တွေ့အမှန်တရားကို ဘူးခံငြင်းပယ်ရာကျတယ်။ မြန်မာနိုင်ငံမှာ စေတနာဆရာဝန်တွေ တနေ့တခြား ရှားလာတယ်ဆိုတာလည်း လက်တွေ့မှာ မမှန်သေးဘူး။
ဒီနေရာမှာ အသပြာကို ခဏဘေးဖယ်ထားပေးပါ။ ကိုယ်လုပ်တဲ့လုပ်ရပ်တခုမှာ လူနာတွေပေါ် တကယ်ရိုးရိုးသားသားစေတနာထားပြီး အစွမ်းကုန်ကုသသူကို စေတနာဆရာဝန်လို့ပဲ သတ်မှတ်ချင်တယ်။ လူနာကုသတဲ့အခါ ဘယ်လောက်စေတနာထားလဲ။ ကိုယ့်လိပ်ပြာကိုယ်သန့်ရဲ့လား။ ဆေးကုတဲ့အခါ အကောင်းဆုံးမကုပဲ ဖြည်းဖြည်းချင်း မျှင်းကုတာဟာ စေတနာမရှိသူပေါ့။ 

ဒါပေမယ့် တခါတရံလူနာအတွက် လိုအပ်လို့ ပြန်ခေါ်ရ၊ပြန်ကြည့်ရတာမျိုးလည်း ရှိပါတယ်။ဥပမာ သွေးတိုးလူနာတယောက် ရောက်လာရင် နောက်တကြိမ်ပြန်ခေါ်၊ရောဂါအနေအထားပြန်ကြည့်ရတယ်။ လူနာပေါများအောင်မဟုတ်ပါ။ လူနာအတွက် တကယ်လိုအပ်လို့ဖြစ်ပါတယ်။ ဆေးဖြုတ်မလား၊တိုးမလား၊လျှော့မလား။နောက်တခါ ဆေးပေးတဲ့အခါ လူနာအတွက်သင့်တော်မယ့်ဆေးကို အကောင်းဆုံးရွေးချယ်ပေးနိုင်အောင် ဖြစ်ပါတယ်။ သွေးမကျသေးရင် လိုအပ်တဲ့ဆေးထပ်ပေးမယ်။ 

ဒီလိုဆို မေးစရာနောက်တခုက ဈေးကြီးတဲ့ ဆရာဝန်ဆီသွားမယ်။ ဈေးကြီးလို့ စေတနာမရှိဘူးလား။ ဥပမာတခုပြောပြပါမယ်။ ကျွန်တော်တို့ အင်္ကျီတထည်သွားဝယ်မယ်ဆိုကြပါစို့။ ဆိုင်တွေမှာ ရေးထားတတ်ကြတယ်။ "ပစ္စည်းကောင်းမှန်သမျှသည် ဈေးအပေါဆုံးပစ္စည်းများမဟုတ်ကြ" ဆိုတာမျိုးတွေ။ ပစ္စည်းကောင်းကောင်းလိုချင်ရင် ကွာလတီစိတ်ချရတဲ့ ပစ္စည်းဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့ဆေးတွေသုံးစွဲတဲ့အခါ ဘယ်ဆေးမျိုးကို သုံးတတ်လဲ။ ကွာလတီကောင်းတဲ့ဆေးသုံးရင် ဈေးလည်းပိုကြီးနိုင်တယ်။ ဆေးဖိုးဝါးခ သူများထက်ပိုများနိုင်တယ်။ ဒီလိုသူတွေက စေတနာမရှိတဲ့ဆရာဝန်အဖြစ် သတ်မှတ်မလား။ 

စေတနာဆရာဝန်ဆိုသူကို ဘယ်လိုအနက်အဓိပ္ပါယ်ဖွင့်မလဲဆိုရင် ကိုယ့်ယူဆချက်ပေါ်မူတည်ပါမယ်။ စေတနာဆိုတာ တိုင်းတာရခက်တယ်။ စေတနာဆရာဝန်ဆိုတာနဲ့ လူတိုင်းလေးစားအားကျရတယ်။ ဒါပေမယ့် အသပြာမပေးရတိုင်း စေတနာဆရာဝန်လို့လည်း သတ်မှတ်လို့မရပြန်ဘူး။ အခမဲ့ကုသဖို့ ဆေးဝါးတွေရရှိဖို့ ငွေရှိဖို့ လိုအပ်ပါတယ်။ ဒီငွေတွေကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ။  ဒီတော့ဈေးချိုအောင် တနည်းအားဖြင့် လူတွေပြောနေတဲ့ အသပြာဆရာဝန်မဖြစ်အောင် ဆေးတွေသုံးတဲ့အခါ ကွာလတီမကောင်းတဲ့ တရုတ်ပြည်ဖြစ် တပဲခြောက်ပြားဆေး သုံးကြမယ်။ ဆေးဖိုး ၅၀၀ပဲကျတယ်။လူနာကို ဆေးဖိုးဝါးခ ၁၀၀၀လောက်ပဲတောင်းတယ်။ ဒါမျိုးကို စေတနာဆရာဝန်ခေါ်မလား။ ဈေးပေါတိုင်းစေတနာရှိတာလည်း မဟုတ်ပြန်ဘူး။ဒါမှမဟုတ် လာသမျှလူနာ အခမဲ့ကုသမယ်။ စေတနာရှိသလောက်ပဲပေးပါ။ ဒီလိုဆရာဝန်တွေ ဘယ်လောက်ထိ ကုသပေးနိုင်မယ်ထင်ပါသလဲ။ 

လူ့လောကမှာ နေဖို့၊ထိုင်ဖို့ ဆေးဝယ်ဖို့အခမဲ့ကုသဖို့ ဆိုလည်း ဝင်ငွေလိုအပ်ပါတယ်။ ဒီအတွက် ဝင်ငွေတွေ ဘယ်ကရမလဲ။ ဆရာဝန်သည်လည်း လူဖြစ်လို့ သာမန်လူလို နေချင်၊ထိုင်ချင်တာ သဘာဝပါ။ သူများတွေလို စားချင်သောက်ချင်တယ်။ ဆရာဝန်လုပ်ပြီး သူဌေးဖြစ်သူတွေ တကယ့်ကို ရှားရှားပါးပါးပါ။ မရှိသလောက်ပါပဲ။ သူဌေးမဖြစ်နိုင်တဲ့ ပရော်ဖက်ရှင်နယ်လိုင်းတွေထဲမှာ ဆရာဝန်အလုပ်ကို ထည့်သွင်းရမှာပါ။ စားနိုင်၊သောက်နိုင်တာတော့ မှန်တယ်။ လူအထင်ကြီး၊လေးစားခံရတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တခြားလုပ်ငန်းတွေက ဆရာဝန်တွေထက် ဝင်ငွေတွေ ပိုကောင်းကြတယ်။ ဆရာဝန်တွေကို လေ့လာကြည့်ရင် နေ့စဉ် စာဖတ်ချိန်ချည်း ၄နာရီလောက်(လူ့ဘဝရဲ့ အချိန်၆ပုံတပုံ) လောက်ကို လူနာတွေအတွက် ပေးထားရတာ တွေ့ရလိမ့်မယ်။ မီးပြင်၊ဖုန်းပြင်တဲ့လူတွေကို လေး၊ငါးထောင်ပေးရတဲ့ခေတ်ထဲမှာ ဆရာဝန်တယောက်ကို သုံး၊လေးထောင်လောက်ပေးရတာ များလွန်းသလား စဉ်းစားကြည့်ပါ။ အရင်ခေတ်တွေက အလုပ်ရဖို့ ရပ်ကွက်ထောက်ခံချက်သွားယူရင် လက်မှတ်တချက်ထိုးရုံနဲ့ လေး၊ငါးထောင် ပေးခဲ့ရဖူးတယ်မဟုတ်လား။ 

လူထုလေးစားအထင်ကြီးတဲ့ ဆရာဝန်တယောက်ဖြစ်ဖို့ အနေအထိုင်၊လုပ်ဆောင်ချက်၊စေတနာက အရေးကြီးပါတယ်။ စေတနာဆိုတာ ရင်ထဲကလာရတယ်။ ဆေးကုတဲ့အခါ လူနာအပေါ်ဘယ်လောက်စေတနာထားလဲ။ကိုယ့်လိပ်ပြာကိုယ် အရင်လုံရတယ်။ အရေးကြီးတာက လူနာတွေအပေါ်ဘယ်လောက် စေတနာထား ကုသလဲပေါ်မူတည်ပါတယ်။ နောက်ဆုံးတော့ စေတနာဆရာဝန်ဆိုတဲ့ ဝေါဟာရကို  လူနာကိုယ်တိုင်ကပဲ ဆုံးဖြတ်ပါတယ်။ ကိုယ့်ဘာသာ နာမည်တပ်ချင်လို့မရဘူး။ လူနာတွေရဲ့သဘောက စေတနာရှိတယ်၊ကောင်းမယ်ထင်ရင် အဲဒီဆရာဝန်ဆီ သွားကုချင်တယ်။ ဈေးမပါ စိတ်ရင်းစေတနာနဲ့ဆုံးဖြတ်ကြတယ်။ အထူးကုတွေသွားပြတဲ့အခါ အချိန်နည်းပါးမှုကြောင့် တွေ့ချိန်၊မေးမြန်းချိန်နည်းပါးကြတယ်။ ဒီလိုပြောတိုင်း စေတနာမရှိဘူးရယ်လို့ ယတိပြတ်ပြောလို့တော့ မရသေးဘူး။ ဆရာဝန်သည်လည်း လူဖြစ်လို့ အတ္တနဲ့တော့ မကင်းနိုင်ပါဘူး။ ဘက်လိုက်တာ အနည်းအများရှိနိုင်တယ်။ ဆရာဝန်တွေဟာ သူရဲကောင်းအာဇာနည်တွေ မဟုတ်ကြဘူး။ ဆရာဝန်ဆိုသူတိုင်းဟာ နော်မန်ဗက်သွန်း မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလည်း မဟုတ်ပါဘူး။ အဆိုပါသူတွေဟာ လူသာမန်တို့ လုပ်နိုင်ခဲတာထက် ပိုလုပ်ပြနိုင်တဲ့ အာဇာနည်တွေ ဖြစ်ပါတယ်။ လူသားအကျိုးကို တခြားသူတွေ၊ဆရာဝန်တွေ လုပ်နိုင်တာထက် ပိုလုပ်နိုင်သူတွေလည်း ဖြစ်ကြတယ်။ တခေတ်တယောက်ပေါ်ဖို့ ခက်ခဲသူတွေလည်း ဖြစ်တယ်။ စေတနာဆရာဝန်တွေ မြန်မာနိုင်ငံမှာ မရှားသေးပါ။ စေတနာကို အသပြာနဲ့စက်ပြီး တိုင်းတာရင် အမှားကြီးမှားလိမ့်မယ်။ အာဇာနည် ဆရာဝန်တွေကတော့ ခေတ်တိုင်း၊နိုင်ငံတိုင်းမှာ ရှားပါးနေဆဲဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၉.၆.၁၄)

No comments:

Post a Comment