Thursday, October 18, 2012

နှင်းခူနာအတွက်ဆိုရင်



                    အရေပြားရောဂါတွေထဲမှာ လူကိုစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာလို့ခေါ်ကြတဲ့အရေပြားရောဂါ တမျိုးပါ။အဖြစ်များတဲ့နာတာရှည်ရောဂါတွေထဲမှာ တခုအပါအဝင်ပါ။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြသလို ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ ဘာ့ကြောင့်ဖြစ်မှန်း အတိအကျမသိတဲ့အတွက် မျိုးရိုးနဲ့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးကြတယ်။ နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာ filaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။  အရေပြားရောဂါမှာ  acuteရေတိုဖြစ်ရင် dermatitis အဖြစ်
သုံးစွဲကြပြီး chronic နာတာရှည်အတွက် eczema နှင်းခူအဖြစ် သုံးစွဲကြတယ်။ eczema ရဲ့ လူသိများတဲ့ နောက်နာမည်တမျိုးက atopic dermatitis ပါ။အမှန်က atopic dermatitis ဆိုတာ နှင်းခူနာ
အမျိုးအစားတွေထဲမှာ အဖြစ်များဆုံး အရေပြားရောဂါတမျိုးပါ။ တခြားဖြစ်တတ်တဲ့အမျိုးအစားတွေက contact dermatitis (ထိတွေ့မှုများရာက ဖြစ်တဲ့အရေပြားနာ)၊ seborrheic dermatitis (အဆီပြန်များရာက ဖြစ်တဲ့အရေပြားနာ)၊ venous eczema(သွေးကြောထုံး အရေပြားကွာရာက ဖြစ်တဲ့ အရေပြားနာ) အစရှိသဖြင့်   အများအပြား ရှိကြပါတယ်။ အမျိုးအမည်တွေကွာကြသလို ဖြစ်တဲ့နေရာ၊ ပုံပန်းသဏ္ဍာန် နဲ့ ရာသီဥတုပေါ်လိုက်ပြီး အမျိုးမျိုးကွဲပြားကြတယ်။ သို့သော် ဒီလိုအမျိုးအစားတွေကို ခွဲခြားပေးရမှာက ဆရာဝန်ရဲ့ တာဝန်သာဖြစ်လို့ ခေါင်းမရှုပ်စေချင်ပါ။ ရောဂါလက္ခဏာတွေကိုကြည့်ရင် ၁။ယားမယ် ၂။ရောင်မယ် ၃။အနီပြင်ထမယ် ၄။ခြောက်သွေ့ပြီး အရေပြားအချပ်လိုက် ကွာမယ် ၅။အရောင်ပြောင်းလဲမယ်

၅။သွေးယိုတာ၊ ပိုးဝင်တာ အမျိုးမျိုးဖြစ်နိုင်တယ်။ အဖြစ်များတဲ့နေရာတွေက ခေါင်းပိုင်းမှာ ဦးရေပြားစပ် နေရာတွေ၊ မျက်ခွံ မျက်ခုံး ပါးစပ် ၊ လည်ပင်း၊ အကွေးအဆန့်များတဲ့နေရာတွေဖြစ်တဲ့ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပေါင်ခြံ ၊ ဒူးခေါင်းဆစ်၊ခြေချင်းဝတ် တွေမှာ အဖြစ်များတယ်။ နှင်းခူဟာ ဓာတ်မတဲ့တဲ့ လူတွေ၊ ပန်းနာရင်ကျပ်မျိုးရိုးရှိသူတွေ၊ ဆွေးမျိုးနီးစပ်တော်သူတွေမှာ အဖြစ်များတယ်။ မျိုးရိုးလည်း လိုက်တတ်တယ်။ပန်းဝတ်မှုန်တွေ၊ ဆပ်ပြာမှုန့်တွေ၊ အစားအသောက်၊ အမွှေးနံ့သာတွေ ၊လက်ဝတ်ရတနာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မတဲ့သူက အမှန်တကယ် မတဲ့ပါဘူး။လူနာထဲမှာ သတ္တုဓာတ် မတဲ့လို့ လက်ဝတ်ရတနာ မဝတ်ရတဲ့ အမျိုးသမီးတယောက်ကို ဝမ်းနည်းစွာ တွေ့ခဲ့ဘူးတယ်။ သာမန်အချိန် ဘာမှမဖြစ်ပေမယ့် ချွေးထွက်ပြီဆိုတာနဲ့ ယားလာတော့တယ်။ ချွတ်လိုက်တဲ့အခါ ၁ရက် ၂ရက်နေပြီး သက်သာသွားတယ်။ တယောက်နဲ့တယောက် ဓာတ်မတဲ့တာတွေ တူညီမှာ မဟုတ်လို့ ကိုယ့်ဘာသာ သတိထားသင့်တယ်။ ကံဆိုတာ ကြိုတင်မသိနိုင်တဲ့အရာဖြစ်သလို  ကံကောင်းဖို့လည်း အရေးကြီးတာ ပိုမိုလက်ခံမိတယ်။ ကိုယ်မဖြစ်ချင်တာ ဖြစ်ရတဲ့ဘဝမှာ  ဖြစ်သမျှကို အကောင်းသတ်မှတ်ရမှာပဲ မဟုတ်လား။ နှင်းခူရဲ့သဘောက ပေါ်လိုက်ပျောက်လိုက်။ ဖြစ်ရင်ယား ၊ ယားတော့ကုပ် ၊အရေပြားလန်တာ၊ ပိုးဝင်တာတွေဆက်လာတတ်လို့ ဖြစ်ဖြစ်ချင်း ကုသတာပိုမိုသင့်တော်တယ်။ တချို့ contact dermatitisတွေမှာ chemical ဓာတုပစ္စည်းမတဲ့လို့ ဖြစ်တဲ့အခါ သူ့ဘာသာသက်သာ သွားတာမျိုးလည်း ရှိတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်လို့ ယတိပြတ်ပြောဖို့ တော့ မဖြစ်နိုင်ဘူး။ငယ်ရွယ်စဉ်ကတည်းက ဖြစ်ပွားသလို ကြီးတဲ့ထိလည်း ဆက်ဖြစ်တတ်တယ်။ ယေဘုယျအားဖြင့် ရောဂါရာဇဝင်မေးတာ မြန်းတာ အပြင် အရေပြားကို ကြည့်တာနဲ့တင် ပြောနိုင်ပါတယ်။ သို့သော် ဆေးပညာမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်ဆိုတာ မရှိဘူး။ ကုတ်ရင်း ပိုးဝင်တာ၊ အရေပြားလန်ပြီး အဖတ်ကွာတဲ့အခါ၊ အရေပြားပုံစံပျက်တဲ့အခါမျိုးမှာ ယတိပြတ်သေချာပါတယ် မပြောနိုင်တော့ဘူး။ တခါတရံ လူနာတွေက ရောဂါအဖြေရှာပေးတယ်။ ဓာတ်မတဲ့သူတွေအများစုမှာ နာတာရှည်အရေပြားရောဂါအတွက်ဆိုရင် နှင်းခူကို တစ်ပေးကြတယ်။ မဟုတ်မှ လွဲဆိုပေမယ့် ဟုတ်တာက များပါတယ်။ သို့သော် ဆရာဝန်အနေနဲ့ ဒါဖြစ်ဒါဆိုတာမျိုးတော့ လုပ်လို့မရပါ။ မသေချာရင် သွေးစစ်၊ အရေပြားစစ်လုပ်ပြီးတော့ တခြားရောဂါမဟုတ်ကြောင်း ဖယ်ထုတ်ရတယ်။ မသေချာတဲ့ရောဂါအတွက် သေချာအောင် တခြားနည်းတွေနဲ့ လှည့်ပတ်ပြီးလုပ်ကြရတယ်။ လူနာတွေအတွက်တော့ ကရိကထများစေပါတယ်။ လုံးဝပျောက်ကင်းအောင် မလုပ်နိုင်သေးတဲ့ ရောဂါတွေအတွက် ရောဂါလက္ခဏာသက်သာအောင်၊ လျော့ပါးအောင် လုပ်ဆောင်ပေးရပါတယ်။ ရောင်တာ၊ ယားတာသက်သာစေဖို့ အဓိကထားရတယ်။ပျောက်ပြီးနောက်ပြန်ပေါ်တတ်လို့ သတိထားဖို့ မှာကြားရတယ်။ ရောဂါ သက်သာစေဖို့အတွက် လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး စသည်ဖြင့် အခြေအနေပေါ်လိုက်ပြီး မျိုးစုံသုံးကြတယ်။ ရောဂါအပျော့ အပြင်းပေါ်လိုက်ပြီး ဆေးတွေကိုပေးကြပါတယ်။ အသုံးများဆုံးဆေးတွေကတော့ steroidစတီရွိုက်ဆေးတွေပါ။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ကို ရောဂါအခြေနေပေါ်မူတည်ပြီး ဆရာဝန်တွေက သုံးစွဲကြတယ်။စတီရွိုက်လိမ်းဆေးထဲမှာကို အပျော့၊ အပြင်း ခွဲခြားပြီး သုံးစွဲကြရတယ်။ steroid ကိုယ်နှိုက်က ခုခံအားကို ကျဆင်းစေလို့ ပဋိဇီဝဆေးတွေ၊မှိုပိုးသတ်ဆေးတွေကို တပါတည်းထည့်သွင်းအသုံးပြုကြတယ်။ ပြင်းထန်ပြီး ပိုးဝင်တဲ့ အနာတွေရှိတဲ့အခါ combined ရောထားပြီးဖြစ်တဲ့ ဈေးကွက်ဝင် လိမ်းဆေးတွေက ပိုမိုထိရောက်ပါတယ်။ ပိုဆိုးတဲ့ရောဂါတွေအတွက် သောက်ဆေး၊ ထပ်မံလိုအပ်ရင်ထိုးဆေးကို အသုံးပြုကြရတယ်။ သို့သော် စတီးရွိုက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်တွေ သတိထားသုံးစွဲကြတဲ့ ဆေးထဲမှာ ပါတယ်လို့ ဆိုနိုင်တယ်။ ယားတာ ယံတာအတွက် anti-histamine အုပ်စုဝင် ဖြစ်တဲ့ diphenhydramine , promethazine,hydroxyzine အစရှိသဖြင့် သုံးစွဲကြပါတယ်။ အိပ်စေနိုင်တဲ့သူ့ရဲ့ဘေးထွက်ဆိုးကျိုးဟာ ဒီနေရာမှာတော့ အသုံးဝင်လာတယ်။ ညပိုင်းမအိပ်နိုင်အောင်ယားယံသူတွေအတွက် အိပ်စေနိုင်တဲ့ antihistamine အုပ်စုဝင်တွေကို ပေးကြတယ်။tacrolimus နဲ့ pimecrolimusစတဲ့လိမ်းဆေးတွေကို FDA က အသိအမှတ်ပြုထားပြီးဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့် နောက်ဆုံးအဆင့်သုံးစွဲဖို့ အဆိုပြုထားတယ်။ ကင်ဆာရောဂါတွေမှာသုံးတဲ့ methotrexate,cyclosporine,azathioprine တွေကိုလဲ လိုအပ်သူတွေမှာ ပေးတတ်ကြပါတယ်။ နောက်ပိုင်းမှာ အပူစွမ်းအင် ၊အအေးစွမ်းအင်တို့က ဆေးပညာရပ်ထဲမှာ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်လာကြတယ်။ radiation ဓာတ်ကင်တာ၊ phototherapy အလင်းပေး ကုသတာ၊ freezing အေးခဲစေပြီး ဆဲလ်တွေကိုသေစေတာ စသဖြင့် သုံးစွဲလာကြတာတွေ့ရမှာဖြစ်ပါတယ်။ တချို့က နှင်းခူမှာ သာမန်အလင်းရောင် ပေးပြီးကုသကြတယ်။ အလင်းရောင်ထဲမှာမှ UVA ကို အသုံးပြုကြည့်တဲ့အခါ ကောင်းမွန်သလို ပိုမိုအကျိုးဖြစ်ထွန်းအောင် အလင်းရောင်ကို အသုံးပြုနိုင်စွမ်းရှိတဲ့ psoralen ဆေးတမျိုးကို လိမ်းချယ်စေပြီး အသုံးပြုကြပါတယ်။ နှင်းခူမှာ အဓိက အခရာကျတဲ့ ဆေးတမျိုးက emollient ခေါ်တဲ့ အစိုဓာတ်ထိန်းတဲ့ ဆေးမျိုးဖြစ်ပါတယ်။ နှင်းခူအရေပြားဟာ ခြောက်သွေ့ယားယံတာဖြစ်တဲ့အတွက် အစိုဓာတ်ထိန်းဖို့ အရေးကြီးဆုံးပါ။ အမြဲလိမ်းပေးတာ ကာကွယ်ရာရောက်တဲ့ပြင် အသားရေကို စိုပြေချောမွေ့စေပါတယ်။ ပိုမိုအာနိသင်ကောင်းစေဖို့ emollient glove ခေါ်တဲ့ အစိုဓာတ်ထိန်းလက်အိတ်တွေကို ညအိပ်ယာဝင်ချိန် ဝတ်ဆင်ကြပါတယ်။ အအေးပိုင်းဒေသတွေ၊ နိုင်ငံတွေမှာ အသုံးများပေမယ့် မြန်မာနိုင်ငံမှာတော့ သိပ်မတွေ့ရသေးပါ။ အရေပြားခြောက်သွေ့တာဟာ အအေးပိုင်းဒေသတွေမှာ အဖြစ်များဆုံးမလား။ ဒါကြောင့် အအေးပိုင်းဒေသတွေက လာတဲ့ cosmetic အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပြီးမှ သုံးစွဲတာ ပိုမိုသင့်တော်ပါတယ်။ ဆာလဖာလိမ်းဆေးတွေ၊ probiotic ဆေးတွေ အပြင် အပ်စိုက်ကုနည်းနဲ့ ကုသသူက ကုသကြတယ်။  ဓာတ်မတဲ့လို့ဖြစ်တဲ့ အရေပြားရောဂါတွေမှာ desensitisation ဓာတ်မတဲ့တာတွေနည်းနည်းစီပေးပြီး တဖြည်းဖြည်းချင်းဓာတ်တဲ့အောင် လုပ်တဲ့နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကရိကထများသလို အချိန်ကြာမြင့်ပြီး ပျောက်ချင်တဲ့အခါမှ ပျောက်တတ်တယ်။ ဆေးပညာဆောင်းပါးတွေရေးတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကိုပါ တပါတည်းထည့်ရေးပေးဖို့ ရှေးယခင်ဆရာကြီးများက မိန့်မှာဖူးတယ်။ နှင်းခူမှာ ဆောင်ရန်ထက် ရှောင်ရန်ကိုသာ အလေးပေးပြောပါတယ်။  

ရှောင်ကြဉ်သင့်သည့် အချက်များ
အဓိကကတော့ ကိုယ်နဲ့ ဓာတ်မတဲ့တာ သိဖို့ အရေးကြီးဆုံးပါ။
-အမှုန်အမွှား၊ဆေးလိပ်ငွေ့၊ ဓာတုဆေးရည်၊ ခြင်ဆေး၊dyeဆိုးဆေး၊ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ပျားဝတ်မှုန်တွေ၊ အမွှေးနံ့သာ၊ အစားအသောက် အမျိုးမျိုးဖြစ်နိုင်ပေမယ့် အကုန်ရှောင်ရမယ်တော့ မဟုတ်ပါ။ မတဲ့တာကိုသိမှ မတည့်သလိုရှောင်ကြဉ်နိုင်မှာပါ။ -အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊အခွံမာသီး၊ဂျုံ၊ပဲနို့စတာတွေက ပိုမိုဆိုးရွားစေလို့ရှောင်ကြဉ်သင့်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေဟာ အစားအသောက်နဲ့ ပိုမိုဆက်စပ်လို့ ဂရုပြုပေးသင့်တယ်။ 
-ရေကိုမကြာခဏချိုးတတ်သူတွေ၊ စိတ်ဖိစီးမှုများသူတွေ၊ ချွေးထွက်လွန်းသူ၊အသားအရေခြောက်သွေ့လွန်းသူတွေ အဖြစ်များတဲ့အုပ်စု ထဲမှာပါကြတယ်။
-ဓာတ်သဘောက ပန်းနာရင်ကျပ်နဲ့ ဆက်စပ်နေသလို allergic rhinitis တခုခုဖြစ်ပြီဆိုတာနဲ့ နှာရည်ယိုလိုက်ရမှ ဆိုတဲ့ လူတွေမှာ ပိုမိုအဖြစ်များလို့ တခြားလူတွေထက် သတိထားသင့်တယ်။ 
လိုက်နာသင့်သည့် အချက်များ
-အဓိကအားဖြင့် အရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ emollient cream၊ointmentလိမ်းဆေးတွေကို ပုံမှန်သုံးစွဲပေးခြင်းက ပိုမိုကောင်းမွန်ပါတယ်။
-antioxidant ခေါ်တဲ့ vit A,C,E ပါတဲ့ဆေးတွေ ၊cholecalciferol (vit D3) ၊biotinပါဝင်တဲ့ ဆေးတွေကို ကောင်းမွန်တယ်လို့ ပြောကြသလို တိတိကျကျ trial result တွေမရှိလို့ ငြင်းချင်သူလည်း မရှားပါဘူး။ 
-အသက်၉လ မပြည့်မှီ ကလေးငယ်ရဲ့ ဖြည့်စွက်စာထဲမှာ ငါးထည့်စားစေတာက နှင်းခူဖြစ်နှုန်းကို သိသိသာသာ လျော့ပါးစေတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ မိဘမျိုးရိုးရှိတဲ့ ကလေးမိဘတွေအတွက် သတိထားလိုက်နာသင့်တဲ့ အချက်ဖြစ်ပါလိမ့်မယ်။
-အေးတဲ့ရေချိုးခြင်းက နွေးတဲ့ရေထက် ပိုမိုသင့်တော်ပါတယ်။
-စိတ်ဖိစီးမှုလျော့ပါးအောင် တရားထိုင်တာ၊ယောဂကျင့်တာတွေက ရောဂါအတွက်သာမက  ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
(Health Care Journal: 19.10.12)





               

No comments:

Post a Comment