Monday, November 11, 2013

သကြားအစားထိုးပစ္စည်းတွေကြား ဘာကွာခြားလဲ

သကြားတစ်ဇွန်းမှာ အချိုဓာတ်အပြင် အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်တာကြောင့် အဆီပိုတွေစုပြီး ဝိတ်တက်နိုင်တယ်။ ဆီးချိုသမားတွေနဲ့ မသင့်တော်ဘူး။ သွားတွေ ပျက်ဆီးနိုင်တယ်။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၆၀နောက်ပိုင်းကစပြီး သကြားအစားထိုးဆိုတာတွေ ခေတ်စားလာတယ်။ သကြားအစားထိုးဆိုတာ သကြားလို အချိုဓာတ်ပါဝင်ပေမယ့် ကယ်လိုရီနည်းတာကြောင့် low calorie sweetenerလို့လည်း ခေါ်ကြတယ်။ artificial sweetenerလို့လည်း တမျိုးခေါ်နိုင်တယ်။

Saccharin
သကြားအစားထိုးပစ္စည်းတွေထဲမှာ အစောဆုံးသုံးစွဲတဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ ၁၈၇၈ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့တယ်။ ပထမကမ္ဘာစစ်လောက်ကတည်းက စတင်သုံးစွဲခဲ့ကြတယ်။ အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်တွေ မပါသလောက်နည်းပါးတယ်။ ပါးစပ်ပေါ်တင်ကြည့်ရင် ချိုတဲ့အရသာရှိပေမယ့် ပမာဏများရင် ခါးတဲ့အရသာမျိုး ကျန်ခဲ့တယ်။ သကြားထက် အဆ၃၀၀လောက် ပိုချိုတယ်။ ရေရှည်သုံးစွဲရင် စိတ်ချရလားဆိုတာကို ၁၉၇၇နောက်ပိုင်းကတည်းက မေးခွန်းထုတ်ခဲ့ကြတယ်။ဘာ့ကြောင့်လဲဆိုတော့ ဓာတ်ခွဲခန်းတွေမှာ ကြွက်တွေကို စမ်းသပ်ကြည့်တဲ့အခါ  ဆီးအိမ်ကင်ဆာ ဖြစ်နိုင်တာတွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ လူတွေမှာတော့ ကင်ဆာဖြစ်နိုင်တယ်လို့ သက်သေမပြနိုင်သေးဘူး။ အမေရိကား FDAကတော့ လက်ရှိချိန်ထိ စိတ်ချရတယ်လို့ အသိအမှန်ပြုထားဆဲ ဖြစ်ပါတယ်။ 

Aspartame
သဘာဝမဟုတ်တဲ့ artificial sweetenerတမျိုး ဖြစ်ပါတယ်။ ဈေးကွက်မှာ ရှိတဲ့ Equalတို့၊sucrolတို့ဆိုတာ aspartameပါဝင်တဲ့ သကြားအစားထိုးတွေ ဖြစ်ကြပါတယ်။ ပုံမှန်သကြားထက် အဆ၁၈၀ ပိုပြီးချိုတယ်။ သကြားအစားထိုးဆိုတဲ့အတိုင်း ချိုတဲ့အရသာရှိပေမယ့် ကယ်လိုရီနည်းပါးတယ်။ ပုံမှန်သကြားထက် ကယ်လိုရီ (၈)ဆ လောက် ပိုနည်းတယ်။ဒါ့ကြောင့် ဝိတ်ချချင်သူတွေ၊ဆီးချိုသမားတွေနဲ့ သင့်တော်တယ်။ ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်တွေထဲမှာ ထည့်သွင်းကြတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူတာ၊ခေါင်းကိုက်တာ၊စိတ်အာရုံမတည်ငြိမ်တာ ဖြစ်နိုင်တယ်။ ၁၉၆၅ခုနှစ်လောက်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ၁၉၈၁နောက်ပိုင်းမှ စားသောက်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခွင့်ပေးခဲ့တယ်။ တိရိစ္ဆာန်တွေကို ဓာတ်ခွဲခန်း လေ့လာမှုတွေအရ ပါဝင်တဲ့ aspartic acidနဲ့ phenylalanine ဓာတ်နှစ်မျိုးက ရေရှည်မှာ အာရုံကြောဆဲလ်တွေကို ထိခိုက်စေတယ်။ကြာလာတဲ့အခါ ဦးနှောက်အကျိတ်၊lymphomaလို ကင်ဆာရောဂါ ဖြစ်နိုင်တာတွေ့ရှိခဲ့တယ်။ လူတွေမှာ ဒီလိုပြောင်းလဲမှု ဖြစ်လာတာ မတွေ့ရသေးတာကြောင့် အမေရိကားFDAက တားမြစ်ထားခြင်းမရှိသေးဘူး။ သို့သော် ရေရှည်လေ့လာမှုမျိုး ဆက်လက်လုပ်ဆောင်ဖို့တော့ လိုအပ်နေဆဲပါ။ 

Sucralose
၁၉၇၆ခုနှစ်မှ စတွေ့ခဲ့တာကြောင့် သကြားအစားထိုးထဲမှာ နောက်ကျတယ်ပြောနိုင်ပါတယ်။ နောက်မှပေါက်တဲ့ ရွှေကြာပင်လို့ တင်စားရမလားပဲ။ "zero calorie"ကယ်လိုရီမရှိသလောက်နည်းပါးသလို သကြားလိုပဲ အရသာချိုတယ်။ ပုံမှန်သကြားထက် အဆ၆၀၀ပိုချိုတာ တွေ့ရတယ်။ အပူပေးရင်လည်း အချိုဓာတ်ပျက်ပြယ်ခြင်း မရှိဘူး။ ဒီအာနိသင်ကြောင့် မုန့်ဖုတ်ရာမှာ မပါမဖြစ်ပစ္စည်းတခုဖြစ်လာတယ်။ ပိုကောင်းတဲ့အချက်က တခြားအစားထိုးတွေလို ရေရှည်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မတွေ့ရသေးဘူး။ ဒါ့ကြောင့် စိတ်အချရဆုံး သကြားအစားထိုးအဖြစ် သတ်မှတ်ကြတယ်။ ၁၉၇၆ခုနှစ်ကတည်းက တွေ့ရှိခဲ့ပေမယ့် အမေရိကားFDAက ၁၉၉၈ ခုနှစ်လောက်မှာမှ အသိအမှတ်ပြုခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ၂၀၀၄ခုနှစ်မှ တရားဝင်သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။ နောက်ပိုင်းမှာ တခြားအစားထိုးတွေထက် sucraloseကို ပိုမိုသုံးစွဲလာကြတယ်။

သကြားအစားထိုးတွေကို ထုပ်ပိုးတဲ့အရောင်ကြည့်ပြီး ခွဲခြားနိုင်တယ်။ sucraloseကို အဝါရောင်ပုံစံထုပ်ပိုးပြီး saccharin ကိုတော့ ပန်းရောင်၊aspartameပါဝင်ရင် အပြာရောင်ပုံစံ ထုပ်ပိုးထားတယ်။ အဝလွန်သူ၊ဆီးချိုသမားတွေ အတွက် ကယ်လိုရီနည်းတဲ့ သကြားအစားထိုးတွေက အသုံးဝင်ပါတယ်။ သကြားအစားထိုးတွေဟာ သမားရိုးကျသကြားတွေထက် အမှန်တကယ် ဆိုးကျိုးပိုနည်းသလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၁.၁၁.၁၃)

No comments:

Post a Comment