Wednesday, October 29, 2014

Zoonotic disease တိရိစ္ဆာန် ကူးစက်ရောဂါ

ဆရာရှင့် အိမ်မွေးတိရစာန် မွေးထားရင် ထိတွေ့တာများရင် လူ၊ ကလေးမှာ ဘယ်လို ကျန်းမာရေးထိခိုက်မှု တွေဖြစ်နိုင် ပါသလဲရှင့်

တိရိစ္ဆာန်ကနေ ကူးစက်တဲ့ရောဂါကို zoonotic diseaseလို့ ခေါ်ပါတယ်။ ရောဂါတွေကတော့ အများကြီးပေါ့။ Lyme's disease, Brucellosis, toxoplasmosis, leptospirosis, plague, tularaemia, listeriosis စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။နောက်ပြီး ဒီကြားထဲ လတ်တလောခေတ်စားနေတဲ့ အီဘိုလာနဲ့ မားစ်ကိုလည်း ထည့်ဦးမှ ပြည့်စုံပါလိမ့်မယ်။ အခုကမ္ဘာမှာဖြစ်နေတဲ့ အီဘိုလာလိုမျိုး၊မားစ်လိုရောဂါတွေဟာ တိရိစ္ဆာန်တွေကနေ ဗိုင်းရပ်စ်ကူးစက်လို့ဖြစ်ရတယ်။ တချို့က အိမ်မွေးတိရိစ္ဆာန်တွေ မွေးတဲ့
ခြံပတ်ဝန်းကျင်မှာတောင် ကူးစက်နိုင်တယ်လို့ ဆိုတယ်။ အီဘိုလာဖြစ်ရင် သေနှုန်း ၈၀-၉၀ရာနှုန်းရှိတယ်။ 

တိရိစ္ဆာန်တွေက ကူးစက်တဲ့ရောဂါတွေဟာ တခုနဲ့တခု လက္ခဏာတွေ မတူကြသလို ကူးစက်ပုံလမ်းကြောင်းတွေလည်း မတူညီကြဘူး။ လူကြီး၊လူငယ် အသက်အရွယ်အရွေး ဖြစ်တာချင်းတော့ အတူတူပါပဲ။ ဒါပေမယ့် ကလေးသူငယ်တွေကတော့ ပိုဖြစ်နိုင်တယ်။ ဆိုးကျိုးဆိုတဲ့နေရာမှာတော့ အများကြီး ကွာခြားနိုင်တယ်။ ခုခံအားပေါ်မူတည်ပြီး ကျန်းမာရေးထိခိုက်မှုက သေးသေးလေးကနေစပြီး အသက်သေဆုံးသည်ထိ ဖြစ်နိုင်တယ်။ ဖျားတာ၊နာတာ၊အသားဝါတာ၊ခြေလက်ကိုက်ခဲတာ၊ပျို့အန်ချင်တာ၊ဓာတ်မတဲ့တာ၊အသက်ရှုမဝတာ၊မောတာ၊အားအင်ကုန်ခမ်းတာ၊ပန်းနာဆန်ဆန်လက္ခဏာ၊တုပ်ကွေးဆန်ဆန်ခံစားရတာတွေ ဖြစ်နိုင်တယ်။ ပိုဆိုးလာရင် ၊အသည်းရောင်၊အဆုတ်၊ကျောက်ကပ်ထိခိုက်တာ၊ဦးနှောက်ထိခိုက်တာ၊အကြောသေ၊ဦးနှောက်ပိုးဝင်၊သွေးဆိပ်တက်ပြီး သေဆုံးတတ်တယ်။ 

ဒါ့ကြောင့် လူတွေ တင်မက တိရိစ္ဆာန်တွေကိုပါ သတိထားသင့်တယ်။ မြန်မာနဲ့ အာဖရိက အဝေးကြီးဆိုပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်က ကမ္ဘာ့ရွာကြီး ဖြစ်နေတာမို့ ဘယ်နိုင်ငံမှ စိတ်မချရပါ။ စိတ်ဖြေစရာတခုက လက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်ခံရတဲ့ အထောက်အထားမတွေ့ရသေးတာပါ။ ဘုရားတရား ဂုဏ်ကျေးဇူးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ တွေ့ခဲ့ရင်တော့ ရတနာသုံးပါး ဦးထိပ်ထား အာရုံပြုရုံကလွဲလို့ ကျွန်တော်တို့ဆေးပညာရှင်တွေကို လောလောဆယ် အားကိုးလို့မရသေးတာ သေချာပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၆.၁၀.၁၄

No comments:

Post a Comment