Monday, January 19, 2015

မွေးကင်းစ အာဟာရ

မွေးကင်းစ အာဟာရက ကလေးငယ်ရဲ့ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် သက်ဦးကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကလေးသူငယ် အာဟာရကို ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ ခေတ်တွေစနစ်တွေပြောင်းလဲလာသလို ဆေးပညာ သီအိုရီတွေလည်း ပြောင်းလဲလာတယ်။ ဒီခေတ်ရောက်တော့ မိခင်နို့ရဲ့ အရေးပါပုံ၊အာဟာရဓာတ်ကြွယ်ဝပုံ တွေကို သိလာကြပြီ။ ဒါ့ကြောင့် ကလေးမွေးပြီး ပထမ(၆)လအတွင်း မိခင်နို့တမျိုးတည်းကို တိုက်ကျွေးဖို့ ပြောလာကြတာပါ။

မိခင်နို့အကြောင်းပြောရင် မွေးခါစထွက်လာတဲ့ နို့ဦးရည်ကြည်အကြောင်း ချန်ထားလို့မရဘူး။ နို့ဦးရည်ကြည်ကို colostrumလို့ ခေါ်ပါတယ်။ မိခင်နို့ဦးရည်ကြည်ဟာ ကလေးမမွေးခင် လပိုင်းအလိုလောက်ကတည်းက စတင်ဖြစ်ပေါ်လာတယ်။ ကလေးမွေးပြီးစမှာ ထွက်လာတဲ့ နို့ရည်ကြည်ဟာ (၂)ပတ်လောက် ကြာတတ်တယ်။နို့ရည်ကြည်ဆိုပေမယ့် သမားရိုးကျနို့တွေထက် ပိုပြစ်ပြီး ဝါတယ်။ လေ့လာမှုတွေအရ နို့ရည်ကြည်မှာ ခုခံအားကိုဖြစ်စေတဲ့ အင်တီဘော်ဒီတွေ များတယ်။ အထူးသဖြင့် IgA ကြွယ်ဝတယ်။ မိခင်ရဲ့ နို့ရည်ကြည်မှာ တန်ဖို့ရှိတဲ့ အင်တီဘော်ဒီ ပဋိပစ္စည်းတွေ အများကြီးပါလို့ တိုက်ကျွေးဖို့လိုတယ်။ ခပ်ပြစ်ပြစ် ခပ်ဝါဝါ နို့ရည်ကြည်ထွက်ပြီး ရက်ပိုင်းအတွင်း မိခင်နို့ရည်ထွက်လာတယ်။ နို့ဦးရည်ကြည်က ခုခံအားကို ဖြစ်စေပြီး မိခင်နို့ရည်ကတော့ ကြီးထွားမှုကို အားပေးတယ်။ ဒါ့ကြောင့် နို့ရည်ကြည်(colostrum)ကော၊နို့ရည်(breast milk)ကိုပါ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ 

ဒီဖက်ခေတ်မှာ လက်ခံလာတာက မိခင်နို့တမျိုးတည်းကို (၆)လ လောက် exclusive breast feeding သီးသန့်တိုက်ကျွေးဖို့ပါ။ အဆိုပါ (၆)လအတွင်း တခြားအစားအစာဆိုတာတွေ ဘာမှမကျွေးပါနဲ့။ နောက်ဆုံးရေတောင် မတိုက်နဲ့ ဆိုတဲ့ သဘောသက်ရောက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မိခင်နို့ထဲမှာကိုရေဓာတ် ၉၀ရာခိုင်နှုန်းမက ပါဝင်ပြီးဖြစ်လို့ပဲ။ နောက်တချက်က ရေသောက်များပြီး နို့သောက်နည်းမှာကို ကာကွယ်ဖို့လည်းဖြစ်တယ်။ သတ်မှတ်ချက် တိတိကျကျမရှိပေမယ့် တရက်(၈)ကြိမ်လောက် နို့တိုက်သင့်တယ်။ မိခင်တွေအနေနဲ့ ပါးစပ်လှုပ်တိုင်း၊ငိုတိုင်း နို့တိုက်ပါ။ တချို့က ရောဂါရှိရင်တောင် မိခင်နို့တိုက်သင့်တယ်ဆိုတဲ့ အယူအဆတွေ ထွက်ပေါ်လာတယ်။ ဒီနေရာမှာလည်း တယောက်နဲ့တယောက် အမြင်ချင်းတော့ မတူကြပါ။

နို့တိုက်တာ ကလေးအတွက်ကော မိဘအတွက်ပါ ကောင်းတယ်။ နံပါတ်တစ်က မိခင်နဲ့ ကလေးရဲ့ ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံမှုက မိခင်နို့တိုက်တဲ့အချိန်က အစပြုတယ်။ ဒါ့ကြောင့် မိခင်နို့ကြာကြာစို့ရသူတွေဟာ မိခင်အပေါ်တွယ်တာမှုလည်း သူများထက် ပိုပါတယ်။ နံပါတ်နှစ်က ဈေးသက်သာသွားတာပါ။ ဘယ်နာမည်ကြီးနို့မှုန့်တွေထက်မဆို မိခင်နို့က ဈေးလည်းသက်သာသလို ပိုကောင်းပါတယ်။ အာဟာရဓာတ်ကြွယ်ဝတယ်။ အထူးသဖြင့် ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝပြီး အဆီဓာတ်နည်းတယ်။ ကလေးတွေနဲ့တဲ့တယ်။ အာဟာရဖြစ်တယ်။ ဖွံ့ဖြိုးမှုမြန်တယ်။ ကြီးထွားလွယ်တယ်။ မှတ်ဥာဏ်ကောင်းတယ်။ အစာကြေလွယ်တယ်။ ဝမ်းမှန်တယ်။ ရောဂါဖြစ်ခဲတယ်။ ကောင်းတာက အူလမ်းကြောင်းကို ကာကွယ်ပေးလို့ ဝမ်းပျက်ဝမ်းလျှော အဖြစ်နည်းတယ်။ ဒါ့ကြောင့်ပဲ မိခင်နို့တမျိုးတည်းကို (၆)လအထိ တိုက်ဖို့ ပြောလာတာပါ။  

ဒါဆို မိခင်နို့မထွက်သူ၊နို့မတိုက်နိုင်သူတွေအတွက် ဘယ်လိုလုပ်သင့်လဲ။
အဲဒီအတွက် အလွယ်တကူ နို့မှုန့် ဖျော်တိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမိခင်တွေကို အကြံပေးချင်တာက မွေးပြီးသုံးပတ်အထိတော့ ဘာမှမတိုက်ကျွေးပဲ မိခင်နို့တမျိုးတည်းသာ တိုက်ကျွေးစေချင်တယ်။ သုံးပတ်နောက်ပိုင်းမှ နို့မှုန့်ကို ရေကျက်အေးနဲ့ ဖျော်ပြီး စတိုက်သင့်တယ်။ ကြးထဲမှာ မိခင်နို့ကို အလျဉ်းသင့်သလို တိုက်ပါ။ နို့မှုန့်ချည်း အသောက်များတဲ့ ကလေးတယောက်ဟာ မိခင်နို့ကို တိုက်ကျွေးရခက်ပါတယ်။ ဒါဟာ ကလေးနောင်ရေးအတွက်တော့ မကောင်းပါ။ ဘာ့ကြောင့်လည်းဆိုတဲ့ ကလေးတယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ဥာဏ်ရည်ဥာဏ်သွေးဟာ အသက်(၆)လအတွင်း တိုက်ကျွေးတဲ့ အာဟာရပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သတိပြုရမှာက နို့တိုက်တဲ့ မိခင်တွေအနေနဲ့ အစားမရှောင်ပဲ  အာဟာရဖြစ်တဲ့ အစားအစာတွေစားသင့်တယ်။ ပူတာ၊စပ်တာကလွဲရင် အခါး၊အချဉ်၊အဖန်၊အချို သင့်တင့်မျှတအောင် စားပါ။ အစားမရှောင်ပါနဲ့။ 

အသက်(၆)လကျော်တာနဲ့ ဖြည့်စွက်စာ ကျွေးရတယ်။ဖြည့်စွက်စာဆိုရင် ကလေးမမွေးဘူးသေးတဲ့ မိခင်လောင်းတွေက သိပ်နားမလည်ကြပါ။ ဖြည့်စွက်စာဆိုတာ ထမင်းရည်၊ဆန်ပြုတ်၊အာလူး၊ငှက်ပျောသီး၊သဘောင်္သီး၊ဟင်းရွက်၊အသည်း၊ ကြက်ဥ၊ဘဲဥ၊ငါး၊အသား၊ပဲဟင်းချို စတာတွေကို ခေါ်ပါတယ်။ နို့ဖြတ်ခါစမှာ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို အရင်ဆုံး ဖြည့်စွက်ကျွေးရတယ်။ ကျွေးစမှာ ဆန်ပြုတ်(သို့)ဆန်မှုန့်၊ပဲမှုန့်နဲ့ ဆီစတာတွေရောပြီး ကျိုချက်တိုက်ရတယ်။ သတိပြုရမှာက ဆန်ပြုတ်ကို လူကြီးသောက်တာထက် ပိုပျော့နေအောင် ကျိုချက်ပါ။ တနေ့ကို တကြိမ်မှ နှစ်ကြိမ်ထိ အကြမ်းပန်းကန်တခွက်စာလောက်ဝင်ရင် ရပါပြီ။ 

အသက်(၈)လ ကျော်တာနဲ့ကြက်ဥ၊ကြက်သား၊အသည်း၊ငါး၊ပဲအမျိုးမျိုးအပြင် အသီးအရွက်တွေပါ ထည့်သွင်းကျွေးသင့်တယ်။ပုံမှန် နို့တိုက်နေသူတွေကို တနေ့သုံးကြိမ် ပုံမှန်ကျွေးပါ။ နို့မတိုက်နိုင်ရင် တနေ့ငါးကြိမ်ထိ ကျွေးပေးသင့်တယ်။ရေများများတိုက်ပါ။ အသက် တနှစ်အရွယ်ကစပြီး မိသားစုအစားအစာခေါ်တဲ့ ထမင်းနဲ့ဟင်း စကျွေးလို့ရပါပြီ။ ဒါပေမယ့် ပူစပ်တာမျိုး၊ဆော့စ်အချဉ်တွေ၊အသင့်စားတွေကို မကျွေးသင့်သေးဘူး။ သွားမပေါက်သေးရင် အစားကို အရည်ဖျော်တိုက်ပါ။ 

ဖွံ့ဖြိုးမှုမြန်အောင် အားဆေးတမျိုးမျိုးထည့်တိုက်သင့်တယ်။ အားဆေးတွေထဲမှာ ကယ်လ်စီယမ်၊ဗီတာမင်ဒီ၊ဖော့စဖားရပ်နဲ့ သံဓာတ်တွေ လိုအပ်တယ်။ နွားနို့၊နို့ထွက်ပစ္စည်း များများတိုက်ပါ။ ဝမ်းမှန်အောင် ငှက်ပျောသီး၊သဘောင်္သီး များများကျွေးပါ။ အသက်တနှစ်အောက် ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးမှု၊ကြီးထွားမှုနဲ့ ကျန်းမာရေးဟာ အစားအသောက်အပေါ် အဓိကမူတည်လို့ အထူး ဂရုစိုက်သင့်တယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၉.၁.၁၅)

No comments:

Post a Comment