Monday, June 2, 2014

အွန်လိုင်းမိတ်ဆက်စာ

ဘလော့ခ်ယဉ်ကျေးမှု ဘယ်အချိန်ကတည်းက စတင်ခဲ့ပါသလဲ။  မြန်မာနိုင်ငံမှာတော့ ၂၀၀၈ခုနှစ်လောက်ကတည်းက ဘလော့ခ်တွေခေတ်စားလာတာ သတိထားမိခဲ့ပါတယ်။ အဲဒီအချိန်က ဘလော့ခ်ရေးသူဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ အခါမျိုးပါ။ စာရေးသူတွေ (တနည်း ဘလော့ခ်ရေးသားသူတွေ)ကို ကြည့်ပြီး အားကျခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း ဘလော့ခ်ပေါ်မှာ စာတွေ ရေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် အချိန်မပေးနိုင်လို့ မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် ဆေးပညာဆောင်းပါးတွေကို ကျန်းမာရေးဂျာနယ်၊မဂ္ဂဇင်းတွေမှာ အပတ်စဉ်၊လစဉ် ရေးသားခဲ့ပါတယ်။ စာရေးပြီး မကြာခင်မှာပဲ ကိုယ်ရေးထားသမျှတွေက အမှိုက်ထဲ၊ပိသာချိန်နဲ့ ရောင်းတဲ့ထဲ ပါသွားတာမြင်ရတော့ နှမြောမိပါတယ်။ 

အမှန်တော့ စာရေးတယ်ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ အချိန်ပေးရပါတယ်။ ဆောင်းပါးတပုဒ်ဖြစ်လာဖို့ အချိန်တွေ၊လူအား၊စိတ်အားအဖက်ဖက်က နှစ်မြုပ်ထားရတယ်။ စာမရေးခင် အရင်ဆုံးလေ့လာရတယ်။ ကိုယ်ရေးမယ့် အကြောင်းအရာ၊massage ဘယ်လိုပေးမလဲ စဉ်းစားရတယ်။ စာဖတ်သူစိတ်ဝင်စားအောင် ဘယ်အချက်တွေထည့်မလဲ။ သုတစာတွေရေးရတာ ရသစာတွေလောက် လူစိတ်ဝင်စားမှုမရှိပါဘူး။ လူကြိုက်နည်းတယ်။ တခါတရံ လူစိတ်ဝင်စားလာအောင် အတွေ့အကြုံတွေ၊အကြောင်းအရာလေးတွေပါ မျှဝေပေး၊ထည့်ရေးပေးရတာမျိုး ရှိပါတယ်။ ဒီလို အချိန်ပေးပြီး တွေးရ၊ရေးရ၊စာစီရတာဖြစ်လို့ ရေးထားသမျှအလဟဿ မဖြစ်စေချင်ဘူး။ ဒီအတွက် ဘယ်လိုလုပ်မလဲ။

အရင်ခေတ်က သမိုင်းကြောင်းတွေကို ပေထက်အက္ခရာတင်ခဲ့ကြလို့ နှောင်းလူတွေ သိရတယ်။ အခုခေတ်မှာ ခေတ်ရေစီးကြောင်းအရ ဘလော့ခ်(blog)တွေ၊ဝက်ဆိုက်(website) ဆိုတာတွေ ခေတ်စားလာတယ်။ ပေထက်မဟုတ်ပေမယ့် ကိုယ်ရေးသမျှ မပျောက်ပျက်ရအောင် ဘလော့ခ်ထက်မှာ အက္ခရာတင်လို့ရပါတယ်။ ဒီအချက်ကြောင့် ၂၀၁၂ခုနှစ် စက်တင်ဘာလထဲမှာ စာရေးသူရဲ့ ပထမဆုံးဘလော့ခ်ဖြစ်တဲ့ ဆေးပညာဆောင်းပါးဘလော့ခ်ကို www.drayeminhtoo.blogspot.com နာမည်နဲ့ ပထမဆုံး လုပ်ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးအကြောင်း သီးသန့်ရေးတဲ့ ဆိုက်တခုဆိုပါတော့။ကျန်းမာရေးအမေးအဖြေနဲ့ ဆေးပညာဆောင်းပါးလောက်သာ ပါဝင်တယ်။ အဲဒီဘလော့ခ်ကနေ အမေး၊အဖြေ ကဏ္ဍလေးတွေ တတ်သ၍၊မှတ်သ၍ တနိုင်ဖြေကြားခဲ့ပါတယ်။ သိပ်မကြာခင်ပဲ ဆေးဝါးအကြောင်း သိချင်သူ၊မေးမြန်းသူတွေ များလာခဲ့တော့ ဆေးဝါးအကြောင်း သီးသန့်ဖြစ်မယ့် ဘလော့ခ်တခု ထပ်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလထဲမှာ စာရေးသူရဲ့ ဒုတိယဘလော့ခ်ဖြစ်တဲ့ www.medicineworldforall.blogspot.com (ဆေးဝါးကမ္ဘာဘလော့ခ်) ကို ထပ်လုပ်ဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဆေးဝါးကမ္ဘာဘလော့ခ်က အရင်တင်ခဲ့တဲ့ ဆေးပညာဆောင်းပါး ဘလော့ခ်ထက် စာဖတ်သူပိုများလာတယ်။ အဲဒီဆိုက်ကပဲ စာရေးသူကို လူသိများအောင် လုပ်ပေးခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း ပထမဆုံး ဆေးဝါးအကြောင်း သီးသန့်ရေးသားဖော်ပြတဲ့ ဆိုက်တခု ဖြစ်လာပါတယ်။ ဆေးဝါးအကြောင်း သီးသန့်ဖော်ပြရုံမက အွန်လိုင်းမှာ အမေးများတဲ့ ဆေးဝါးတွေကိုလည်း တတ်အားသမျှ ဖော်ပြဖြစ်ခဲ့တယ်။ အချိန်ရသလောက် ပြန်ဖြေရတာ ဖြစ်လို့ မေးသမျှအားလုံးကို အလျဉ်မှီအောင် မဖြေနိုင်ခဲ့ပါဘူး။ အမေးများဆုံးနဲ့ အဖတ်များဆုံးဖြစ်တဲ့ ဆေးတွေကိုတော့ တတ်နိုင်သ၍ ရေးသားခဲ့ပါတယ်။ 

ဒီနှစ်(၂၀၁၄)ထဲရောက်တော့ မိတ်ဆွေတယောက်က အကြံပေးပြန်တယ်။ အင်္ဂလိပ်ဆေးတွေချည်း ဖတ်ရတာ ကောင်းပါတယ်။ သို့ပေမယ့် တချို့တွေက မြန်မာဆေးကိုသာ အသုံးပြုကြလို့ မြန်မာဆေးအကြောင်းကိုလည်း ဖတ်ချင်ပြန်သတဲ့။ တိုင်းရင်းဆေး(မြန်မာဆေး)အကြောင်း ရေးထားတဲ့ဆိုက် မရှိသေးလို့ ဘလော့ခ်တခု ထပ်ထောင်ပါဦးလို့ အကြံပေးပါတယ်။ အများသိတဲ့အတိုင်း စာရေးသူတို့ သင်ထားတဲ့ အနောက်တိုင်းဆေးထဲမှာ မြန်မာဆေးအကြောင်း မပါဝင်တာမို့ အဆင်မပြေလောက်ဘူး ငြင်းရပြန်တယ်။ မြန်မာဆေးတွေကို ရေးရလောက်၊ဝေဖန်လောက်အောင် ပညာရည် မရှိသေးပါဘူးလို့ အကျိုးကြောင်းသင့် ရှင်းပြရတယ်။ ဒါလည်းအဆိုပါပုဂ္ဂိုလ်က မကျေနပ်သေးဘူး။ နောက်တမျိုးထပ်အကြံပေးပြန်တယ်။ ဆေးဝါးကမ္ဘာ ဘလော့ခ်ဆိုပြီး အင်္ဂလိပ်ဆေးတမျိုးထဲဖတ်ရရင် မကောင်းပါဘူး။ မြန်မာဆေးကို အညွှန်းလောက်ဖြစ်ဖြစ်၊အသုံးဝင်ပုံလောက်ဖြစ်ဖြစ် ဖော်ပြပေးနိုင်ရင် အားလုံးလဲအကျိုးရှိ၊ တနေရာတည်း၊တစုတစည်းထဲဖတ်နိုင်တဲ့ ဘလော့ခ်တခုဖြစ်လာမှာပါလို့ ထောက်ပြပြန်တယ်။ သူပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ အင်္ဂလိပ်ဆေးသာမက တိုင်းရင်းဆေးကိုပါ ဗဟုသုတရနိုင်ရုံ ဖော်ပြနိုင်ရင် အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိတယ်။ အစကတည်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ဆေးဝါးတွေအကြောင်းကို တစုတစည်းထဲဖတ်နိုင်တဲ့ဆိုက်တခုရှိရင်ဖြင့် ပိုအဆင်ပြေနိုင်လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ ဆေးကြေငြာသဘော မဟုတ်ပဲ အများဗဟုသုတ ရနိုင်မယ့် ဆေးဝါးအသုံးပြုပုံ၊ဆေးဝါး အချက်အလက် စသည်ဖြင့် ဖော်ပြတဲ့ သဘောမျိုးဆိုရင် အကောင်းဆုံးဖြစ်ပါမယ်။ 

အဲဒီမှာ နောက်ပြဿနာတခု၊တွေးစရာတခုက ထပ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းဆေးတံဆိပ်ပေါင်းစုံ၊နာမည်ပေါင်းစုံနဲ့ ရှိကြတယ်။ အညွှန်းဖတ်ပြီးတော့ အကုန်လုံး တယောက်တည်း ထိုင်ရေးနေဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒီထဲမှာ တချို့ဆေးတွေဟာ တိုင်းရင်းဆေး မှတ်ပုံတင်ထားတဲ့ ဆေးတွေ၊ ထုတ်ဝေခွင့်ရထားတဲ့ ဆေးတွေလည်း မဟုတ်ကြဘူး။ ဒါပေမယ့် နည်းတခုတော့ စဉ်းစားမိတယ်။ သတင်းစာထဲမှာ ဒီအကြောင်း ကြေငြာတဲ့သဘော ဆောင်းပါးတပုဒ်ရေးမယ်။ ပြီးရင် စိတ်ဝင်စားတဲ့ ဆေးဝါးထုတ်လုပ်ရေးတွေအနေနဲ့ ကြေငြာသဘောမဟုတ်ပဲ တနိုင်သဘော မိမိတို့ဆေးဝါးအချက်အလက် (ပါဝင်တဲ့ဆေး၊အသုံးဝင်ပုံ၊အကျိုးပြုပုံ၊ဆေးညွှန်း)တွေကို အီးမေးလ်ကတဆင့် ရေးသားပေးပို့စေချင်ပါတယ်။ ဒါပေမယ့် ပေးပို့သမျှ ဆေးဝါးတွေအားလုံးကို ဖော်ပြပေးလို့လည်း မဖြစ်နိုင်ပါဘူး။ 

ဆေးဝါးကမ္ဘာမှာ ဖော်ပြမယ့် အရေးကြီးတဲ့ အခြေခံအချက်တွေကိုလည်း တခါတည်း သတ်မှတ်ထားပါမယ်။ တိုင်းရင်းဆေးတွေမှာ အင်္ဂလိပ်ဆေးဖော်ပြသလိုပဲ ဆေးရဲ့နာမည်၊အသုံးဝင်ပုံ၊အာနိသင်၊ဘေးထွက်ဆိုးကျိုး၊တိုင်းရင်းဆေး မှတ်ပုံတင်အမှတ် စတာတွေကို တိတိကျကျရေးသားဖော်ပြပေးရပါမယ်။ ဥပမာ fame ကထုတ်တဲ့ ဆေးအညွှန်းလိုပုံစံလောက်ဆိုရင် လက်ခံနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းပါလို့ ပြည့်စုံပြီး အဆင်ပြေပါတယ်။ အတူတွဲမသောက်သင့်တဲ့ဆေးတွေပါ ဖော်ပြနိုင်ရင် ပိုကောင်းဦးမယ်။ ပိုအရေးကြီးတဲ့အချက်က တိုင်းရင်းဆေး မှတ်ပုံတင်ရှိထားတဲ့ ဆေးဖြစ်ရမယ်။ တိုင်းရင်းဆေးမှတ်ပုံတင် ပါမလာတဲ့ဆေးတွေကို ဖော်ပြမပေးပါဘူး။  

ခေတ်အခြေအနေအရ လူတိုင်းနီးပါးက ဖုန်းကိုင်နိုင်၊အင်တာနက် သုံးနိုင်ပြီ ဖြစ်ပါတယ်။ အလားတူ ဆေးဝါးအကြောင်း၊ကျန်းမာရေးအကြောင်းကိုလည်း အင်တာနက်ကတဆင့် လေ့လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာဆေး၊အင်္ဂလိပ်ဆေးမျိုးစုံကို မြန်မာဘာသာနဲ့ အလွယ်တကူ တစုတစည်းထဲ ဖတ်နိုင်တဲ့ အွန်လိုင်းဆိုက်တခု ဖြစ်ပေါ်လာဖို့တော့  လိုအပ်နေဆဲ ဖြစ်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါ မိမိသောက်မယ့်ဆေးဝါး အချက်အလက်ကို အင်တာနက်ကတဆင့် အလွယ်တကူ ဖတ်ရှုနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဆိုပါကွပ်လပ်ကို ဖြည့်ဖို့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ၊စိတ်ဝင်စားသူတွေအနေနဲ့ ဆေးတွင်ပါဝင်သော အသုံးပြုပုံ၊အချက်အလက်၊ဆေးညွှန်းများကို အွန်လိုင်းမှတဆင့် ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါတယ်။ အသေးစိတ်ကို ထပ်မံသိရှိလိုပါက dr.ayeminhtoo@gmail.com သို့ အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါတယ်။ ပေးပို့လာတဲ့ တိုင်းရင်းဆေးဝါးများကို စည်းကမ်းချက်နဲ့အညီ ဆေးဝါးကမ္ဘာ ဘလော့ခ် လိပ်စာ (www.medicineworldforall.blogspot.com) မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးမှတ်ပုံတင်ထားသည့် မည်သည့်ဆေးကိုမဆို အွန်လိုင်းမှ ရေးသားပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂.၆.၁၄)

No comments:

Post a Comment