Monday, August 4, 2014

ထိခိုက်ဒဏ်ရာရတဲ့အခါ

လူတိုင်း အနည်းနဲ့အများဆိုသလို ထိခိုက်ဒဏ်ရာ ရဖူးကြပါတယ်။ ဒဏ်ရာတွေထဲမှာ ပွန်းပဲ့ဒဏ်ရာ၊ပြတ်ရှဒဏ်ရာ၊မီးလောင်ဒဏ်ရာစသည်ဖြင့် အမျိုးမျိုး ရှိတယ်။ ဖြစ်တဲ့နေရာ၊ဒဏ်ရာအကြီး၊အသေးပေါ်လိုက်ပြီး ပျောက်ကင်းချိန်တွေ မတူညီကြဘူး။ ယေဘုယျအားဖြင့် သာမန်ဒဏ်ရာအနာတခုဟာ ပျောက်ကင်းဖို့ ၂-၃ပတ်ထိ ကြာတတ်တယ်။ ဒဏ်ရာအများစုဟာ ကုသဖို့မလိုပဲသူ့ဘာသာပျေက်ကင်းနိုင်တယ်။  အကယ်၍ ဒဏ်ရာက အနာဖြစ်လာရင် သေချာဂရုစိုက်ပြီး ကုသပေးဖို့လိုအပ်တယ်။ ဖြစ်တဲ့အနာကိုဂရုမစိုက်မိရင် နောက်ဆက်တွဲပိုးဝင်တာ၊အနာရင်းပြီး ပြည်တည်နာ၊သွေးဆိပ်တက်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အိမ်မှာ ဘာဆက်လုပ်မလဲ။ ဒီဆောင်းပါးမှာ ဒဏ်ရာဆိုတာထက် အနာတခု ဖြစ်လာရင် ဘယ်လိုနေထိုင်ပြုမူမလဲ ဖော်ပြပေးပါမယ်။ 

၁။ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ရေနွေးနဲ့ သန့်စင်အောင် ၁၀မိနစ်ခန့် အရင်ဆေးကြောပါ။ drip lineချိတ်တဲ့ ဆလိုင်းပုလင်း(ဆားရည်)နဲ့လည်း ဆေးကြောနိုင်တယ်။ သန့်စင်တဲ့ ဂွမ်းကို ရွေးချယ်သုံးစွဲပါ။
၂။သွေးထွက်တဲ့နေရာကို သေချာဖိပါ။ ဒါမှမဟုတ် ရေခဲအိတ်တင်ပါ။သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရ သွေးထွက်အနာကို ဖိတဲ့အခါ 50mmHg ဖိအားလောက်သာ သုံးရပါတယ်။ သွေးလွတ်ကြောရောဂါအခံရှိလျင် 25mmHg ဖိအားလောက်သာ သုံပေးသင့်ပါတယ်။ 
၃။အမှိုက်သရိုက်များ၊ ပျက်ဆီးနေသော ဆဲလ်များ ရှိပါက ဖြတ်ထုတ်၊ဖယ်ရှားပါ။ ယေဘုယျအားဖြင့် ပျက်ဆီး၊ယိုယွင်းသော အနာများသည် နာကျင်ခြင်းမရှိသလို ဖြတ်တောက်သည့်အခါ သွေးမထွက်နိုင်ပါ။ အရေးကြီးဆုံးအချက်မှာ အနာကိုဆေးမလိမ်းမှီ၊ပတ်တီးမစီးမှီ သေချာသန့်စင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။
၎။အနာကို သန့်စင်ခြောက်သွေ့၍ ပိုးမွှားကင်းစင်တဲ့ အဝတ်တစ်ခုနဲ့ အုပ်ထားပေးပါ။ အဝတ်စထဲမှာ အောက်စီဂျင် ဝင်ရောက်လွယ်တဲ့ အသားမျိုးဟာ အနာကျက်ခြင်းကို ပိုမြန်စေနိုင်တယ်။ စုတ်ပြဲဒဏ်ရာ၊ပွန်းခြစ်ဒဏ်ရာတွေမှာ ဖယောင်းသုတ် ပိုးသတ်ထားတဲ့ အလွှာပါးတခု ကြားမှာခံပြီးမှ ပတ်တီးစည်းပေးသင့်တယ်။
၅။သီအိုရီအရ သန့်ရှင်းခြောက်သွေ့နေတဲ့အနာတခုမှာ ပိုးသတ်ဆေး၊ပိုးသေဆေးမျိုး သုံးဖို့မလိုအပ်ပါဘူး။ သို့သော် ထိခိုက်ဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာရတဲ့အခါ သေချာအောင် antiseptic solution ပိုးသေဆေးရည်တမျိုးမျိုး သုံးပေးတတ်ကြတယ်။ ဆေးဝါရည်၊ဘီတာဒိုင်းစသည်ဖြင့် သုံးနိုင်တယ်။ antisepticဆိုတာ သက်ရှိမျက်နှာပြင်မှာ ရှိတဲ့ ပိုးတွေကို သတ်ပေးတဲ့သဘောပါ။ antibiotic ပဋိဇီဝပိုးသတ်ဆေးနဲ့ မတူပါဘူး။ ပဋိဇီဝပိုးသတ်ဆေးဆိုတာ ဘက်တီးရီယားပိုးတွေကိုသာ သေစေနိုင်တယ်။ လေ့လာမှုအချို့က မလိုအပ်ပဲ antisepticတွေ အလွန်အကျွံ အသုံးပြုခြင်းကြောင့် အနာကျက်ခြင်းကို နှေးကွေးစေတယ် ဆိုပါတယ်။ ပိုးသတ်ဆေးရည်အာနိသင်ကြောင့် ပိုးမွှားတွေသာမက ဆဲလ်သစ်တွေကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တယ်။ဒါ့ပြင် အစိုဓာတ်များခြင်းကြောင့် အနာကျက်တဲ့ဖြစ်စဉ်ကို ပိုမိုကြာရှည်စေတယ်။
၆။ပြည်တည်အနာ၊မသန့်ရှင်းတဲ့အနာမျိုးမှာ ပဋိဇီဝပိုးသတ်ဆေးကို သောက်ပေးသင့်ပါတယ်။ ဆေးသောက်တဲ့အခါ ဆေးပမာဏ လုံလောက်အောင်သောက်ပေးသင့်သလို ဆေးပတ်လည်အောင် သောက်ပေးရပါတယ်။ အသုံးများတဲ့ဆေးတွေက Ampiclox(သို့)cephalexin(သို့)cephadroxil စတာတွေ ဖြစ်ပါတယ်။ အာနိသင်ကောင်းဖို့ တနေ့သုံးကြိမ် အစာမစားမီသောက်ပါ။ ဆေးသောက်တဲ့အခါ အနည်းဆုံး ၃-၅ရက်ထိ သောက်ပါ။ အနာက နာကျင်ကိုက်ခဲနေရင် paracetamol(သို့)ibuprofen လို အကိုက်အခဲပျောက်ဆေးမျိုး ထည့်သောက်ပေးနိုင်ပါတယ်။ 

အနာကျက်မြန်အောင်
၁။ဒဏ်ရာတခု ရတဲ့အခါ အနာကျက်မြန်ဖို့ အစားအသောက်ကလည်း အရေးကြီးတယ်။ ဆဲလ်သစ်တွေ ပြန်လည်အစားထိုးဖို့ ပရိုတင်းဓာတ်ကို နေ့စဉ် လုံလောက်အောင်စားသုံးသင့်ပါတယ်။ လိုအပ်တဲ့ ပရိုတင်းပမာဏကို ခန္ဓာကိုယ်အလေးချိန် 1g/kgနဲ့ တွက်ချက်စားသောက်ပါ။ ဥပမာ ၅၀ကီလိုဂရမ်ရှိတဲ့ လူတယောက်ဟာ ပရိုတင်းဓာတ် ၅၀ဂရမ် နေ့စဉ်လုံလောက်အောင် စားပေးရမှာ ဖြစ်ပါတယ်။ အလားတူ ကယ်လိုရီကိုလည်း 30calories/kgတွက်ချက်ပြီး လုံလောက်အောင် စားသုံးပေးရတယ်။ 
၂။အနာကျက်မြန်ဖို့ လိုအပ်တဲ့ဓာတ်တမျိုးက ဗီတာမင်အေ ဖြစ်တယ်။ ခုခံအားအတွက်သာမက ဆဲလ်မျက်နှာပြင်တွေ ပြုပြင်၊ကြီးထွားဖို့ ဗီတာမင်အေ လိုအပ်ပါတယ်။ အသားအရည်အတွက်လည်း ဗီတာမင်အေ ကြွယ်ဝတဲ့အစားစာတွေ နေ့စဉ်စားပေးပါ။ ခါကြက်ဥ၊ခရမ်းချဉ်သီး၊အာလူး၊ဟင်းနုနွယ်၊အမဲသား၊ငါး၊နို့၊ကြက်ဥ၊အသည်း၊ကိုက်လံ၊အစိမ်းရာင်၊အဝါရောင်အသီးအရွက် တွေကနေ အဓိက ရရှိပါတယ်။ 
၃။အရေပြားတည်ဆောက်ဖို့ ကိုလာဂျင်ဓာတ်က အရေးပါတယ်။ ကိုလာဂျင်ဓာတ်ဖြည့်တင်းဖို့ ဗီတာမင်စီပါဝင်တဲ့ အစားအသောက်တွေ စားပေးသင့်တယ်။ ရောင်ရမ်းခြင်းကိုသာမက အနာကျက်ခြင်းကိုပါ မြန်ဆန်စေတယ်။ ဆီးဖြူ၊သံပုရာ၊ရှောက်သီး၊ဂရိပ်ဖရု၊ဘယ်ရီသီး၊ပန်းဂေါ်ဖီ၊ဟင်းနုနွယ်၊ဂေါ်ဖီထုပ်တွေဟာ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေ ဖြစ်ကြတယ်။ သောက်ဆေးလည်း သောက်နိုင်တယ်။
၎။ဗီတာမင်အီးကလည်း အနာကျက်မြန်ဖို့ အထောက်အကူပြုပေးတယ်။ ဆဲလ်မျက်နှာပြင်လွှာကို ကာကွယ်ပေးပြီး အမာရွတ်ဖြစ်ပေါ်ခြင်းကို လျှော့နည်းစေတယ်။ အသားအရည်ကို စိုပြေလှပစေတယ်။ နေကြာ၊နှမ်း၊မုန့်ညှင်း၊ငါးအဆီတွေကနေ ဗီတာမင်အီးကိုအဓိက ရရှိတယ်။ 
၅။ဇင့်(သွပ်)ဓာတ်က အနာကျက်မြန်စေတဲ့ အာနိသင်ရှိတယ်။ ဆဲလ်ကွဲပွားခြင်းအတွက် အရေးပါတဲ့ DNA polymerase အင်ဇိုင်းအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အင်ဇိုင်းအမျိုးပေါင်း ၂၀၀ကျော်အတွက် လိုအပ်ပါတယ်။ သွေးဖြူဥကထွက်ပေါ်လာတဲ့ စူပါအောက်ဆိုဒ် ဓာတ်ပေါင်းတွေကို ရှင်းလင်းဖယ်ရှားပေးတယ်။ ပဲ၊အစေ့အဆံ၊အခွံမာသီး၊ဂျုံ၊ငါး၊နီတဲ့အသား၊အသည်း၊နို့၊ကြက်ဥ၊ပဲနို့၊ဥမြစ်၊ပဲတောင့်ရှည်စတဲ့ အစားအစာတွေက ရရှိတယ်။ 

သတိပြုရမှာက အနာကို လက်နဲ့ကိုင်တွယ်တာ၊ရေနဲ့ မကြာခဏဆေးတာမျိုး ရှောင်သင့်တယ်။ ညှော်နံ့ခံတာမျိုး တတ်နိုင်သမျှရှောင်ပါ။ ရေသောက်မနည်းစေနဲ့။ ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်တွေက အက်ဆစ်ဓာတ်များပြီး အနာကျက်ခြင်းကို နှေးကွေးစေတယ်။ ဖြစ်တဲ့ဒဏ်ရာကို သိပ်အနားမပေးဘဲ နည်းနည်းစီ လှုပ်ရှားပေးပါ။ သွေးလျှောက်အားများလေ အနာကျက်မြန်လေဖြစ်တယ်။ အထက်ပါအချက်တွေဟာ အနာကျက်ချိန်ကို ပုံမှန်ထက် ပိုမြန်စေနိုင်သလို ၁-၂ပတ်အတွင်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ စာဖတ်သူအားလုံး ထိခိုက်ဒဏ်ရာနဲ့ အနာရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးကြပါစေ။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၄.၈.၁၄)

No comments:

Post a Comment