Vitamin B3(niacin)
Vitamin B3ကို niacin(သို့)nicotinic acidလို့ ခေါ်ပါတယ်။ Nicotinic Acidနဲ့ Vitamin ဆိုတဲ့စကားလုံးကို ပေါင်းစပ်ပြီး Niacinလို့ သုံးနှုန်းကြတယ်။ ၁၉၃၇ခုနှစ်မှာ အမေရိကန်လူမျိုး Conrad Elvehjemက အသည်းမှာပါဝင်တဲ့ ဓာတ်တမျိုးကို စတင်တွေ့ရှိခဲ့တယ်။ နောက်ပိုင်းမှာ ဒီဓာတ်ဟာ vitamin B3(niacin)ဆိုတာ သိလာတယ်။ အားဆေးတချို့မှာ vitamin PPဆိုတဲ့ နာမည်နဲ့လည်း တွေ့ရတတ်တယ်။ တွေ့ရှိစဉ်က pellagra-preventive factor အဖြစ် ယူဆခဲ့လို့ vitamin PPလို့ သုံးနှုန်းခဲ့ကြတယ်။ အစားအသောက်တွေမှာ niacinamide(သို့)inositol hexanicotinate စတဲ့ ပုံစံတွေနဲ့ တွေ့ရှိနိုင်တယ်။
Niacinဟာ လူ့ခန္ဓာကိုယ်အတွက် ပုံမှန်လိုအပ်တယ်။ အစာအာဟာရကနေ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ပါဝင်တယ်။ အစာချေဖျက်မှုကိုအားပေးတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်။ သွေးကြောတွေကို ကျယ်စေသလို သွေးလျှောက်အားကောင်းလာစေတယ်။ သွေးပေါင်ချိန်ကို ကျဆင်းစေတယ်။ လေ့လာမှုတွေလုပ်တဲ့အခါ Niacinရဲ့အာနိသင်တခုက ကိုလက်စတောကိုလည်း ကျဆင်းစေတာ တွေ့ရတယ်။ ပြဿနာတရပ်က ကိုလက်စတောကျဆင်းဖို့ အသုံးပြုရတဲ့ ဆေးပမာဏက ပုံမှန်နေ့စဉ်လိုအပ်တာထက် အဆပေါင်းများစွာပိုနေတာပါ။ ဒီပမာဏဟာ အသည်း၊ကျောက်ကပ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်တယ်။တခြားလေ့လာမှုတွေအရ မျက်စိအတွင်းတိမ်၊အယ်လ်ဇိုင်းမားရောဂါနဲ့ အရိုးအဆစ်ရောင်ခြင်းကို ကာကွယ်ပေးတယ်လို့ဆိုတယ်။

ဒီလိုလူမျိုးမှာ ဗီတာမင် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး ဖြည့်တင်းရမယ့် ပမာဏမတူညီကြဘူး။ သာမန်ချို့တဲ့သူအတွက် niacin 50-100mg နဲ့ လိုအပ်တယ်။ ပိုမိုပြင်းထန်တဲ့ pellagraလို အရေပြားခြောက်သွေ့ ကွဲအက်တဲ့ရောဂါအတွက် niacin 300mg လောက် လိုအပ်ပါတယ်။ ကိုလက်စတော ကျဆင်းစေဖို့ အသုံးပြုချင်ရင် ဆေးပမာဏပိုမို လိုအပ်တယ်။ niacin 1200-1500mg သောက်သုံးတဲ့အခါ သွေးတွင်းရှိ ကောင်းတဲ့ကိုလက်စတော(HDL)ကို များစေပြီး အဆီဓာတ်(triglyceride)ကို လျှော့နည်းစေတယ်။ niacin 2000mg ထိ သောက်သုံးစေတဲ့အခါ မကောင်းတဲ့ကိုလက်စတော(LDL)ကို ကျဆင်းစေတာ တွေ့ရတယ်။ Niacinကို တခြားဖြည့်စွက်ဆေးတွေနဲ့ သောက်တဲ့အခါ သတိပြုရတယ်။ vitamin A,C,E ပါဝင်တဲ့ဆေးတချို့နဲ့တွဲသောက်တဲ့အခါ အဆီကျစေတဲ့ အာနိသင်ယုတ်လျှော့နိုင်တယ်။ ပူတဲ့အာနိသင်ရှိတဲ့ တိုင်းရင်းဆေး၊ဖြည့်စွက်ဆေး၊အရက်၊ဘီယာမျိုးနဲ့ တွဲမသောက်သင့်ဘူး။
ဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ အစာအိမ်နာခြင်း၊လေထိုးလေအောင့်ဖြစ်ခြင်း၊ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်းမျိုး ခံစားရတတ်တယ်။ ဆေးပမာဏများသလို ဘေးထွက်ဆိုးကျိုး ပိုခံစားရတယ်။နှလုံးတုန်တာ၊မောတာ၊အသက်ရှုမဝတာမျိုး ဖြစ်နိုင်တယ်။ niacin ပမာဏများလာရင် မျက်နှာ၊အရေပြား ရဲလာ၊ပူလာတယ်။ ဒီလိုလက္ခဏာသက်သာစေဖို့ aspirin 300mgကို ဆေးမသောက်ခင်နာရီဝက် ကြိုသောက်ပေးနိုင်တယ်။ niacin အလွန်အကျွံ သောက်ခြင်းက လေဖြတ်နိုင်ချေ မြှင့်မားလာဖွယ်ရှိတယ်လို့ လေ့လာမှုတချို့က ဆိုတယ်။ ဗီတာမင် အာဆေးတွေဟာ နေ့စဉ်ပုံမှန်လိုအပ်တာ မှန်ပေမယ့် အလွန်အကျွံသောက်သုံးရင် ဘေးဥပါဒ်ဖြစ်စေနိုင်လို့ သတိထားသုံးစွဲသင့်ပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၀.၂.၁၄)
No comments:
Post a Comment