Monday, February 15, 2016

လူကြိုက်အများဆုံး ပိန်ဆေးများ

ကမ္ဘာမှာ ရောင်းအကောင်းဆုံးဆေးတွေက ပိန်ဆေးနဲ့ အသားလှဆေးတွေ ဖြစ်တယ်လို့ စစ်တမ်းတခုက ဖော်ပြထားပါတယ်။ ပိန်းဆေးဈေးကွက်တခုတည်းကတင် ဒေါ်လာဘီလီယံနဲ့ချီပြီး အမြတ်ငွေရရှိနေပါတယ်။ ပိန်းဆေးဆိုတာ လူတော်တော်များများရဲ့သည်းခြေကြိုက်ဆေးဖြစ်ပါတယ်။ ပိန်ဆေးတွေကို အုပ်စုခွဲလိုက်ရင် (၁) အစာစားချင်စိတ်နည်းတဲ့ဆေး ၊ (၂)အစာစုပ်ယူမှုတားမြစ်တဲ့ဆေး၊ (၃)အဆီလောင်ကျွမ်းစေတဲ့ဆေး ဆိုပြီး အဓိက သုံးမျိုးသာ တွေ့တယ်။ ပိန်ဆေးဆိုပေမယ့် အာနိသင်တွေ အမျိုးမျိုးရှိတယ်။ အဲဒီထဲကမှ လက်ရှိကမ္ဘာပေါ်မှာ အသုံးများဆုံးပိန်ဆေးတွေကို  ဖော်ပြလိုက်ပါတယ်။ 


(၁) Garcinia cambogia 
အသီးပုံစံက ရွှေဖရုံသီးနဲ့တူတယ်။ Brindleberry (သို့) Malabar Tamarind အမျိုးမျိုးခေါ်တယ်။ တချို့က အာသံသီးတဲ့။ အတွင်းသားမှာ hydroxycitric acid (HCA) ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီဖြစ်ပေါ်စေတဲ့အင်ဇိုင်းကို တားဆီးပေးတယ်။ Glycogen ပုံစံဖြင့်သာ သိမ်းဆည်းနိုင်အောင် ဆောင်ရွက်ပေးလို့အဆီပိုတွေတက်မလာတော့ဘူး။နောက်ပြီး ဆီရိုတိုနင်(serotonin)ဓာတ်ကိုလည်း များစေတယ်။ အဲဒီဓာတ်ကြောင့် ရင်ခံစေတယ်။ အစာစားချင်စိတ်လျှော့နည်းစေတယ်။ ၂၀၁၁လေ့လာမှုတွေအရ ဒီဆေးက ၂ပတ်အတွင်း (၂)ပေါင် ကျစေနိုင်သတဲ့။ အသီးကထုတ်တာဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းတယ်။ ဒါပေမယ့် အစာမကြေ၊ရင်ပြည့်တာမျိုးဖြစ်နိုင်တယ်။ 

(၂) Hydroxycut 
ကမ္ဘာမှာ နာမည်အကြီးဆုံးပိန်ဆေးတွေထဲက တမျိုးဖြစ်ပါတယ်။ သုံးစွဲသူအလွန်များတယ်။Hydroxycut ထဲမှာ ကဖိန်းနဲ့ တခြားဝိတ်ကျစေတဲ့ ဟာဗယ်အဆီအနှစ်တွေ ပေါင်းစပ် ထုတ်လုပ်ထားပါတယ်။ လေ့လာမှုတခုအရ ဒီဆေးက (၃)လအတွင်း (၂၁)ပေါင်ထိ ကျဆင်းနိုင်တယ်။ ဘေးထွက်နည်းနည်းများတယ်။ ကဖင်းကြောင့် ရင်တလှပ်လှပ်ဖြစ်တာ၊ရင်တုန်လက်တုန်၊ စိတ်လှုပ်ရှားလွယ်၊ စိတ်တ်ုလွယ်၊ ပျိုချင် အန်ချင်၊ဝမ်းသွားချင်တာ ဖြစ်တတ်တယ်။ သုံးစွဲတာ ဆယ်စုနှစ်တခုကျာ်လွန်ခဲ့ပေမယ့် ရေရှည်သက်ရောက်မှု သေချာမသိသေးပါ။

(၃) Caffeine
ကဖင်းကို နောက်ပိုင်း ဝိတ်ချရာမှာ သုံးလာကြတယ်။  ကော်ဖီ၊လက်ဖက်စိမ်း၊ ချောကလက်ထဲမှာ ပါလေ့ရှိတယ်။ အချိုရည်တွေထဲမှာလည်း ပါလေ့ရှိတယ်။ ဒီနောက်ပိုင်း အဆီချ ကော်ဖီ၊လက်ဖက်ရည်စတဲံအထုပ်တွေထဲမှာ ကဖင်းကို ဝိတ်ထိန်းဖို့ သုံးတတ်တယ်။ အဓိကအာနိသငိက စိတ်အာရုံနိုးကြားစေတယ်။ ဇီဝဖြစ်ပျက်မှုကို အားပေးတယ်။ တနည်းအားဖြင့် အဆီပိုတွေလောင်ကျွမ်းစေတယ်။ ရေတိုလေ့လာမှုတွေအရ ဇီဝဖြစ်ပျက်မှု (metabolism)ကို ၁၀ရာခိုင်နှုန်း မြင့်တက်စေပြီး အဆီပိုလောင်ကျွမ်းမှုကို ၃၀ရာခိုင်နှုန်းထိ များပြာ
စေတယ်လို့ဆိုတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကော်ဖီသောက်ရင်ခံစားရတာတွေ ဖြစ်နိုင်တယ်။ ရင်တုန်၊လက်တုန်၊ပျို့အန်၊ စိတ်လှုပ်ရှားလွယ်၊ စိတ်တ်ုလွယ်တာမျိုး။ ရေရှည်သုံးရင် အာနိသင်တဖြည်းဖြည်းနည်းလာတယ်။ နောက်ပိုင်းမှာ ဆေးစွဲတာမျိုးဖြစ်နိုင်တယ်။ 

(၄) Orlistat
Xenical နာမည်နဲ့ရပါတယ်။ နိုင်ငံခြားမှာ orlistat 120mgက ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရပေမယ့် orlistat 60mg(alli)က လက်မှတ်မလိုပါ။ orlistatက အစားအသောက်မှာပါတဲ့ အဆီတွေကို အူကမစုပ်ယူနိုင်အောင်တားမြစ်လိုက်တာဖြစ်တယ်။ အာဟာရက အဆီစုပ်ယူမှု ၃၀ရာခိုင်နှုန်း ဖြတ်တောက်နိုင်တယ်။ ပျမ်းမျှ အလေးချိန် ၆ပေါင် ကျဆင်းတယ်။ဘေးထွက်အနေနဲ့ဝမ်းထဲ အဆီပါတာရှိတယ်။ အဆီလျှော့စားခြင်းက ဘေးထွက်ပိုနည်းစေတယ်။ ဝမ်းလွယ်တယ်။ လေတက်တယ်။ vitamins A, D, E and K  လျှော့နည်းနိုင်တယ်။ စိတ်ဝင်စးစရာက သွေးတိုးဖြစ်နိုင်ချေကို ကျဆငိးစေပြီး ဆီးချိုဖြစ်ပွားမှုကို ၃၇ရာခိုင်နှုန်းလျှော့ကျစေသတဲ့။

(၅) Raspberry ketone 
Raspberry ketone ဆိုတာ Raspberryသီးမှာတွေ့ရတဲ့ ပစ္စည်းတမျိုးဖြစိတယ။် ဆေးမှာ ထူးခြားတဲ့အနံ့ရှိတယ်။  လေတက်တဲ့အခါ ဒီအနံ့မျိုးထွက်လာတန်တယ်။ ထူးသဖြင့် ဝိတ်ကျစေတဲ့ ဟော်မုန်းတမျိုးဖြစ်တဲ့ adiponectin ကို မြှင့်တက်စေတယ်။ အာနိသင်က အဆီပိုတွေကို ဖြိုခွဲပေးနိုင်တယ်။ ကြွက်တွေမှာ လေ့လာတဲ့အခါ အာနိသင်အထူးကောင်းမွန်ပေမယ့် လူတွေမှာ တကယ်အာနိသင်ရှိနိုင်မလားဆက်လက်စမ်းသပ်ရဦးမှာ ဖြစ်ပါတယ်။

(၆) green coffee beans
 green coffee beans ဆိုတာ လှော်မထားရသေးတဲ့ ကော်ဖီစေ့ အစိမ်းသက်သက်ကိုပြောတာပါ။ ကော်ဖီစေ့ထဲမှာ အဓိက ဓာတ်နှစ်မျိုးပါတယ်။ Caffeine(ကဖင်း) နဲ့ chlorogenic acid တို့ဖြစ်ပါတယ်။ ကဖင်း က အဆီပိုလောင်ကျွမ်းစေပြီး ဝိတ်ကျစေတယ်။ chlorogenic acid ကာဗိုဟိုက်ဒရိတ် ဖြိုခွဲမှုကို တားဆီးပေးလို့ သွေးတွင်း ကစီဓာတ်နည်းစေတယ်။ ကော်ဖီစေ့ကထုတ်တဲ့ပိန်ဆေးတွေက ယေဘုယျ  ၅ပေါင်နီးပါး ဝိတ်ကျစေတယ်။ ဘေးထွက်တွေတော့ ရှိတယ်။ ကဖင်းအာနိသင်က သွေးတက်စေပြီး chlorogenic acid ကြောင့် ဝမ်းလျှောနိုင်တယ်။ 

(၇) Glucomannan 
Glucomannan ဟာ အမျှင်ဓာတ်ကြွယ်ဝတယ်။ အူတွင်းအကျိုးပြုဗက်တီရီးယားကို အားပေးတယ်။ ဂျယ်လီလိုပဲ ကပ်စေးစေးပုံစံမျိုးဖြစ်ပြီး အူထဲရောက်တာနဲ့ အလိုလိုရင်ပြည့်သလို ဖြစ်နေမယ်။ အမျှင်ဓာတ်က ဝမ်း မှန်စေတယ်။ အဆီပိုတွေဖယ်ရှားနိုင်တယ်။ သွေးတွင်းသကြားဓာတ်သာမကပဲ ကိုလက်စတောကို ကျဆငိးစေတယ်။ ဆေးကြောင့် ရင်ပြည့်ရင်ကယ်လေထိုး လေတက်ဖြစ်နိုင်တယ်။ ဝမ်းပျော့နေမယ်။ ဆေးကို အစာမစားခင် နာရီဝက်စောပြီး ကြိုသောက်ထားပါ။ အစားအသောက်၊အနေအထိုင်ဆင်ခြင်နိုင်ရင် ငါးပတ်အတွင်း ၁၀ပေါင်နီးပါးကျနိုင်ပါသတဲ့။ 

(၈) Meratrim
ဝိတ်ကျစေတဲ့သဘာဝအပင်၊အဆီအနှစ်ကထုတ်ယူဖော်စပ်ထားတယ်။ Meratrim က အဆီဆဲလ်စုဖွဲ့မှုကို တားဆီးတယ်။ သိုလှောင်ထားတဲ့အဆီပြင်တွေကို လောင်ကျွမ်းစေတယ်။ ဒါတင်မက သွေးကြောထဲမှာရှိတဲ့အဆီဓာတ်ကို လျှော့နည်းစေတယ်။ ရှစ်ပတ်ကြာလေ့လာမှုအရ ဒီဆေးသောက်သူဟာ အဆီပို (၁၁)ပေါင် ကျဆင်းစေပြီး ဗိုက်အဆီပြင်(ခါးဆိုက်)ကို ၄.၇လက်မ ထိ လျှော့နည်းသွားစေတာတွေ့ရတယ်။ ဒါ့ပြင် သကြားဓာတ်၊ကိုလက်စတောနဲ့ ထရိုင်ဂလစ်ဆရိုက်အဆီကိုပါ လျှော့ကျစေတာတွေ့ရတယ်။ 

(၉) Green tea extract
သဘာဝအဆီကျဆေးတော်တော်များများမှာ လက်ဖက်စိမ်းကိုလည်း အသုံးများတယ်။ အဲဒီထဲမှာ ပါတဲ့ catechin နဲ့ EGCG(epigallocatechin gallate)ဓာတ်တွေက norepinephrine ပမာဏကိုများစေလို့ အဆီပိုတွေ လောင်ကျွမ်းမှုကို အားပေးတယ်။ အထူးသဖြင့် ခါးမှာရှိတဲ့ အဆီပိုတွေလျှော့နည်းသွားတာဖြစ်တယ်။ ဆေးသောကိသူဟာ ဘေးထွက်ကြီးကြီးမားမား မရှိပေမယ့် ညဖက်သောက်ရင် အိပ်မပျော်တာမျိုးရှိတတ်တယ်။ 

(၁၀) CLA(conjugated linoleic acid)
CLA ဆိုတာ ထောပတ်၊ဒိန်ခဲ စတာတွေမှာပါတဲ့ trans fats အဆီတမျိုးသာဖြစိတယ်။ ဇီဝဖြစ်ပျက်မှုကိုအားပေးပြီး အဆီပိုချေဖျက်ခြင်းကို အားပေးတယ်။ ရင်ပြည့်ရင်ကယ် လေပွသလို ခံစားရလို့ အစာစားချင်စိတိကို လျှော့နည်းစေတယ်။ သွေးတွင်းအဆီကိုပါ ကျဆငိးစေလို့ နှလုံးသမားတွေမှာ ပေးကြတယ်။ လေ့လာမှုတွေအရ တပတ်ကို ပျမ်းမျှ  ၀.၂ ပေါင်သာ ကျဆင်းစေနိုင်ပြီး ၂၀၁၂က လေ့လာမှုမှာ (၃)ပေါင်ထိ ကျဆင်းနိုင်တယ်လို့ဖော်ပြထားတယ်။  ဆေးကို အနည်းဆုံး (၆)လထိ သောက်မှ အာနိသင်ရှိတယ်။ဒါပေမယ့် ဝိတ်ချတဲ့အခါ ခြောက်လထက် ပိုမသောက်သင့်ပါ။ တာရှည်မှာ အသည်းအဆီဖုံးတာ၊ အင်ဆူလင်မတိုးတာမျိုး ဖြစိနိုင်တယ်။

(၁၁) Forskolin 
forskolin ဆိုတာ ကော်ဇောရွက်လှပင်မှာပါဝင်တဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။ ဖောစကိုလင်(Forskolin)က ဆဲလ်တွင်း အဆီပိုလောင်ကျွမ်းမှုအားပေးတဲ့ cAMP ပမာဏမြင့်တက်လာစေတယ်။ ဝိတ်များတဲ့သူတွေကို လက်တွေ့ စမ်းသပ်ကြည့်တဲ့အခါ ခန္ဓာကိုယ် အဆီပြင်ကျဆင်းစေပြီး ကြွက်သားထုထည် တက်လာစေတယ်။ဒါပေမယ့် တခြားလေ့လာမှုတခုအရ ဒီဆေးမှာ ဝိတ်ကျစေတဲ့အာနိသင်မျိုး မရှိပါဘူးလို့ ဆိုတယ်။  ဒါ့ကြောင့် သတိထားရမယ်။ ရေရှည်အကျိုးသက်ရောက်မှုကိုတော့ ဆက်လက် လေ့လာဖို့ လိုအပ်နေပါသေးတယ်။

(၁၂) bitter orange
လိမ္မော်ခါးမှာ Synephrineဆိုတဲ့ဓာတ်ပါတယ်။ သူက ephedrine နဲ့တူတယ်။ အာနိသင်က အစာစားချင်စိတ်နည်းစေပြီး အဆီလောင်ကျွမ်းမှုကို အားပေးတယ်။ ဒါပေမယ် ephedrine လောက် အစွမ်းမထက်ဘူး။ နောက်ပြသနာတခုက ဆေးစွဲတတ်တာပဲဖြစ်ပါတယ်။ synephrine အကြောင်း သိပ်မသိပေမယ့်  ephedrineကတော့ သိသိသာသာဝိတ်ကျစေပါတယ်။ ရေတိုမှာကောင်းပေမယ့် ရေရှည် အကျိုးသက်ရောက်မှု ရှိ မရှိ ဆက်လက် စောင့်ကြည့်ရမှ ဖြစ်ပါတယ်။

တခြား ဆရာဝန်ညွှန်ကြားချက်နဲ့သုံးလို့ရတဲ့ဆေးတွေလည်းရှိတယ်။ Contrave၊ Belviq ၊ Phentermine နဲ့ Qsymia တို့ဖြစ်ကြတယ်။ ၂၀၁၄ လေ့လာမှုမှာ ဒီဆေးတွေကလည်း တခြားဝိတ်ချဆေးတွေထက် အာနိသင်ထူးကောင်းတာမျိုးမရှိပဲ အလေးချိန် ၃-၉ရာခိုင်နှုန်းလောက်သာ ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိန်ဆေးတွေကတော့ရောင်းအားကောင်းဆဲပါ။အားလုံးကိုခြုံကြည့်ရင် အဆီလောင်ကျွမ်းမှုကို ဖြစ်စေတာ ကဖိန်းနဲ့ လက်ဖက်စိမ်း တို့ဖြစ်ပြီး အဆီချပေးတာက Glucomannan, CLA နဲ့ Orlistat  တို့ဖြစ်ပါတယ်။ ဝိတ်ကျစေတာမှန်ပေမယ့်  ဆေးချည်းအားကိုးလို့မရပါ။ တကယ်ဝိတ်ကျဖို့ လေ့ကျင့်ခန်းသာမက ကစီဓာတ်နဲ့ အဆီအစားအသောက်ကို လျှော့ချပြီး ပရိုတင်းများများစားခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၅.၂.၁၆)

No comments:

Post a Comment