Monday, February 16, 2015

ကလေးလိုချင်သလား

ကလေးရချင်တဲ့လူနာတွေ မြန်မာနိုင်ငံမှာ မနည်းဘူး။ အွန်လိုင်းမှာ ဆေးပညာ ဆောင်းပါးရေး၊အမေးအဖြေတွေလုပ်တော့ ကလေးကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းတွေက တပုံတပင်ရောက်လာတယ်။ ဖြေရတာလည်း လက်မလည်ပါ။ ကလေးရဖို့ ကိစ္စက တချို့အတွက် မခက်ပေမယ့် တချို့အတွက် ဧရာမပုစ္ဆာကြီးတပုဒ်လို ခက်ခဲလှပါတယ်။ ဒါကလည်း တယောက်နဲ့တယောက် အနေအထား၊ကံတရားချင်း ကွာခြားသွားလို့ပါ။ ပြစ်ချက်တွေကလည်း သူ့ဖက်၊ကိုယ့်ဖက်၊နှစ်ဦးနှစ်ဖက်လည်း ဖြစ်နိုင်တယ်။ အပြစ်ဖို့တာ သာမန်ကိစ္စတွေမှာ မကောင်းပေမယ့် ကလေးရဖို့ဆိုရင် အပြစ်အနာအဆာ အရင်ရှာတတ်ဖို့ လိုပါတယ်။ ဘယ်သူ့မှာ အပြစ်ရှိလဲ။ အပြစ်ကိုသိဖို့ လူနာနဲ့ ဆရာ viva
အမေးအဖြေလုပ်ရပါတယ်။ ပြီးရင် သွေးစစ်၊ဆီးစစ် လိုအပ်ရင် ဓာတ်မှန်ရိုက်ရဦးမယ်။ ကုသနည်းကတော့ ရလာတဲ့အဖြေတွေပေါ်မူတည်ပြီး ကွဲပြားသွားတယ်။ 

ဒီနေ့ကမ္ဘာမှာ စုံတွဲ(၇)တွဲမှာ တတွဲဟာ ကလေးမရတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ဒီထဲက ၂၀ရာခိုင်နှုန်းဟာ အကြောင်းရင်းခံရှာမရဘူး။အမေရိကားမှာ စစ်တမ်းကောက်တော့ စုံတွဲ(၁၀)တွဲမှာ တတွဲဟာ မြုံလို့ကလေးမရဘူး။ ပြဿနာက်ု အရင်းစစ်ကြည့်တော့ အပြစ်က မိန်းကလေးဖက်မှာ ပိုများတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးမွေးဖို့ ဗိုက်ထဲမှာ သန္ဓေတည်ဖို့ မိခင်လောင်းတွေက အရေးကြီးဆုံး မဟုတ်လား။ အမျိုးသားရဲ့အားနည်းချက်လည်း ရှိပါတယ်။နှစ်ဦးနှစ်ဖက်ကိုယ်စီ အားနည်းချက်ကြောင့်ဖြစ်တာ (၂၅)ရာခိုင်နှုန်းရှိတယ်။ 

အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ မျိုးပွားနိုင်စွမ်းကျဆင်းလေ့ရှိတယ်။ အသက်(၃၀)ကျော်တာနဲ့ တနှစ်တိုးတိုင်း ကလေးရဖို့အခွင့်အလန်းက ၅ရာခိုင်နှုန်းဆီ လျှော့နည်းသွားတယ်။ အသက် ၄၀ကျော်အရွယ်မှာ ပိုဆိုးမှာပေါ့။ အမျိုးသားတွေလည်း သိပ်မထူးပါ။ မြက်တပင်စုပ် ဘာလုပ်နိုင်တယ် အသာထား။ အသက်(၄၅)ကျော်ရင် ကလေးအတွက် မကောင်းတာတော့ အမှန်ပဲ။ ကျွန်တော့်ကို မွေးတော့ မိခင်ဖြစ်သူက အသက်(၃၈)နှစ်လောက် ရှိနေပြီ။ အငယ်ဆုံးသား ကံကောင်းတယ်ဆိုရမလား။ ဘာမှမဖြစ်လို့တော်သေးတယ်။ မိခင်ကျေးဇူး မသေးဘူးဆိုတာသိလို့ ဦးခိုက်မိပါတယ်။

ဒါ့ကြောင့် အသက်ငယ်တုန်း ကလေးယူတာကောင်းတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ  ဟော်မုန်းပမာဏ ကျဆင်းသွားလို့ ကလေးရဖို့ အခွင့်အလန်းနည်းလာတယ်။ မဟော်မုန်း အီစတိုဂျင်က သားအိမ်အတွင်းလွှာ(endometrium) အထူ၊အပါးကို သက်ရောက်စေတယ်။ ပုံမှန်အားဖြင့် ကလေးသန္ဓေတည်ဖို့ သားအိမ်တွင်းလွှာက တရက်ကို 1mm စီထူပေးတယ်။ မျိုးဥကြွေပြီး 12mm လောက်အထူရှိမှာ သန္ဓေသားက တွယ်ကပ်နိုင်တယ်။ အသက်(၄၀)ကျော်တွေမှာ ဒီဟော်မုန်းlevelကျဆင်းနေပါပြီ။ 

ကလေးဘာ့ကြောင့် မရတာလဲ အဖြေရှာကြည့်တော့ တယောက်နဲ့တယောက် အကြောင်းခံတွေ မတူညီကြဘူး။ မိန်းမတွေဟာ မျိုးဥ၊မျိုးဥအိမ်၊သားဥပြွန်၊သားအိမ်၊မျိုးပွားအင်္ဂါနဲ့ ဟော်မုန်းထုတ်တဲ့ ဂလင်း ဒီခြောက်ပါး ရောဂါကင်းပါမှ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်တယ်။ မိခင်လောင်းဖြစ်ချင်သူတွေအနေနဲ့ အရွယ်ကောင်းဖို့လိုသလို မျိုးကောင်းဖို့လည်း လိုပါတယ်။ တချို့အမျိုးသမီးတွေရဲ့ သားအိမ်နံရံက ကလေးမွေးဖို့ အဆင်သင့်မဖြစ်ဘူး။ ဒီကြားထဲ Endometriosis ၊PCOSစတဲ့ရောဂါတွေရှိရင် ကလေးရဖို့ ပိုခက်တယ်။ ဒီရောဂါတွေရှိရင် ကုရမယ်။ မျိုးဥဆင်းတဲ့ သားဥပြွန်(Fallopian tube) ကျဉ်းနေရင်လည်း သုတ်ကောင်မဝင်ရောက်နိုင်လို့ မျိုးအောင်မှာ မဟုတ်ပြန်ဘူး။ သားအိမ်အနေအထားမမှန်တာ၊အလုံးအကျိတ်ရှိတာကြောင့် ကလေးမရတတ်ဘူး။ ဒီလိုလူတွေမှာ သားအိမ်စစ်ဖို့လိုပါတယ်။ သွေးတိုး၊ဆီးချို၊သိုင်းရွိုက်၊အတက်ရောဂါ၊အဝလွန်ရောဂါသည်တွေဟာ ကလေးရဖို့အခွငိ့အလန်းနည်းစေတာ တွေ့ရတယ်။ ဒီအချက်တွေ မကြည့်ဘဲ folic acidပေး၊သားဥကြွေဆေး ပေးလိုက်ရုံနဲ့ ကလေးမရနိုင်ပါ။ 

လေ့လာမှုတွေအရ အမျိုးသမီးသုံးယောက်မှာ တယောက်ဟာ မျိုးဥမကြွေလို့ ကလေးမရတာ ဖြစ်တယ်။ ဓမ္မတာ မမှန်တာနဲ့ ဟော်မုန်းအပြောင်းအလဲက မျိုးဥကြွေတာကို ထိခိုက်စေတယ်။  ပိုဆိုးတာက ဆေးလိပ်သောက်တာ၊စိတ်ဖိစီးမှုတွေက မြုံစေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ စုံတွဲတတွဲဟာ ဘာတားဆေးမှမသုံးပဲ (၁)နှစ်လောက် ကြိုးစားပြီး ကလေးမရရင် ဆရာဝန်ပြဖို့ လိုပါတယ်။ အသက်(၄၀)အောက်မှာ (၆)လ၊အသက်(၄၀)အထက်မှာ (၃)လအတွင်း ကြိုးစားပြီး မရရင်ဆရာဝန်နဲ့ ပြပါ။ နောက်တချက်က သုံးလခံတားဆေးထိုးသူ အများစုဟာ ၆-၈လအတွင်း ချက်ချင်း ကလေးပြန်မရတတ်တာ သတိထားပါ။ ဒါ့ကြောင့် အသက်(၃၀)ကျော်မှ အိမ်ထောင်ကျသူတွေကို သုံးလခံတားဆေး မထိုးသင့်ဘူး။ ကလေးလိုချင်တဲ့အခါ အခက်အခဲရှိလာလိမ့်မယ်။ 

ကလေးယူဖို့ မကြိုးစားခင် မိမိရဲ့ ရာသီစကိဝန်းကို အရင်နားလည်အောင် ကြိုးစားသငိ့တယ်။ အမျိုးသမီးတယောက်မှာ လစဉ်ရာသီသွေး ဆင်းတယ်။ တယောက်နဲ့တယောက် သွေးဆင်းရက်တွေမတူကြဘူး။  ရာသီစဆငိးတဲ့ ပထမရက်ကတွက်ရင် ၂၆ရက်ကနေ ၃၂ရက် အမျိုးမျိုးဖြစ်နိုင်တယ်။ တခါဆင်းတဲ့သွေးဟာ ၃-၇ရက် ကြာနိုင်တယ်။ ပုံမှနိအားဖြင့် လလယ်ရက်တွေမှာ မျိုးဥကြွေတယ်။ ၂၈ရက်တခါ ပုံမှန်သွေးဆင်းသူဟာ လလယ်ရက်ဖြစ်တဲ့ ၁၄ရက်နေ့မှာ မျိုးဥကြွေမယ်။ အတိအကျတော့ မဟုတ်ပါဘူး။ စောတာလည်း ရှိနိုင်တယ်။ တခါကြွေတဲ့မျိုးဥဟာ ၂၄နာရီ ခံတယ်။ သုတိပိုးတကောင်ဟာ အပြင်မှာ သုံးရက်၊သားအိမ်ထဲမှာဆိုရင် ၅ရက်လောက်ထိ ခံတယ်။ မျိုးဥကြွေပြီး တရက်အတွင်း သုတ်ပိုးနဲ့ပေါင်းနိုင်ရင် ကိုယ်ဝန်ရမယ်။ ကိုယ်ဝန်ဆောင်ချင်တဲ့ အမျိုးသမီးတွေဟာ လလယ်ရက်မတိုင်ခင် အတူနေသင့်တယ်။  ဒီအခြေခံအကျဆုံးအချက်ကို တွက်ချက်ပြီး ဂရုစိုက်ရင် (၂၅)ရာခိုင်နှုန်းလောက် အောင်မြင်နိုင်တယ်။ ဒါက ရောဂါအခံမရှိသူတွေ အတွက် ကိုယ်ဝန်ရအောင် တွက်တဲ့နည်းဖြစ်လို့ fertility awareness method လို့ခေါ်ပါတယ်။ 

သန္ဓေအောင်တဲ့ဖြစ်စဉ်ကိုလည်း ဆက်လေ့လာကြည့်ပါ။ အမျိုးသမီးတွေဟာ ဓမ္မတာပေါ်တဲ့ လလယ်ရက်တွေမှာ မျိုးဥအိမ်က မျိုးဥကြွေပါတယ်။ အဲဒီမျိုးဥဟာ သားဥပြွန်တလျှောက်ဆင်းလာတယ်။ အဲဒီအချိန်မှာ မွေးလမ်းကတဆင့် သားအိမ်ထဲရောက်နေတဲ့ သုတ်ကောင်ဟာ အထက်တက်ပြီး မမျိုးဥနဲ့ပေါင်းနိုင်ရင် fertilization သန္ဓေအောင်မယ်။ သန္ဓေအောင်တဲ့ဥဟာ အောက်ကို ပြန်ဆင်း လာပြီး သားအိမ်ရောက်တဲ့အခါ သန္ဓေတည်ပါမယ်။ဒီဖြစ်စဉ်ကို implantation လို့ခေါ်ပါတယ်။ သားအိမ်မှာ သန္ဓေတည်ပြီးတာနဲ့ သန္ဓေသား(embryo)ဖြစ်လာပြီး ကိုယ်ဝန်ဆိုတာ ရှိလာတယ်။ သန္ဓေသားကသားအိမ်မှာ တွယ်ကပ်တာနဲ့  အချင်းက HCG ဆိုတဲ့ ဟော်မုန်းတမျိုးထုတ်တယ်။ ဒီဟော်မုန်းက ၁၀-၁၄ရက်လောက်နေရင် ဆီးထဲမှာ ပါလာပြီ။ အဲဒီအချိန်မှာဆီးစစ်ရင် ကိုယ်ဝန်ရှိ၊မရှိ သိနိုင်တယ်။ ဖိုသုတ်ပိုးနဲ့ မမျိုးဥပေါင်းတဲ့ရက်ကစတွက်ရင် ၂၁ရက်အကြာ ဆီးထဲမှာ စတွေ့နိုင်တယ်။ 

သန္ဓေအောင်တဲ့ ဖြစ်စဉ်မှာ မျိုးဥကြွေရက်က အရေးကြီးလို့ သိထားရမယ်။ လူနာတယောက်နဲ့တယောက် မျိုးဥကြွေရက်တွေ မတူကြဘူး။ ရာသီလာတိုင်းလည်း မျိုးဥကြွေတယ်လို့ သတ်မှတ်လို့မရဘူး။ ရာသီသွေးမမှန်သူတွေ ပိုဆိုးတယ်။ ဒါ့ကြောင့် မိမိရဲ့ မျိုးဥကြွေရက် သိအောင်အရင် လုပ်ပါ။ မျိုးဥကြွေရက်သိဖို့ ovulation test(LH surge) ဆီးစစ်တံနဲ့ စမ်းသပ်လို့ရတယ်။ မျိုးဥကြွေနည်း စမ်းသပ်ပုံနဲ့ ဘယ်ရက်တွေမှာ စမ်းသပ်ရမလဲဆိုတာ ကျန်းမာရေးဂျာနယ်တစောင်မှာ ရေးထားပြီး ဖြစ်လို့ ထပ်အကျယ်မချဲ့တော့ပါ။ အသေးစိတ်ကို အင်တာနက်စာမျက်နှာ drayeminhtoo.blogspot.comမှာ ဝင်ဖတ်နိုင်ပါတယ်။ အဲဒီမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အမေးအဖြေတွေကိုပါ ရေးထားတယ်။ 

ဆီးစစ်တံမသုံးဘဲ အိမ်မှာ အလွယ်စမ်းသပ်တဲ့နည်းတွေလည်း သုံးလို့ရသေးတယ်။ မနက်စောစောအိပ်ရာထ ကိုယ်အပူချိန်တိုင်း၊မွေးလမ်းအရည် အပြစ်၊အကျဲစမ်းသပ်နည်းတွေရှိဦးမယ်။ မျိုးဥကြွေရက်တွေမှာ ကိုယ်အပူချိန်တိုင်းရင် ပုံမှန်ထက် ၀.၅ဒီဂရီလောက် တက်နေတယ်။ မွေးလမ်းကို စမ်းကြည့်ရင် အကျိအချွဲများနေရင် မျိုးဥကြွေပြီလို့ သိပါ။ ဒီနည်းတွေက အိမ်မှာ ကိုယ့်ဘာသာ အလွယ်စမ်းသပ်လို့ရပေမယ့် ရာနှုန်းပြည့်တော့ စိတ်မချရဘူး။ 

ဆီးစစ်ကြည့်လို့ မျိုးဥမကြွေတဲ့လူနာတွေမှာ ဘာဆက်လုပ်လဲ။ မျိုးဥကြွေဆေး(clomiphene)တွေ ပေးရတာပေါ့။ ဆေးကို ရာသီလာပြီး ၅ရက်အတွင်း ၅ရက်ဆက်တိုက်ပေးတယ်။ ဆေးရဲ့ အာနိသင်က ၈၅ရာခိုင်နှုန်းလောက် ထိရောက်တာ တွေ့ရတယ်။ဒါမှမရသေးရင် ဆေးပမာဏတင်ရတယ်။ ဆေးပေးပြီး (၆)လအတွင်း ထက်ဝက်လောက်က ကိုယ်ဝန်ပြန်ဆောင်နိုင်တယ်။ရတဲ့ကိုယ်ဝန်ဟာ အမွှာလည်း ဖြစ်နိုင်တယ်။ ဆေးပေးရုံနဲ့ မပြီးသေးဘူး။ လူနာက မျိုးဥကြွေ၊မကြွေ ပြန်စစ်ရဦးမယ်။ နောက်နည်းက မျိုးဥကြွေအောင် ထိုးဆေး(HCG injection)တွေ ထိုးပါတယ်။ တချို့က သားအိမ်ထဲ သုတ်ပိုးထည့်တဲ့အခါ မျိုးဥအသင့်ဖြစ်ဖို့ ထိုးဆေးသုံးကြတယ်။ prolactinဟော်မုန်း များလို့ မျိုးဥမထွက်သူတွေမှာ ဟော်မုန်းဆေး(bromocriptine,carbagoline) သုံးရတယ်။ မျိုးပွားအင်္ဂါပိတ်တာ၊ကျဉ်းတာ၊အလုံးအကျိတ် ရှိသူတွေမှာ ခွဲစိတ်ပြုပြင်မှ ကောင်းတယ်။ နောက်ဆုံးနည်းကတော့ IVF(In vitro fertilisation) နည်းကိုသုံးတယ်။ ကမ္ဘာမှာ ဒီနည်းနဲ့ ကလေးရသူပေါင်း သုံးသန်းကျော်သွားပြီ။ ဓာတ်ခွဲခန်းမှာ မျိုးစပ်ပြီး မျိုးအောင်တဲ့ဥတွေ သားအိမ်ထဲ ထိုးထည့်ရတယ်။ ကောင်းတဲ့အချက်က သေချာတာ၊မကောင်းတာက စရိတ်စက အလွန်များတာဖြစ်တယ်။ 

ကလေးမရတဲ့စုံတွဲတွေမှာ အမျိုးသမီးကိုချည်း လက်ညှိုးထိုးတာလည်း မှားတယ်။ အမျိုးသားဖက်ကိုလည်း ခဏ ကြည့်ပါဦး။ သုတ်ကောင် အရည်အသွေး၊အရေအတွက် ကလေးအတွက် အရေးပါတယ်။ သုတ်ပိုးအရေအတွက် နည်းတာ၊သုတ်ကောင်လှုပ်ရှားမှုနည်းတာ၊ပုံမမှန်တာရှိရင် ကလေးမရနိုင်ဘူး။ မျိုးဥကြွေဆေး clomiphene ကို အမျိုးသားတွေမှာလည်း သုံးလို့ရတယ်။ဆေးချည်း သုံးလလောက် သောက်ရတယ်။ ဆေးပေးပြီး (၁)လအတွင်း သုတ်ကောင်အရေအတွက် တက်လာတယ်။ ဆီးချို၊အဝလွန်တာရှိရင် စောစောကုပါ။ 

ကလေးလိုချင်တဲ့ မိဘတွေဟာ အာဟာရပြည့်ဝဖို့လည်း အထူးလိုအပ်တယ်။ နေစဉ်အစားအသောက်ထဲမှာ ပဲပုပ်၊အသားငါး၊အရွက်၊အသေ့အဆန်၊အခွံမာသီး၊မှို၊ပန်းဂေါ်ဖီ၊ပဲတောင့်ရှည်၊အုတ်ဂျုံ များများစားသင့်တယ်။ အားဆေးအနေနဲ့ selenium,zinc,vitamin Eပါတာရွေး သောက်ပါ။ အမျိုးသမီးတွေမှာ ဖောလစ်အက်ဆစ် အားဆေး ကြိုသောက်တာ ကလေးအတွက် အလွန်ကောင်းတယ်။ မကောငံးတာက အပူအစပ်၊သကြား၊အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ ဖြစ်တယ်။ ကော်ဖီအလွန်အကျွံသောက်တာလဲ မကောင်းဘူး။ တရက်ကို ကော်ဖီ ငါးခွက်(caffeine 500mg)က မျိုးပွားနှုန်းကျဆင်းစေတယ်။ တခြားလေ့လာမှုတခုက အသင့်အတင့်သောက်တာ သုတ်ပိုးလှုပ်ရှားမှုကို ကောင်းစေနိုင်သတဲ့။ သဘောက အမျိုးသားတွေတော့ လွတ်စေပေါ့။ သေချာတာကတော့ ဆေးလိပ်၊အရက် လုံးဝဖြတ်ဖို့လိုပါပြီ။ စိတ်ဖိစီးမှု၊ဝိတ်တက်တာ၊အိပ်မပျော်တာ ရာသီကိုပြောင်းသွားစေတယ်။ အိပ်ရေးဝဝအိပ်တာ၊ အစားကောင်းကောင်းစားတာ၊ရေများများသောက်တာမျိုးလုပ်ပါ။

လက်တွေ့မှာ ကလေးရဖို့ ဆုတောင်းရုံ၊ယတြာချေရုံနဲ့မပြီးပါဘူး။ဆရာဝန်ချည်းပဲလဲ အားမကိုးပါနဲ့။ မိမိကိုယ်တိုင် ကံဥာဏ်ဝီရိယ လုံ့လစိုက်ပြီး အားထုတ်ဖို့လိုပါတယ်။ စနစ်တကျ ကြိုးစားသူအတွက် အောင်ချက်က  (၇၀)ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ကျန်တာတော့ ကံတရားပေါ့။ ဂုဏ်ထူးမှတ်နဲ့ ကပ်နေပြီဖြစ်လို့ ဆက်ကြိုးစားရင် လူဖြစ်တော့မှာပါ။ ဇာတ်လမ်းဆုံးပြီး ဇာတ်ပေါင်းထုပ်ပြီဖြစ်လို့ ဝမ်းသာအားရအော်တဲ့ အသံလေးတွေ ကြားချင်ပါသေးတယ်။ "မေမေရေ သား လူဖြစ်ပြီဗျ"။ ကျွန်တော်ကိုယ်တိုင်ကတော့ လူဖြစ်ရကျိုးနပ်ရင် ကျေနပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၆.၂.၁၅)

No comments:

Post a Comment