ဝက်ခြံအဖုပိန့်ထွက်တာ မိန်းကလေးတွေမှာ တော်တော်ဖြစ်ကြတယ်။ ဝက်ခြံသဘောက အဆီဂလင်းမှာ အဆီတွေပိတ်ဆို့ရာ(clogged pore )ကနေဖြစ်ကြတယ်။ အဲဒီမှာ ဆဲလ်သေတွေ၊ ဗက်တီးရီးယားတွေခိုအောင်းတဲ့အခါ ဝက်ခြံကနေ ပြည်တည်လာတယ်။ ကြာရင်ရောင်လာ ရဲလာရာကနေ ဝက်ခြံအိတ်(cystic acne)ဖြစ်လာတယ်။ ဒါပေမယ့်တကယ်ဆိုးတဲ့ဝက်ခြံတွေက အမျိုးသားတွေမှာ ဖြစ်တာပါ။ အဖုအပိန့်တွေ မျက်နှာတပြင်လုံးရမရာမရှိအောင် ပေါက်တာမျိုးဖြစ်တယ်။ အရမ်းဆိုးတဲ့ဝက်ခြံမျိုးမှာ accutane(isotretinoin) လိုဆေးမျိုးလိုပါတယ်။
မေးခွန်းက အဖုပိန့်ကင်းစင်ဖို့ အဓိကဖြစ်လို့ ကာကွယ်တာက ပိုအရေးကြီးတယ်။ အစားသောက်၊အနေအထိုင်ကိုအရင်ဆုံး ပြုပြင်ပါ။ အနေအထိုင်ဆိုတဲ့နေရာမှာ နောက်က "ထိုင်" ဆိုတာကို မေ့ပစ်လိုက်ပါ။ အနေတတ်ဖို့ ပိုအရေးကြီးတယ်။ ထိုင်မနေပါနဲ့။ အမြဲလှုပ်ရှားပါ။ လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါမှသာ အပူအပုပ်ခေါ်တဲ့ toxin အညစ်ကြေးတွေ က ချွေးနဲ့အတူအပြင်ထွက်သွားမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်းမလုပ်နိုင်တောင် အမြဲလှုပ်ရှားနေပါ။
နောက်တခုက အစားအသောက်။ အစားသောက်ထဲမှာ အပူအစပ်၊ ချိုတာ၊ အေးတာတွေ အကုန်ရှောင်ပါ။ အချဉ်နဲ့အခါးတော့ တည့်တယ်။ ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်ရှောင်ပါ။ အသင့်စားခေါက်ဆွဲထုပ်၊အာလူးကြော်တွေကဝက်ခြံပိုထွက်စေတယ်။ ဝက်သား၊ ဘဲသားရှောင်ပါ။ပင်လယ်စာ၊ဒိန်ခဲ၊ချိစ်၊ နွားနို့၊ ထောပတ် စတာတွေကြောင့် ဝက်ခြံပိုထွက်စေတယ်။ ရေ(ရေခဲရေမပါ) တနေ့ကို ရေ ၆-၈ခွက် အနည်းဆုံးသောက်သင့်တယ်။ အသီးရွက်ထဲမှာ ဝါတာ၊ နီတာ၊ စိမ်းတာ တည့်တယ်။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကီဝီသီး များများစားပါ။ ငါးအဆီနဲ့တဲ့ပါတယ်။ ထောပတ်သီး၊ လိမ္မော်သီးနဲ့ စပျစ်သီး နေ့စဉ်စားရင် ဝက်ခြံမထွက်အောင် ကာကွယ်ရာရောက်တယ်။
ဝက်ခြံမထွက်ချင်ဘူးဆိုရင် အထက်ပါအချက်တွေအပြင် ဆက်လုပ်ရမယ့် အဆင့်(၅)ဆင့် ရှိတယ်။ အဆင့်ငါးဆင့်လုံးနေ့စဉ်လုပ်ပေးရမှာ ဖြစ်ပါတယ်
(၁) သံပုရာရည်နေ့စဉ်သောက်ပါ။ သံပုရာသီး တခြမ်းနဲ့ ရေ ရောထားတဲ့ သံပုရာရည်သောက်ပေးပါ။ဗီတာမင်စီ ဆေးပြား 500mg သောက်လို့လည်းရတယ်။ လိုအပ်ရင် နှစ်ပြား (1000mg) ထိ သောက်လို့ရတယ်။ကျန်တဲ့အဆင့်တွေက မျက်နှာပေါ်ဆက်လုပ်ရမှာဖြစ်ပါတယ်။
(၂) ဝက်ခြံထွက်တဲ့နေရာတွေကို ရေခဲနဲ့ စက်ဝိုင်းပုံ လိုက်ပွတ်ပေးပါ။ တနေရာကို နှစ်မိနစ်ကြာအောင် ပွတ်ပါ။ ပြီးရင် သန့်စင်တဲ့ တဘတ်တထည်နဲ့သုတ်ပစ်ပါ။
(၃) ဝက်ခြံထွက်တတ်တဲ့နေရာ(သို့) ထွက်နေတဲ့ နေရာတွေကို မုန့်ဖုန်ဆော်ဒါတဇွန်းနဲ့ Epsom saltတဇွန်း ရောပြီး ရေနွေးနည်းနည်းနဲ့ ခပ်ပျစ်ပျစ်ဖျော်ပါ။ လေးညှင်းဆီိရှိရင် ထည့်ပါ။ အာနိသင်ပိုကောင်းသေးတယ်။ပထမရက်မှာတကြိမ်၊ ဒုတိယရက်မှာ နှစ်ကြိမ်၊ တတိယရက်မှာ တနေ့သုံးကြိမ် ဆက်တိုက်လုပ်ပါ။ တတိယရက်မှာ မထူးခြားရင်ဆက်မလုပ်ပါနဲ့။
(၄) ရှောက်သီးရည် ကို ပန်းသီးဗနီဂါ(apple cider vinegar) နဲ့ ဆတူရောပြီး မျက်နှာမှာ လိမ်းပါ။ တချို့က အာနိသင်ကောင်းအောင် နနွင်းနည်းနည်း(ဇွန်းတဝက်စာ)ထဲ့တယ်။ နနွင်းက ဗက်တီးရီးယားကို နိုင်တယ်။မျက်နှာမှာလိမ်းပြီး ငါးမိနစ်ထားပါ။ ပြီးရင်မျက်နှာပြန်သစ်ပါ။ ဝက်ခြံဖုတွေအတွက်လည်း ကောင်းတယ်။
(၅) ပျားရည်မျက်နှာဖုံး(honey mask) က ဗက်တီးရီးယားကိုနိုင်တယ်။အစိုဓာတ်ထိန်းတယ်။ ပြည်တည်နာ၊အမာရွတ်အတွက်လည်း ကောင်းတယ်။ ပျားရည်ထဲမှာ manuka ပျားရည်က အကောင်းဆုံးဖြစ်ပါတယ်။ ပျားရည်မျက်နှာဖုံးလုပ်ဖို့ ပိုးသန့်ထားတဲ့ အဝတ်(gauze)တခု ယူပြီး manuka ပျားရည်မှာ စိမ်ပါ။ ပြီးရင် မျက်လုံးနေရာ အပေါကိဖောက်ပြီး မျက်နှာပေါ် ၁၅မိနစ်ခန့် ထားပါ။ ရေခပ်နွေးနွေးနဲ့ ပြန်သစ်ပါ။ ပျားရည်မရှိရင် ဒိန်ချဉ်နဲ့လည်း လုပ်ရတယ်။နှစ်မျိုးရောလုပ်ရင် အာနိသင်ပိုကောင်းတယ်။
ဒါက အဖုပိန့်မထွက်ဘဲ မျက်နှာလေး ရှင်းသန့်ဖို့အတွက်စာ ဖြစ်ပါတယ်။ ဝက်ခြံပေါက်လာရင် ဘာလုပ်မလဲဆိုတာရေးပြီးသားစာတွေ ဆက်ဖတ်ပါ။
ဝက်ခြံပျောက်နည်းများ - http://drayeminhtoo.blogspot.com/2015/02/blog-post.html
ဝက်ခြံအမာရွတ်ပျောက်နည်း - http://drayeminhtoo.blogspot.com/2015/02/blog-post_15.html
ဝက်ခြံအတွက် ပိုးသတ်ဆေး - http://drayeminhtoo.blogspot.com/2014/12/blog-post_1.html
အဆီပြန်တဲ့အသားအရေတွက် ကုထုံး - http://drayeminhtoo.blogspot.com/2014/07/blog-post.html
ဆံသားလှအောင် - http://drayeminhtoo.blogspot.com/2014/05/blog-post.html
ဒေါက်တာ အေးမင်းထူး
၂၂.၈.၁၆
No comments:
Post a Comment