Sunday, November 29, 2015

သစ်သီးတွေက ဘေးဥပါဒ်ပေးနေပြီလား

ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သစ်သီးဝလံတွေကို လူတွေနှစ်ခြိုက်စွာ စားသုံးခဲ့ကြပါတယ်။ အသီးတွေထဲမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိခဲ့ရတယ်။ ဒါတင်မက အသီးအနှံမှာပါတဲ့အင်တီအောက်စီးဒင့် ဓာတ်တွေက ကင်ဆာလို ရောဂါတွေကိုတောင် ကာကွယ်နိုင်တယ်ဆိုတာမျိုး ပြောလာကြတယ်။ ဒါပေမယ့် ခေတ်တွေ၊စနစ်တွေက ပြောင်းလဲလာပါပြီ။ အထူးသဖြင့် (၂၁)ရာစု စီးပွားဖြစ်ထုတ်လုပ်လာတဲ့ သစ်သီးဝလံတွေဟာ ကျန်းမာရေးအရ သင့်တော်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ 


၂၀၁၅ ဂျွန်လထုတ် အိန္ဒိယသတင်းစာတခုမှာ နယူးဒေလီ လက်ကား ဈေးကွက်မှာ ရှိတဲ့ သစ်သီးတွေရဲ့ ၈၀ရာခိုင်နှုန်းကျော်ဟာ သဘာဝအတိုင်းမဟုတ်ပဲ ဆေးသုံးထားတဲ့ သစ်သီးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ သူတို့စားသုံးနေတဲ့ သစ်သီးတွေရဲ့ ၂၀ရာခိုင်နှုန်းကသာ သဘာဝအတိုင်းသီးတဲ့သစ်သီးမျိုး ဖြစ်တဲ့သဘော သက်ရောက်နေပါတယ်။ အိန္ဒိယတင်မက တကမ္ဘာလုံးဈေးကွက်မှာလည်း ဒီတိုင်းပါပဲ။ စီးပွားရေးအရတွက်ချေကိုက်အောင် လုပ်လာကြတယ်။ကျန်းမာရေးရှုထောင့်က မကြည့်တော့ပါ။ သစိသီးတွေ အမြန်ရင့်မှည့်လွယ်အောင် ဓာတုဆေးတွေ သုံးစွဲလာတယ်။ အဆိုပါဆေးတွေဟာ ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းကျိုးမပေးပဲ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေပါတယ်။

ဓာတုဆေးအကြောင်း မပြောခင် အသီးတခု ရင့်မှည့်တဲ့ဖြစ်စဉ်မှာ အရေးပါတဲ့ ethylene အကြောင်းအရင်ပြောပါရစေ။ ethylene ဆိုတာ အသီးက  ထွက်တဲ့ သဘာဝဟော်မုန်း(natural plant hormone)တမျိုးဖြစ်ပါတယ်။ ရင့်မှည့်ခြင်းကို သူက ဖြစ်စေတယ်။ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊သဘောင်္၊ ထောပတ်၊ သရက်၊ ဖရဲစတာတွေဟာ ဒီဟော်မုန်းတန်ခိုးနဲ့ ရင့်မှည့်လာတယ်။ ရင့်မှည့်တယ်ဆိုတာ ကြီးထွားခြငိးရဲ့နောက်ဆုံးအဆင့်ကို ခေါ်တာ။သစ်သီးထဲမှာethylene ပမာဏ 0.1-1 ppm(parts per million)  ရောက်တဲ့အခါ စတင်ရင့်မှည့်လာပြီ။ တဆက်တည်းမှာပဲ သစ်သီးရဲ့ အရည်အသွေး၊ အရောင်၊အရသာ စတာတွေ ပြောင်းလဲလာတယ်။

အသီးတခုရဲ့ ဆဲလ်နံရံမှာ polysaccharides ဆိုတဲ့ အလွှာပါးတခုရှိတယ်။ polysaccharidesဆိုတာ ကစီဓာတ်တမျိုးပါပဲ။ အထဲမှာ pectinဆိုတာပါလို့ ရေဝင်ရောက်ဖို့ ခက်ခဲတယ်။ သစ်သီးထဲမှာ ethylene ထွက်လာတဲ့အခါ ဆဲလ်နံရံမှာရှိတဲ့ pectin က ဓာတ်ပြောင်းလဲပြီး ရေဝင်ဖို့လွယ်ကူလာတယ်။ ဒီလိုနဲ့ အသီးကတဖြည်းဖြည်း ပျော့အိလာတယ်။ အရည်ရွှမ်းလာတယ်။ ဒါတင်မက အထဲမှာရှိတဲ့ ကစီဓာတ်( polysaccharides) ကို ရေသွင်းဖြိုခွဲတဲ့အခါ fructose, glucose နဲ့ sucrose ဆိုတာတွေ ဖြစ်လာတယ်။ ကစီဓာတ်ကနေ သကြားဓာတ်အဖြစ်ပြောင်းလဲသွားလို့ အရသာလည်း ပိုချိုလာတယ်။ နောက်ထပ်ပြောင်းလဲမှုတခုက သစ်သီးရဲ့အရောင်လည်း ပြောင်းလဲလာတာပါ။  ရင့်မှည့်လာတဲ့အသီးတခုမှာ chlorophyll ဓာတ်နည်းသွားလေ့ရှိတယ်။ စိမ်းရာကနေ ဝါလာ၊နီလာတယ်။ ဒီလိုအရောင်အသွေးမျိုးက လူအပါအဝင် ငှက်၊ တိရိစ္ဆာန်တွေကို စွဲဆောင်တယ်။ ငှက်တွေဟာ ချိုတဲ့အသီးကို စားသုံးပြီး အစေ့တွေကို မြေကြီးပေါ်ပစ်ချလေ့ရှိတယ်။ ဒါဟာ အပင်တွေ မျိုးပွားစေတဲ့ ကနဦးအကြောင်းအရာဖြစ်ပါတယ်။ အဲဒီကနေ အပင်တွေ ပြန်ဖြစ်လာပါတယ်။ 

ethylene gas ကို အရင်ခေတ်တွေက မေ့ဆေးအနေနဲ့ ပေးခဲ့ဖူးတယ်။ မေ့ဆေးသုံးတဲ့အခါ ethylene 85% ကို အောက်စီဂျင် 15% နဲ့ရောပြီး ပေးရတယ်။ hydrocarbon gas ဖြစ်လို့အလွယိတကူ ပေါက်ကွဲနိုင်တယ်။ concentration 3%ထက်များရင် စတင်ပေါက်ကွဲနိုင်လို့ နောက်ပိုင်းမှာ မေ့ဆေးအနေနဲ့ အသုံးပြုမှုနည်းလာတယ်။ ဒါပေမယ့် အသီးတွေ ရင့်မှည့်လွယ်အောင် ပြောင်းလဲအသုံးပြုလာတယ်။ ethylene gas ပေးထားတဲ့ အခန်းထဲ အသီးတွေထားရင် ရင့်မှည့်လွယ်တယ်။ ဒါဟာ  ပြင်ပက ဟော်မုန်းအစားထိုးပေးတဲ့သဘောနဲ့ အတူတူပဲ။ ethylene ပေးတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက် (သို့) နိုက်ထရိုဂျင် တမျိုးမျိုး ရောစပ်အသုံးပြုရင် အာနိသင်ပိုကောင်းတယ်။ အဆိုပါဓာတ်ငွေ့တွေက အသီးတခုရဲ့ အသက်ရှုပေါက်တွေကို ပိတ်ဆို့စေလို့ ချက်ချင်းကြီးထွားမလာသေးဘူး၊ တနည်းအားဖြင့် ethylene အာနိသင်က ချကိချငိးမလာသေးပဲ နောက်မှ လာစေတယ်။ သစ်သီးတွေ ဈေးကွက်ဝင်အောင် ပို့ဆောင်တဲ့အခါ ဒီနည်းကို အသုံးပြုပါတယ်။ အမှည့်လွယ်အောင်လုပ်တဲ့ နည်းတခုကရှိတယ်။ သစ်သီးတွေကို သစ်သီးစင်တွေမှာ အထပ်လိုက် ထပ်ထားပြီး အောက်ကနေ သစ်သားမီးရှို့ပြီး ထွက်လာတဲ့ အငွေ့နဲ့ မှိုင်းတိုက်ကြတယ်။ အငွေ့ထဲမှာ ethylene နဲ့ acetylenes လို gases တွေပါတော့ အသီးတွေ မြန်မြန်မှည့်လာတယ်။ ethephon အရည်တမျိုးလည်း ရှိသေးတယ်။ ဒါလည်း ethylene gas ထုတ်ပေးတာပါပဲ။ 

သစိသီးတွေ အမှည့်လွယ်အောင် ပေးတဲ့နေရာမှာ အသုံးများဆုံးဆေး တခုရှိသေးတယ်။ calcium carbide ခေါ်ပါတယ်။ပုံမှန်သရက်သီးတလုံးဟာရင့်မှည့်ဖို့ ၂ပတ်လောက်ထိ အချိန်ယူရတယ်။ calcium carbide သုံးရင် အချိန်ကို ထက်ဝက်လောက် လျှော့ချနိုင်ပါတယ်။ ဆိုလိုချင်တာက နှစ်ပတ်စောင့်ရမယ့် အသီးတခုဟာ တပတ်ထဲနဲ့ ဈေးကွက်ဝင်သွားတယ်။ ယေဘုယျအားဖြင့် calcium carbide 20 grams ပမာဏလောက်က သရက်သီး အလုံး(၆၀)လောကိကို ရင့်မှည့်စေတယ်။

calcium carbide ဆိုတာ ဓာတုပစ္စည်းတမျိုးပဲ။ ရေ(သို့) အစိုဓာတ်နဲ့ထိတွေ့တဲ့အခါ acetylene gas ထွက်လာတယ်။ ဒီဂတ်စ်ဟာ သစ်သီးဝလံတွေထဲမှာ တွေ့ရတဲ့ သဘာဝပစ္စည်း ethylene gas နဲ့ အာနိသင်တူတယ်။  အာနိသင်တွေ တူညီပေမယ့် သဘောသဘာဝချင်း မတူညီပါ။ ပြဿနာက အဲဒီက စတာပဲ။ ethylene က လူတွေကို ဘေးဥပါဒ်မပေးပေမယ့် calcium carbide (CaC2) ထဲမှာ အာဆင်းနစ်နဲ့ ဖော့စ်စဖာရပ်ဓာတ်တွေကတော့ လူကို အကြီးအကျယ် ဒုက္ခပေးတယ်။ 

carbideက ထွက်လာတဲ့ free radical တွေဟာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာရှည်စားသုံးသူဟာ ပါးစပ်အနာ၊ အစာအိမ်နာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားဓာတ်မတဲ့တာတွေဖြစ်နိုင်တယ်။ တဖြည်းဖြည်းနဲ့ ခေါင်းကိုက်၊ ခေါင်းမူး၊ အသက်ရှုကျပ်၊သတိလစ်၊ သတိမေ့တတ်တာတွေ ဖြစ်လာနိုင်တယ်။ ပမာဏများရင် အဆုတ်ထဲရေဝင်တာဖြစ်မယ်။ ပိုဆိုးတာက ကင်ဆာရောဂါ၊နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုပါ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင် စားသုံးမိရင် ကလေးပျက်တာ၊ မွေးရာပါ ခြေလက်အင်္ဂါချို့တဲ့တာမျိုးထိ ဆက်ဖြစ်လာနိုင်တယ်။ဒါ့ကြောင့် နိုင်ငံအများစုမှာ ဒီဆေးကို တားမြစ်ထားတယ်။ တကယ်တော့ calcium carbide သုံးစွဲခြင်းဟာ ကျွန်တော်တို့ ထင်မှတ်ထားတာထက် အများကြီး ဒုက္ခဖြစ်စေတယ်။ 

ဒါ့ကြောင့် သစ်သီးမှန်သမျှ ရေသေချာဆေးပြီးမှ စားသင့်ပါတယ်။ဒီလိုဆေးလိုက်ခြင်းအားဖြင့် ဓာတုပစ္စည်း၊ ပိုးသတ်ဆေး စတာတွေကို ကင်းစင်သွားတယ်။ ဖယောင်းသုတ်တာ၊ ဆေးသုံးတာကိုလည်း ကာကွယ်ရာရောက်တယ်။  ရေဆေးတဲ့အခါ ရေပိုက်က တိုက်ရိုက်ကျတဲ့ရေနဲ့ဆေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

သစ်သီး မှည့်၊မမှည့် အပြင်ကစမ်းလို့ရတဲ့နည်းတွေရှိပါတယ်။  အရင်ဆုံး သစ်သီးအရောင်ကြည့်ပြီး ခွဲလို့ရတယ်။ ဆေးသုံးထားတဲ့ သစ်သီးတွေဟာ အရောင်မတူတာများတယ်။ အစိမ်းရောင်၊ အဝါရောင်ကွက်တွေ ဟိုနားတကွက် ဒီနားတကွက်တွေ့ရင် ဆေးသူံးတာဖြစ်ဖို့များတယ်။ အရောင်ကသာ ဝါနေပေမယ့် အရသာက ချိုနေတာမရှိဘူး။ အသားက ခြောကိသွေ့ပြီး အရည်ရွှမ်းတာ မရှိရင် ဆေးသုံးတာဖြစ်ဖို့များတယ်။ နောက်တနည်း ရှိသေးတယ်။ အိုင်အိုဒင်းအစက်ချတဲ့နည်းပါ။ သစ်သီးတခုရဲ့ အပေါ်မျက်နှာပြင်ကို အိုင်အိုဒင်း အစက်တစက်ချကြည့်ပါ။  အဝါရောင်ဆိုရင် မမှည့်သေးဘူး၊ စက္ကန့်နည်းနည်းကြာမှ မည်းသွားရင် မှည့်စပြုနေပြီ။ ချက်ချင်းမည်းသွားရင် မှည့်နေပြီလို့ သိနိုင်တယ်။ 

အကောင်းဆုံးနည်းတခုကို ပေးပါမယ်။ သစိသီးတခု ဝယ်ပြီးတိုင်း ဖလားတခုထဲ ရေစိမ်ထားကြည့်လိုက်ပါ။ သစ်သီးက အောက်ခြေထိ မြှုပ်သွားရင် သဘာဝအတိုင်း မှည့်တာဟုတ်တယ်။ အကယ်၍ ရေစိမ်ထားတဲ့ သစ်သီးဟာ ပေါလောပေါ်နေရင် သဘာဝအတိုင်းမှည့်တဲ့ သစ်သီးမျိုးမဟုတ်ဘူး။ ဆေးသုံးထားတာ ဖြစ်ပါတယ်။ ဒီလိုသစ်သီးမျိုးကို မစားသုံးသင့်ဘူး။ 

နည်းပညာ တိုးတက်လာပါပြီ။ သဘာဝနေရာမှာ အတုအယောင်တွေ ဖန်တီးလာကြတယ်။ အချိန်ကို ငွေကြေးနဲ့ စက်ပြီး တိုငိးတာတဲ့ခေတ်မို့ အရည်အသွေးနေရာမှာ အရေအတွက်ကို ဦးစားပေးလာတယ်။ quality control တွေ မရှိတော့ပါ။  ဈေးကွက်ထဲမှာ သစိသီးဝလံတွေကိုလည်း ဖောချင်းသောချင်းထုတ်လာကြတယ်။စီးပွားရေးတွက်ချေကိုက်တဲ့လမ်းကို လူတွေဦးစားပေးလာကြတယ်။ ရောဂါကို ငွေနဲ့စက်ပြီး ဝယ်ယူတဲ့ခေတ်လို့ပြောရင်လည်းမမှားပါ။ စီးပွားရေးရဲ့ တခြားတဖက်မှာ ပေးဆပ်လိုက်ရတာတွေကတော့ ကျန်းမာရေးဖြစ်တယ်။အကျိုးအမြတ်နဲ့ ရောဂါ ဘာကိုရွေးချယ်မလဲ။ သေချာတာတော့ ဒီနေ့ခတ်သစ်သီးတွေ စိတ်မချရတော့ပါ။  ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာပါပြီ။ အလားတူ စားသုံးသူတွေဖက်ကလည်း သတိထားဖို့သင့်ပါပြီ။ သစ်သီးတွေက တကယ်ရောကျန်းမာရေးနဲ့  ညီညွတ်ရဲ့လား၊ စားသုံးသင့်လား မေးခွန်းထုတ်ရမယ့်အချိန် ရောက်နေပြီဖြစိပါတယ်။

ဒေါက်တာအေးမင်းထူး
ရတနာပုံသတင်းစာ(၃၀.၁၁.၁၅)



No comments:

Post a Comment