Wednesday, October 15, 2014

ကလေးသူငယ်ဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုများ

လူတွေဟာ မွေးကင်းစအရွယ်ကစပြီး တဖြည်းဖြည်းကြီးထွား ဖွံ့ဖြိုးလာခဲ့ကြတယ်။ ဖွံ့ဖြိုးတယ်ဆိုတဲ့နေရာမှာ စိတ်ပိုင်း၊ရုပ်ပိုင်း တဖြည်းဖြည်းကြီးထွားလာတာကို ဆိုလိုပါတယ်။ မွေးကင်းစအရွယ် မှာ အော်တတ်၊ငိုတတ်၊နို့စို့တတ်တာက လွဲလို့ ဘာမှမသိနားမလည်သေးပါ။ ၁လသားအရွယ်ထိ မျက်လုံးဖွင့်တတ်၊ကြည့်တတ်ရုံကလွဲလို့ မိခင်ရင်ခွင်မှာလဲလှောင်းပြီး နို့စို့တတ်ရုံသာ ရှိသေးတယ်။ အနေအထား အခန့်မသင့်ရင် ငိုလိမ့်ဦးမယ်။ ရင်ခွင်ထဲကို ထွေးပွေ့ထားရင် ခေါင်းလှုပ်တတ်တယ်။ သေချာကြည့်ရင် လက်ချောင်းလေးတွေက လက်သီးစုပ်သလို အမြဲစုပ်ထားတတ်တာ သတိထားမိလိမ့်မယ်။ 

၃လသားအရွယ်
ခေါင်းထိန်းတတ်လာတယ်။ စက္ခုအာရုံဖွံ့ဖြိုးလာပြီး အရာဝတ္တုတွေကို လိုက်ကြည့်တတ်လာတယ်။ အာရုံကြောတွေ အားကောင်းလာပြီး လက်ထဲထည့်ပေးသမျှ စုပ်ကိုင်တတ်လာတယ်။ အကြားအာရုံလေးဖွံ့ဖြိုးလာတာနဲ့အမျှ မိခင်ရဲ့ ချော့သိပ်သံမှာ သာယာတတ်၊ခံစားတတ်လာတယ်။ သူနဲ့လက်ပွန်းတတီးရှိတဲ့ မိခင်ဖြစ်သူကို မှတ်မိလာပြီး ပြုံးတတ်ရယ်တတ်လာတဲ့အရွယ်လည်း ဖြစ်ပါတယ်။ 

၆လသား အရွယ်
ဝမ်းလျှားမှောက်တတ်လာတယ်။ မိဘအကူအညီနဲ့ ထိုင်တတ်၊မှီတတ်လာတယ်။ အသံစထွက်လာပြီး စူးစူးဝါးဝါးပြောတတ်လာတယ်။ ဒါ့ပြင် အသံကြားရင် လှည့်ကြည့်တတ်လာတယ်။ တနည်းအားဖြင့် ဦးခေါင်းပိုင်းလှုပ်ရှားမှု အားကောင်းလာတဲ့အရွယ်ဖြစ်တယ်။မြင်မြင်သမျှ အရာဝတ္တုတွေကို ပါးစပ်ထဲထည့်တတ်တဲ့အရွယ်ဖြစ်လို့ မိဘတွေ အထူးဂရုစိုက်သင့်တဲ့အရွယ်လည်း ဖြစ်ပါတယ်။ အိမ်မှာဒီလိုအသက်အရွယ်ရောက်ရင် ပတ်ဝန်းကျင်မှာ သေးငယ်တဲ့ အရာဝတ္တုတွေ၊ပစ္စည်းတွေ မထားသင့်ဘူး။ ပထမဆုံး ရှေ့သွားနှစ်ချောင်း စပေါက်လာပြီ ဖြစ်လို့ ဖြည့်စွက်စာ စကျွေးလို့ရတယ်။ ယေဘုယျအားဖြင့် ၆လသားအရွယ်ထိ တလကို တလက်မစီ ကြီးထွားလာကြတယ်။ 

၉လသားအရွယ်
လှုပ်ရှားမှုအနေနဲ့ တိုးတက်လာပါတယ်။လေးဖက်ထောက်ပြီး သွားတွားတတ်လာတယ်။ တွေ့သမျှ မြင်သမျှ လက်ညှိုးထိုးတတ်တဲ့ အရွယ်ဖြစ်တယ်။ အမူအရာ အနေနဲ့ လက်ပြနှုတ်ဆက်တတ်တယ်။ လက်ချင်းရိုက်တတ်လာတယ်။ ဖေဖေ၊မေမေ စတဲ့ သံတူစကားလုံးမျိုး ပြောတတ်လာတယ်။ တနည်းအားဖြင့် မိဘတွေ နှလုံးပီတိ ဂွမ်းဆီထိတဲ့ အသက်အရွယ်မျိုး ဖြစ်တယ်။ 

၁နှစ်သားအရွယ်
လှုပ်ရှားမှု အတိုးတက်ဆုံး အသက်အရွယ်ဖြစ်တယ်။ အမှီအခိုကင်းကင်းနဲ့ မတ်တပ်ရပ်လာနိုင်တယ်။ ဘေးမှာရှိတဲ့ ပစ္စည်းတခုခုကို ကိုင်ပြီး လမ်းလျှောက်တတ်လာတယ်။ အရာဝတ္တုတွေကို မြဲမြံအောင် ကောင်းကောင်း ဆုပ်ကိုင်နိုင်တဲ့အရွယ်ဖြစ်တယ်။ ရေခွက်ကို ကိုယ်တိုင် ကိုင်သောက်နိုင်တဲ့အရွယ်လည်း ဖြစ်တယ်။ ပြောတဲ့စကားလုံးတွေကို ဦးနှောက်က ကောင်းကောင်း ပုံဖ်ာပြီး နားလည်သဘောပေါက်နိုင်စွမ်းရှိလာပြီ။ ကိုယ့်ကို တခြားလူတွေ ခေါ်မှန်းသိတတ်လာပြီ။ လိုချင်တာတွေကို လက်ညှိုးထိုး ပူဆာတတ်တဲ့အရွယ်ဖြစ်လို့ မိဘတွေ ပိုက်ဆံများများဆောင်ထားသင့်တဲ့ အချိန်လို့ ပြောရင်လည်း မမှားပါ။ 

၁နှစ်ခွဲအရွယ်
လမ်းလျှောက်တတ်ရုံမက ပြေးတတ်လာခဲ့ပြီ။ ခုံမြင့်တွေပေါ် တွယ်တတ်တဲ့အပြင် လက်ကလည်း တောင်ခြစ်၊မြောက်ခြစ် ရေးခြစ်ချင်လာပြီ။ တနည်းအားဖြင့် ပန်းချီဗီဇ သန္ဓေတည်စ အရွယ်လို့ ဆိုရမလားပဲ။ စကားလုံး၊စကားစုတွေကို ပြောဆိုတတ်ပြီး လိုချင်တာမှန်သမျှကို လက်ညှိးထိုးခိုင်းတတ်တဲ့အရွယ်ဖြစ်လို့ မိဘတွေ အနေနဲ့ အလိုလိုက်ရမယ့်အရွယ် ဖြစ်တယ်။

၂နှစ်သားအရွယ်
ငယ်သွားတွေ စုံစုံလင်လင် ပေါက်လာတယ်။ ထမင်း၊ဟင်း ကောင်းကောင်းစားနိုင်တယ်။ မိမိဘာသာ အဝတ်ချွတ်တတ်တယ်။ ဒါပေမယ့် အဝတ်တော့ မဝတ်တတ်သေးပါ။ အရိုး၊ကြွက်သားတွေ ကောင်းကောင်းအလုပ်လုပ်လို့ လှေကားပေါ် တွယ်တက်နိုင်လာပြီ။ လက်နည်းနည်းငြိမ်လာတာကြောင့် မျဉ်းဖြောင့်၊မျဥိးကြောင်းတွေ စဆွဲတတ်လာတယ်။ လူနာမည်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါပြီ။ 

၃နှစ်သားအရွယ်
မိမိခြေထောက်ပေါ် ကောင်းကောင်းရပ်တည်နိုင်တဲ့ အရွယ်ဖြစ်တယ်။ တနည်းအားဖြင့် မိမိခြေထောက်ကို လိုသလို အသုံးချတတ်တဲ့ အရွယ်ဖြစ်တယ်။ လမ်းလျှောက်ရုံ၊ပြေးရုံမက လှေကားပေါ်ထိပါ တက်လာနိုင်တယ်။ နေ့ခင်း အိပ်ရာပေါ် သေးမပေါက်တော့တာကိုက လူကြီးဆန်လာတယ် ပြောရမယ်။ ထိန်းချုပ်နိုင်စွမ်း အားကောင်းလာတယ်။ စက်ဝိုင်းဆွဲတတ်လာတယ်။ နာမည်၊အသက်ကအစ မေးရင် စပြောတတ်လာတယ်။ 

၅နှစ်သားအရွယ်
ဘောလုံး ဖမ်းတတ်၊ကန်တတ်လာတယ်။ စကားကို ကြေကြေလည်လည် ပြောတတ်လာပြီး အပေါင်းအသင်းတွေနဲ့ မိတ်ဖွဲ့လာတတ်တယ်။ လူပုံတွေ၊တြိဂံပုံတွေ ဆွဲပြီး ပန်းချီဆရာပေါက်စ ဖြစ်မှန်းမသိဖြစ်တဲ့အရွယ် ဖြစ်တယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဖွံ့ဖြိုးမှုအရ ကျောင်းစာသင်လို့ရတဲ့ အရွယ်မျိုး ဖြစ်ပါတယ်။ ပြောသမျှကို ဦးနှောက်က မှတ်သားပြီး ပုံဖော်တတ်တဲ့ အရွယ်ဖြစ်တယ်။

၆နှစ်သားအရွယ်
အရာဝတ္တုတွေပေါ် တက်ခွစီးတတ်လာပြီ။ ဒီအရွယ်မှာ သုံးဘီးဆိုင်ကယ်၊စက်ဘီး စတာတွေ စီးချင်လာတယ်။ အရောင်ကာလာတွေကို ပုံတွေထဲကို ထည့်တတ်လာလို့ ဆေးရောင်ချယ် စာအုပ် ဝယ်ပေးသင့်တဲ့အရွယ်ဖြစ်တယ်။ စာတွေကို ရေးတတ်၊ကူးတတ်လာလို့ ကျောင်းထားသင့်တဲ့ အရွယ်ဖြစ်တယ်။ အရေအတွက်၊ကိန်းဂဏာန်းနဲ့ သချာင်္တွက်တတ်လာပြီ။ သူငယ်ချင်းတွေနဲ့ စတင်ပေါင်းသင်းလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ချင်လာတယ်။ ဒီအသက်အရွယ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် မိဘတွေက ပြုစုပျိုးထောင်ပေးရမှာဖြစ်လို့ အလေးထားဆောင်ရွက်သင့်တယ်။

၇-၁၀နှစ်သားအရွယ်
ခြေ၊လက် လှုပ်ရှားမှု မြန်ဆန်လာပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းလာနိုင်တာကြောင့် နှစ်ဘီးတည်းပါ စကိတ်၊စက်ဘီးစီးချင်လာတယ်။ ပဟေဠိဖွက်တာ၊ဂိမ်းကစားတာ ဝါသနာပါလာပြီဖြစ်သလို ကာတွန်း၊တီဗွီကြည့်ချင်လာတယ်။ ဂီတဆိုတာကို ခံစားတတ်လာတယ်။ စာတွေ ဖတ်တတ်လာပြီဖြစ်လို့ စာအုပ်စာပေနဲ့ စတင်ရင်းနှီးလာတယ်။ ဘဝမှာ သူရဲကောင်းတွေရှိလာပြီး ကိုးကွယ်ချင်တဲ့အရွယ်လည်း ဖြစ်ပါတယ်။ 

၁၀-၁၄နှစ်သားအရွယ်
လူပျို၊အပျို စဝင်တော့မယ့် အရွယ်ဖြစ်တယ်။ မိန်းကလေးတွေက ယောကျာင်္းလေးတွေထက် အပျိုဝင်တာ (၂)နှစ်လောက် ပိုစောတယ်။ ယေဘုယျအားဖြင့် မိန်းကလေးတွေက ၁၀-၁၂နှစ်အတွင်း အပျိုဝင်စဖြစ်ပြီး ယောကျာင်္းလေးတွေကတော့ ၁၂-၁၄နှစ်မှာ လူပျိုပေါက်စ ဖြစ်လာတယ်။ လူပျို၊အပျိုဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရုပ်ပိုင်းပြောင်းလဲမှုသာမက စိတ်ပိုင်းပြောင်းလဲမှုများစွာ ရှိလာတယ်။ အရပ်အမောင်း၊ကြီးထွားမှု ပြောင်းလဲမှုဆိုတာတွေလည်း သိသာလာတယ်။ အနံ့၊ထိတွေ့မှု၊အာရုံခံစားမှု ပိုလာတယ်။ ဆန့်ကျင်ဖက်လိင်တွေကို စိတ်ဝင်စားတတ်တဲ့ အရွယ်လည်း ဖြစ်တယ်။ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်လာတယ်။ တဖက်သားကို အားနာတတ်၊ရှက်တတ်လာတယ်။ တဖြည်းဖြည်းနဲ့ လူကြီးဆန်လာတယ်။ 

အထက်ပါ အချက်တွေဟာ မွေးကင်းစကနေ လူကြီးဖြစ်တဲ့အထိ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပါတယ်။ ကလေးငယ်တို့ရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်း ပြောင်းလဲခြင်းတွေကို  ကြိုတင်တွက်ဆနိုင်ခြင်းအားဖြင့် ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရာမှာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိတဲ့ ကလေးမျိုးကို ဆရာဝန်နဲ့ သေချာပြသပြီး ကြိုတင် ကုသနိုင်မှာလည်း ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၃.၁၀.၁၄)

No comments:

Post a Comment