Tuesday, December 16, 2014

ပင်လယ်ရေနှင့် ကျန်းမာရေး


ဆရာပင်လယ်ရေနဲ့ နေ့တိုင်းရေကူးလျှင် ဘယ်လို ကောင်းကျိုးဆိုးကျိုးများကို ရနိုင်ပါသလဲဆရာ

ရေကူးခြင်းဟာ ခန္ဓာကိုယ်တခုလုံး လှုပ်ရတဲ့လေ့ကျင့်ခန်း ဖြစ်တယ်။ ဒီလိုလှုပ်နေရတာကြောင့် သက်လုံကောင်းစေတယ်။ကြွက်သားတွေ သန်မာလာတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ရေကူးကန်မှာဖြစ်ဖြစ်၊မြစ်၊ချောင်း၊ပင်လယ်မှာဖြစ်ဖြစ် ရေကူးခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေးအကျိုးရလာဒ်တွေက အတူတူဘဲ ဖြစ်တယ်။ 

လက်တွေ့ကွာခြားသွားတာက ရေချိုနဲ့ ရေငန်ဖြစ်တယ်။ ပင်လယ်ရေငန်က အသားအရေ ပျက်ဆီးစေတယ်။ အသားရောင် မွဲခြောက်သွားစေတယ်။ ထပ်ပိုလာတာက ပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ အန္တရာယ်များမှု ဖြစ်တယ်။ပင်လယ်ထဲမှာရေကူးတဲ့အခါ အန္တရာယ်ပိုများတယ်။ တော်ရုံကျွမ်းကျင်မှုမျိုးနဲ့ မဖြစ်နိုင်ဘူး။ မကူးခင် အရင်ဆုံး သက်လုံကောင်းဖို့လိုတယ်။ လိမ္မာပါးနပ်ရမယ်။ ပင်လယ်ရဲ့ အထာကို ကောင်းကောင်းနားလည်နေသူဖြစ်ရမယ်။ ပင်လယ်ရေဟာ သိပ်သည်းဆများတာကြောင့် ဖော့ဂုဏ်ရှိပေမယ့် ကျွမ်းကျင်မှုမရှိရင် ဒုက္ခရောက်နိုင်တယ်။ ဒါ့ကြောင့် ကျွမ်းကျင်သူမဟုတ်ဘဲ ရေမကူးသင့်ဘူး။တခါတရံ သဘာဝဘေးအန္တရာယ်တွေနဲ့ ရုတ်တရက် ရင်ဆိုင်ရတတ်တယ်။ အခန့်မသင့်ရင် လှိုင်းတွေရဲ့ ရိုက်ပုတ်မှုကြောင့် ကျောရိုးဆစ်မ ထိခိုက်တာ မျိုး ရှိတတ်တယ်။ ရေငန်တွေ ပါးစပ်ထဲ ဝင်လာရင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တယ်။ ဒီထဲမှာ မသန့်ရှင်းတဲ့ ပိုးမွှားတွေက ကပ်ပါလာနိုင်တယ်။ ပင်လယ်ရေအပူချိန် အပြောင်းအလဲကလည်း ခန္ဓာကိုယ်ပေါ် သက်ရောက်မှုများတယ်။ ဂရုစိုက်ရမှာက နှလုံးရောဂါ၊အတက်ရောဂါ၊အဆုတ်ရောဂါအခံရှိသူတွေ ရေမကူးသင့်ဘူး။ ကြွက်တတ်တတ်သူတွေ ရေကူးတဲ့အခါ သတိထားရတယ်။ သုံးသပ်ရရင်  ပင်လယ်ထဲမှာ ရေကူးခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုး ကိုသာဖြစ်စေပါတယ်။ ရေကူးခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေးကောင်းကျိုးကတော့ အတူတူပဲဖြစ်လို့ စိတ်ချရတဲ့နေရာမျိုးမှာသာ ရေကူးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၁၄.၇.၁၄

No comments:

Post a Comment