Thursday, August 7, 2014

အရှေ့အလယ်ပိုင်း ကူးစက်ရောဂါ(သို့)မားစ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကမ္ဘာ့ရွာကြီးဖြစ်လာ ခဲ့သလို ရောဂါတွေကလည်း ပျံ့နှံ့လွယ်လာပါတယ်။ နယ်နမိတ် အပိုင်းအခြား၊အတားအဆီး ဘာမှမရှိတော့ဘူး။ ဒီနေ့ဒီနိုင်ငံမှာတွေ့တဲ့ရောဂါ တခုဟာ နောက်နေ့ တခြားနိုင်ငံတခုမှာ တွေ့နေရပြီ။၂၀၀၃ခုနှစ်က တရုတ်နိုင်ငံမှာ ဖြစ်တဲ့ ဆားစ်ရောဂါ(SARS)အပြီး ဆယ်စုနှစ်လောက်အကြာမှာ မားစ်ရောဂါ(MERS)ဆိုတာ ထပ်လာပြန်ပြီ။ ဆားစ်(SARS)တုန်းကလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ထိတ်လန့်တကြား ကြောက်ရွံ့တုန်လှုပ်ခဲ့ကြဖူးတယ်။ အခုလည်း ဆားစ်နဲ့ဆင်တူရိုးမား နာမည်ကော၊လက္ခဏာတွေပါတူတဲ့ မားစ်(MERS)နဲ့ ထပ်လာပါတယ်။

မားစ်ရောဂါ(MARS)
မားစ်ရောဂါ(MARS)ဆိုတာ Middle East Respiratory Syndromeရဲ့ အတိုကောက်ဖြစ်တယ်။ corona virus ဗိုင်းရပ်စ်အမျိုးအစားဖြစ်လို့ စတင်တွေ့ရှိခါစ ၂၀၁၂တုန်းက novel coronavirus လို့ခေါ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်းကျတော့ ရောဂါနာမည်နဲ့တွဲပြီး ဒီပိုးကို MERS-CoV လို့ ခေါ်ပါတယ်။ single-stranded RNAမျိုး ဖြစ်ပြီး အအေးမိ၊နှာစေးဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ပိုးအမျိုးအစားချင်းတူတယ်။ 

ရောဂါလက္ခဏာ
ရောဂါလက္ခဏာအများစုဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး  ၅-၁၀ရက်အတွင်း စတင်ပေါ်ပေါက်လာတယ်။ ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း၊နှာရည်ယိုခြင်း၊ခေါင်းကိုက်ခြင်းမျိုး ရှိတယ်။တကိုယ်လုံး ညောင်းညာပြီး ကိုက်ခဲနေတယ်။ လက္ခဏာရပ်တွေက သာမန်အအေးမိတုပ်ကွေးလိုဖြစ်ပေမယ့် သာမန်အအေးမိထက် ပိုမိုပြင်းထန်တယ်။ ရောဂါကူးစက်သူရဲ့ ၃ပုံ၁ပုံဟာ သေဆုံးတတ်တယ်။ 

ကူးစက်ခံရသူများ
ကူးစက်ခံရသူအများစုဟာ အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သူ သို့မဟုတ် ခရီးသွားရောက်ခဲ့သူများ ဖြစ်ကြပါတယ်။ ဒီထဲမှာ ကူးစက်ခံရသူရဲ့ ၂၀ရာခိုင်နှုန်းဟာ လက္ခဏာမခံစားကြရဘူး။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ(ဆော်ဒီအာရေးဗီးယား၊ဂျော်ဒန်၊ကာတာ၊ယူအေအီး)တွေကို အလည်အပတ်သွားရောက်ပြီး ၂ပတ်အတွင်း အအေးမိလက္ခဏာ(ဖျားခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှူမဝတာ)မျိုးရှိရင် ဆရာဝန်နဲ့ သေချာပြသသင့်တယ်။ အအေးမိရောဂါနဲ့ ဆင်တူရိုးမှားဖြစ်လို့ သေချာအောင် သလိပ်ကိုယူပြီး ဓာတ်ခွဲခန်းပို့ပြီး PCR နည်းပညာ အသုံးပြုပြီး စစ်ဆေးရပါတယ်။
လောလောဆယ်ချိန်ထိ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မားစ်ရောဂါကို ကာကွယ်ကုသနိုင်တဲ့ဆေးဝါးတွေ မရှိသေးပါဘူး။ ကူစက်ခံရရင် ရောဂါဝေဒနာတွေကို သက်သာစေဖို့ အဓိကထား ကုသရပါတယ်။ 

ဆော်ဒီကစတဲ့ ပြဿနာ
မားစ်ရောဂါဖြစ်တဲ့ ပထမဆုံးလူနာကို ဆော်ဒီအာရေးဗီးယားမှာ ၂၀၁၂ခုနှစ်မှာ စတင်တွေ့ရှိခဲ့တယ်။ ဆော်ဒီနိုင်ငံကတဆင့် ကူးစက်ပျံ့နှံ့လို့ "Saudi SARS"လို့တောင် တချို့ကင်ပွန်းတပ်တယ်။ ၂၀၁၂ စက်တင်ဘာလထဲမှာ ဆော်ဒီမှာပဲ နောက်ထပ်လူနာတယောက်ကို ထပ်တွေ့ပြန်တယ်။၂၀၁၄ဇွန်လထဲရောက်တော့ ဆော်ဒီနိုင်ငံမှာချည်း ရောဂါဖြစ်ပွားသူ ၆၀၀ကျော်အနက် လူ၂၀၀ကျော် သေဆုံးသွားခဲ့တယ်။ နာမည်က အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာဆိုပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်း ကျေးဇူးကြောင့် တခြားနိုင်ငံတွေမှာလည်း ဖြစ်လာပါတယ်။ ၂၀၁၄ ဇူလိုင်လထဲမှာ နယူးယော့ခ်တိုင်းမ်ရဲ့ စာရင်းဇယားတွေအရ နိုင်ငံပေါင်း ၂၀မှာ ရောဂါဖြစ်ပွားသူ ၈၀၀ကျော်အနက် လူနာ၂၈၀ခန့်ဟာ သေဆုံးခဲ့ပါတယ်။ ဒီထဲမှာ မားစ်ရောဂါသည်တွေကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံခဲ့ရတယ်။

ဆင့်ကဲပြောင်းလဲလာခြင်း
ရောဂါကူးစက်ပုံက ဆင့်ကဲပြောင်းလဲလာတယ်။ အရင်က တိရိစ္ဆာန်တွေကတဆင့် လူတွေကို ကူးစက်တယ်။ ၂၀၁၃မှာ ကာတာနိုင်ငံမှာ ကုလားအုပ်အချို့ကို သွေးနမူနာယူပြီး စစ်ကြည့်တဲ့အခါ MERS-CoV ရှိတာ တွေ့ရတယ်။ ၂၀၁၃ဒီဇင်ဘာမှာ ဆော်ဒီမှာရှိတဲ့ ကုလားအုပ်တွေကို စစ်ဆေးကြည့်တဲ့အခါ ၉၀ရာခိုင်နှုန်းမှာ ရောဂါပိုးရှိတာ တွေ့ခဲ့ရတယ်။ ကုလားအုပ်တွေကို ရောဂါဖြန့်ဝေပေးတဲ့ ဇစ်မြစ်ကို အရင်းစစ်ကြည့်တဲ့အခါ အီဂျစ်သင်္ချိုင်းက လင်းနို့တွေက ပင်မရောဂါသယ်ဆောင်သူတွေ ဖြစ်တာ တွေ့ရတယ်။ အဲဒီ လင်းနို့တွေကတဆင့် အိမ်နီးချင်းတိုင်းပြည်က ကုလားအုပ်တွေကို ကူးစက်တာ ဖြစ်တယ်လို့ အများစုက ယူဆကြတယ်။ တွေ့ရှိကာစ ၂၀၁၃လောက်တုန်းက လူကတဆင့် ကူးစက်ခံရဖို့ အခွင့်အလန်း အလွန်နည်းပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ခဲ့ဖူးတယ်။ ဒါပေမယ့် အချိန်က မျိုးဗီဇတွေကို ပြောင်းလဲနိုင်တယ်။ သိပ်မကြာခင်မှာပဲ ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းလဲလာတာကြောင့် လူလူချင်း ကူးစက်လာနိုင်ဖွယ်ရှိတယ်လို့ သတိပေးထားတယ်။ မားစ်ရောဂါဟာ ဆားစ်ရောဂါလို တကမ္ဘာလုံးကို ခြိမ်းခြောက်လာနိုင်တယ်လို့ WHOက သတိပေးခဲ့ရတယ်။ လက်ရှိအချိန်မှာ ဆော်ဒီအာရေးဗီးယား၊ကာတာ၊ဂျော်ဒန်၊အီဂျစ်၊ယူအေအီး၊ကူဝိတ်၊အိုမန်၊အယ်ဂျီးရီးယား၊ဘင်္ဂလားဒေရှ်၊မလေးရှားစတဲ့ နိုင်ငံတွေမှာ မားစ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိချက်တွေအရ လေထုထဲကနေ ကူးစက်ခံရနိုင်လို့ သတိထားဖို့ တိုက်တွန်းနှိုးဆော်ထားတယ်။


ကြိုတင်ကာကွယ်ခြင်း
-ကူးစက်ခံရသူအများစုဟာ တိရိစ္ဆာန်တွေကနေဖြစ်လို့ တိရိစ္ဆာန်တွေ ကိုင်တွယ်ပွတ်သပ်ခြင်း မလုပ်သင့်ပါ။
-တိရိစ္ဆာန်တွေကို ကိုင်တွယ်ပြီးရင် ဆပ်ပြာနှင့် လက်ကို သေချာဆေးပါ။ 
-ရောဂါရှိတယ်လို့ သံသယရှိသူနဲ့ အတူမနေသင့်ပါဘူး။ 
-ရောဂါရှိသူကို သီးသန့်အခန်းထဲမှာ ခွဲခြားထားရတယ်။ 
-မားစ်လူနာတွေကို စောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ personal protective equipment (PPE)အကာအကွယ်ပစ္စည်းမျိုး ဝတ်ဆင်ထားသင့်တယ်။
-ဖြစ်နိုင်ရင် လောလောဆယ် အရှေ့အလယ်ပိုင်း တိုင်းပြည်တွေကို အလည်အပတ် မသွားသင့်ဘူး။ 


ဒေါက်တာ အေးမင်းထူး
Health Care Journal(8.8.14)

1 comment:

  1. ဘယ်​နိုင်​ငံ​တွေမားစ်​​ရောဂါကူးစက်​ခံ​နေရပြီလဲဗျ။

    ReplyDelete