Tuesday, September 25, 2012

မီဒီယာနှင့် အနာ


                                   
   
   ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာနဲ့ အပတ်စဉ်ဆောင်းပါးတွေကိုတောင်
မနည်းအချိန်ပေးပြီး ရေးနေရတယ်။အခြားလုပ်ငန်းတချို့နဲ့
အလုပ်ရှုပ်နေတာပါ။အလုပ်ရှုပ်တယ်ဆိုတာလဲ ကိုယ်ကသိပ်ရှုပ်ချင်လို့
ရှုပ်တာမဟုတ်ပါဘူး။သူ့ဘာသာ လာရှုပ်နေတာ။ဒီရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့
မပတ်သက်တဲ့ ဥပဒေသင်တန်းတစ်ခု တက်ဖြစ်လိုက်တယ်။သင်တန်းဆင်းပြီဆိုတော့
သင်တန်းသားတွေစုပေါင်းပြီး အဖွဲ့လေးတစ်ဖွဲ့
ထောင်ကြမယ်။စုပေါင်းရှယ်ယာဝင်ကြပါဆိုတော့ ရှယ်ယာဝင်လိုက်တယ်။ဒါနဲ့
မပြီးသေးဘူး။အဖွဲ့အစည်းဖြစ်တဲ့အတွက် နာမည်လိုလာတယ်။နာမည်ရွေးကြမယ်ဆိုတော့
မိမိတို့ အဆင်ပြေမယ်ထင်တဲ့ နာမည်တစ်ခုကို တစ်ယောက်စီက တင်ပြကြပြီး


မဲစနစ်နဲ့ ရွေးကြတယ်။လူသုံးဆယ်လောက်မဲပေးကြတဲ့
အထဲမှာစာရေးသူတင်ပြလိုက်တဲ့ နာမည်ကမဲအပြတ်အသတ်နဲ့
အရွေးခံလိုက်ရတယ်။အဲဒီမှာ
စရှုပ်တာဘဲ။နောက်ဆက်တွဲအဖြစ်လိုဂိုအမှတ်တံဆိပ်အပြင် အခြားအရေးကြီးတဲ့
တာဝန်အချို့ကိုပါ လုပ်ဆောင်ပေးဖို့ တာဝန်ကျလာတယ်။ဒီတော့ ပေါက်တဲ့နဖူး
မထူးတော့ပါဘူးဆိုပြီး ဆက်လုပ်ရပြန်တယ်။သင်တန်းဆင်းပွဲလုပ်မယ်ဆိုတော့
မိမိတို့ဖွဲ့စည်းထားတဲ့ အဖွဲ့လေးပါ နာမည်ရပါစေဆိုပြီး မိတ်ဆက်ကြမယ်။intro
ဝင်မယ်ပေါ့။ဒါဆိုလည်း မီဒီယာတွေလည်း တပါးတည်းခေါ်မယ်ပေါ့။မန္တလေးဆိုတာ
သိတဲ့အတိုင်း မီဒီယာအင်အားက
ရန်ကုန်လောက်မများဘူး။မီဒီယာတွေနဲ့တွေ့ပြီဆိုတော့မှ
သြော်ဒီလိုတွေရှိပါလား ပိုမိုသိရတယ်။တချို့က ဟိတ်ကြီးဟန်ကြီး တွေနဲ့
ကြည့်လိုက်ရင် အယ်ဒီတာချုပ်ကြီးပေါ့။ဘေးလူပြောပြမှ


အရင်ကအယ်ဒီတာလုပ်ခဲ့ဘူးတယ်။အခုတော့ ဘာလုပ်နေလဲမသိဘူးတဲ့။တချို့ကြတော့လည်း
သတင်းထောက်ပီသတယ်။ပုဆိုးကို တိုတိုဝတ်ပြီး
လွယ်အိတ်တောင်ပါသေးတယ်။ဓာတ်ပုံရိုက်လိုက် စာရေးလိုက်။သူ့ဟာသူတော့
ဟုတ်နေတာပဲ။ဒီထဲမှာ အသက်ငယ်ငယ် သတင်းထောက်တွေလည်း တွေ့ရတော့
မီဒီယာကိုတော်တော်စိတ်ဝင်စားတာပါလားတွေးမိတယ်။စာရေးသူဘေးနားထိုင်နေတဲ့
သတင်းထောက်ကြတော့လည်း တော်တော်စည်းကမ်းရှိတာပဲ။သင်တန်းဆင်းပွဲလာတဲ့
ဧည့်သည်တွေကို အမှတ်တရလက်ဆောင်ပေးကြတော့ အဲဒီသတင်းထောက်က “ကျွန်တော်တို့
ဂျာနယ်က ဒါမျိုးလက်ခံခွင့် မပြုပါဘူး”ဆိုပြီး  ပြန်ပေးသွားတော့
ချီးကျူးမိပါတယ်။ဒီလိုလူမျိုးတွေ များလာလေ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍက
ပိုမိုပီပြင်လာမယ်ထင်တယ်။တချို့က ခပ်သုတ်သုတ်နဲ့။မေးကြည့်တော့
တခြားပွဲရှိသေးတယ် ဆိုပြီး ပြန်သွားတယ်။သတင်းထောက်လုပ်ရတာလဲ
မလွယ်ပါလား။စားကောင်းခြင်း မစားရ။ဟိုပြေးရ ဒီလွှားရနဲ့။ဒီကြားထဲ
သူတို့ယူတဲ့သတင်းတိုင်းက ပါချင်မှပါဦးမှာ။အယ်ဒီတာက
ဖြတ်လိုက်ရင်ပြီးပြီ။ဆီဖိုးကုန်တာပဲ အဖတ်တင်မှာ။ဒါတွေမြင်တော့
ဘေးကစာနယ်ဇင်းကို ပြောပြတော့ သူက“ဆရာတို့ကတော့ ဒါမျိုးတွေ
ဘယ်သိမှာလဲ။ဆောင်းပါးတွေဘဲရေးတဲ့ အဖြူထည်တွေကိုး”ဆိုပြီး
မှတ်ချက်ချတယ်။သူပြောတာလဲ
မမှားပါဘူး။လိုင်းချင်းမှမတူတာ။ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်တာ
အမှန်ဆုံးဘဲ မဟုတ်လား။ဒါက ကြုံလို့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို ပြောတာပါ။
`    အလုပ်တွေရှုပ်သလို ဆေးခန်းမှာ လူနာတွေကလည်း စိတ်ရှုပ်စရာတွေရောက်လာတော့
စိတ်ညစ်မိတယ်။သို့သော် အကောင်းဆုံးလုပ်ပေးရမှာ
ကိုယ့်တာဝန်ဘဲလေ။ဆင်ခြေပေးလို့မရဘူး။ထိခိုက်ဒဏ်ရာရတာ၊ကွဲတာ ပြဲတာ အပြင်
စက်နဲ့အကြိတ်ခံရတာတွေရော စုံနေတာပဲ။ချုပ်သင့်တဲ့ လူနာ
ချုပ်၊လွှဲသင့်တဲ့လူနာ လွှဲရတယ်။ဓာတ်မှန်ရိုက်သင့်တဲ့လူနာကျတော့
ဓာတ်မှန်သွားရိုက်ဖို့ စီစဉ်ပေးရတယ်။ခြောက်သင့်တဲ့ လူနာကျတော့လည်း
ခြောက်ရပြန်တယ်။တချို့လူနာတွေဟာ
တော်တော်လေးကိုပေါ့လျော့တာပဲ။လုံးဝမနေနိုင်တော့ဘူးဆိုမှပဲ
လာပြကြတော့တယ်။ဖြစ်တာ တလလောက်ဆိုရင် တပတ်လောက်ဆိုပြီး
လျော့ပေါ့ပြောကြတယ်။ဆရာဝန်ဆူမှာလဲကြောက်ကြသေးတယ်။ဖြစ်တဲ့အနာရဲ့
အခြေအနေကတော့ ဘယ်လိုမှ ဖုံးကွယ်လို့မရဘူး။တပတ်၊ဆယ်ရက်နဲ့
ဘယ်လိုမှဆိုးလာနိုင်စရာမရှိတဲ့ အနာကို တပတ်လောက်ပါဆိုပြီး
ညာပြောကြတယ်။ကျွန်တော်တို့ လူမျိုးတွေရဲ့ ထုံးစံကိုက
ဘာဖြစ်လို့ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ။အသိပညာ မရှိလို့လား။ဒါမှမဟုတ်
ပေါ့လျော့တာလား။ရောဂါဖြစ်တိုင်း ဆရာဝန်လာပြရမယ်လို့
မဆိုလိုပါဘူး။အနာတစ်ခုဖြစ်ရင်တော့ ဂရုစိုက်ဖို့ လိုပါတယ်။အနာတစ်ခုဖြစ်ရင်
ဘာလုပ်ရမယ် ဆိုတာလောက်တော့ idea
ရှိသင့်တယ်ထင်တယ်။ဆေးခန်းလာတဲ့လူနာတော်တော်များများကိုကြည့်လိုက်တော့
ဖြစ်တဲ့အနာက ဒီလောက်မကြီးဘူး။ဂရုမစိုက်ပဲ ပစ်ထားလိုက်တော့ ပိုဆိုးလာပြီး
အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ ပေါက်ရသလို
ဖြစ်သွားရော။နောက်ဆက်တွဲတွေဖြစ်လာရင် သောက်ဆေးနဲ့မရတော့ဘူး။ပြည်တည်နာ
သိပ်ကြီးလာရင်ဘဲဖြစ်ဖြစ်၊ပြည်က အလုံပိတ်နေရင်ဘဲဖြစ်ဖြစ်
ပဋိဇီဝသောက်ဆေးလောက်နဲ့ မရတော့ဘူး။ခွဲဖို့လိုလာပြီ။ဖြစ်တဲ့အနာကိုခွဲပြီး
ပြည်ထုတ်မှ ဆေးကအထဲကိုရောက်တာ။နောက်တချက်က
လူနာရဲ့ကံပေါ့။တချို့ကမခွဲချင်ဘူး။မခွဲဘဲနဲ့ အကောင်းဆုံးလုပ်ပေးပါ
ဆိုပြီးတောင်းဆိုကြတာလဲရှိတယ်။ပျောက်ဖို့ရာခိုင်နှုန်းက ၅၀-၅၀ဘဲ။ဒါပေမယ့်
ဆရာဝန်ခိုင်းတဲ့ အတိုင်းအတိအကျလိုက်နာပြီးကောင်းသွားတာမျိုးလည်း
ရှိပါတယ်။ပြန်ခေါ်တဲ့အချိန် မှန်မှန်လာပြတယ်။သောက်ခိုင်းတဲ့ဆေးလည်း
မှန်မှန်သောက်တယ်။တလအတွင်း ခွဲရမယ့်အနာက
လုံးဝပျောက်သွားတယ်။ဒီလိုကိစ္စမျိုးကျ ဆရာဝန်သိပ်တော်လွန်းလို့လည်း
မဟုတ်ပါဘူး။လူနာရဲ့ကံအပြင် ဝီရိယပါ ပါလာပြီ။ရောဂါတခုပျောက်ကင်းဖို့
ကံလည်းတော်တော် အရေးကြီးတာပဲ။အသက်ကို ဥာဏ်စောင့်ဆိုတဲ့စကားက
တကယ်မှန်တာပဲ။ဘာမှမဟုတ်တဲ့ အနာလေးတခုက အသက်ကိုတောင် ရန်ရှာတတ်တယ်ဆိုတာ
သတိမထားမိကြဘူး။ဆီးချိုရှိသူတွေ၊အသက်ကြီးသူတွေ
ပိုမိုသတိထားသင့်တယ်။အနာလေးပဲဆိုပြီး ပေါ့ပေါ့မနေဘဲ
အမြန်ဆုံးပျောက်ကင်းအောင် ကုသသင့်ပါတယ်။နောက်ဆုံး စောစောကုလို့
မသက်သာဘူးဆိုရင်တောင်မှ ကိုယ့်မှာရွေးချယ်ဖို့ အချိန်တွေ
အများကြီးကျန်သေးတယ်။ကုသမှုပိုင်းကို
ကိုယ့်ဘာသာရွေးချယ်လို့ရသေးတယ်။သိပ်နောက်ကျမှဆိုရင်တော့ ကုသမှုကို ဆရာဝန်က
ရွေးချယ်သလို ဖြစ်သွားလိမ့်မယ်။ရိုးရိုးအနာလား၊ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့အနာလားဆိုတာ
ဆုံးဖြတ်တတ်ဖို့ ပါ လိုလာလိမ့်မယ်။အနာက သိပ်ကြီးပြီး
သွေးတွေအများကြီးထွက်နေတယ်၊ သတိပါလစ်သွားတယ်ဆိုရင်တော့
နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပြဖို့
လိုပါတယ်။သာမန်ထိခိုက်မိတဲ့ အနာတွေဆိုရင်ဘာလုပ်မလဲ။အနဲဆုံး
ပိုးမဝင်အောင်တော့ ထားသင့်ပါတယ်။အောက်မှာ ထိခိုက်ဒဏ်ရာရလျင်
လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ဒဏ်ရာရလျှင်ရှေးဦးစွာ အနာပေါ်သို့ ရေလောင်းပြီး ဆေးကြောပါ။
၂။အနာ၏ဘေးပတ်လည်ကို အရက်ပြန်ဂွမ်းဖြင့် သန့်စင်ပါ။(အနာထဲသို့
အရက်ပြန်တိုက်ရိုက်ထည့်ခြင်းမျိုး ရှောင်ကြဉ်ပါ။)
၃။Betadine(သို့)  Septidine ဆေးဝါရည်ဖြင့် အနာပေါ်သို့ လောင်းပြီး
သန့်စင်သောဂွမ်းဖြင့်ပွတ်ပေးပါ။
၎။သန့်စင်သော ပတ်တီးစ (သို့) ပလာစတာကပ်ပြီး သန့်ရှင်းအောင်ထားပါ။
၅။အနာကို နေ့စဉ်ပုံမှန် ဆေးထည့်ခြင်း၊ပတ်တီးလဲခြင်းတို့ ပြုလုပ်သင့်သည်။
၆။သောက်သုံးသင့်သည့် ပဋိဇီဝဆေးများမှာ Amoxicillin (or) Ampiclox (or)
Flumox (or) cephalexin စသည်တို့်ဖြစ်ကြပြီး ကြိုက်နှစ်သက်ရာ
ဆေးတမျိုးကို ရွေးချယ်သောက်သုံးသင့်သည်။
၇။Metronidazole (or) Tinidazole (or) Ornidazole တို့အနက် ဆေးတမျိုးကို
ထည့်သွင်းသောက်သုံးသင့်သည်။
၈။ပဋိဇီဝပိုးသတ်ဆေးများကို အနည်းဆုံး ၅ရက်ခန့် သောက်သုံးသင့်သည်။
၉။နာကျင်ကိုက်ခဲပါက Paracetamol (or) Ibuprofen (or) နှစ်မျိုးပေါင်းကို
သောက်သုံးနိုင်သည်။
၁၀။တပတ်အတွင်း အနာမသက်သာပါက ဆရာဝန်နှင့် ပြသရမည်။
ထိခိုက်ဒဏ်ရာရသူတိုင်း အထက်ပါအချက်များကို အမှန်တကယ်လိုက်နာ နိုင်ကြပါစေ။


ဒေါက်တာ အေးမင်းထူး